မိခင်လောင်း မေမေတိုင်းဟာ မကြာခင်မွေးဖွားလာမယ့် မိမိရဲ့ ရင်သွေးလေးကို ကျန်းမာပြီး ရောဂါကင်းစင်စေချင်ကြတာချည်းပါပဲ။ ဒါကြောင့် ယခုဆောင်းပါးမှာ ကိုယ်ဝန်ဆောင်ချိန်မှာ လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေက မိခင်မှရင်သွေးကို ဘယ်လိုမျိုး ကူးစက်တတ် သလဲဆိုတာကို ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။
(၁) HIV ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ခုခံအားကျဆင်းမှု အေအိုင်ဒီအက်စ်ရောဂါ။ ။ တိုးတက်လာတဲ့ ယနေ့ခေတ်ကြီးမှာ ဆေးဝါးတွေ ပေါ်ပေါက်လာပြီဖြစ်လို့ ကံကောင်း တယ်လို့ ဆိုရမှာပါပဲ။ မိခင်မှာ HIV ပိုးရှိသည့်တိုင် ရင်သွေးကို မကူးစက်အောင်၊ ကူးစက်နှုန်း နည်းပါးအောင် သောက်လို့ရတဲ့ ဆေးတွေရှိနေပါပြီ။ သို့သော်လည်း ရောဂါပိုးရဲ့ အခြေအနေပေါ်မူတည်ပြီး ကူးစက်မှုတော့ ရှိနိုင်ပါသေးတယ်။ မိခင်တစ်ဦးမှာ HIV ပိုးရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ကာ ကိုယ်ဝန်ဆောင်စဉ်ကာလမှ အစပြုပြီး မိမိရဲ့ရင်သွေးလေးထံ ရောဂါပိုး ပါမသွားလေအောင် ဂရုတစိုက် ဆေးကုသမှု ခံယူသင့်ပါတယ်။
(၂) ရေယုန်။ ။ ရေယုန်ရောဂါဟာ ကိုယ်ဝန်ဆောင်စဉ်မှာတော့ ပြဿနာမရှိနိုင်ပေမဲ့ မျိုးပွားအင်္ဂါမှာ စုဝေးပေါက်ရောက်နေတဲ့ ရေယုန်ရောဂါ အနာတွေကတစ်ဆင့် မီးဖွားစဉ်မှာ ကလေးကို ကူးစက်သွားနိုင်ပါတယ်။ ဒါကြောင့် ရေယုန်ဗိုင်းရပ်စ်ရှိတဲ့ မိခင်တွေဟာ ဗိုက်ခွဲပြီး ကလေးမွေးဖွားသင့်ပါတယ်။ ဗိုက်ခွဲလိုက်တဲ့အခါ မိန်းမကိုယ်ကို မဖြတ်သန်းရတာကြောင့် ရောဂါပိုး မကူးစက်နိုင်တော့ပါဘူး။
(၃) ဆီးပူညောင်းကျရောဂါ။ ။ ဆီးပူညောင်းကျရောဂါဟာလည်း အဖြစ်များတဲ့ လိင်မှ တဆင့်ကူးစက်တဲ့ ရောဂါပါပဲ။ ကိုယ်ဝန်ဆောင်သူတစ်ယောက်ဟာ ဆီးပူညောင်းကျ ရောဂါရှိခဲ့ပါက မိန်းမကိုယ်မှ အဖြူဆင်းခြင်း၊ ဆီးသွားစဉ် ပူလောင်ခြင်း၊ ဗိုက်နာခြင်း လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ ရောဂါပိုးကို မကုသပါက ကိုယ်ဝန်ပျက်ကျခြင်းနဲ့ လမစေ့ဘဲ ကလေးမွေးဖွားခြင်းတွေ ကြုံရတတ်ပါတယ်။မိခင်မှာ ဆီးပူညောင်းကျရောဂါပိုး ရှိပါက မွေးလာမယ့် ကလေးမှာ အမြင်အာရုံ ဆုံးရှုံးခြင်း၊ အဆစ်အမြစ်ရောဂါပိုးဝင်ခြင်းနဲ့ အသက်အန္တရာယ် စိုးရိမ်ရနိုင်တဲ့ သွေးဆိုင်ရာရောဂါတွေ ဖြစ်လာတတ်ပါတယ်။
(၄) HPV ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ လိင်အင်္ဂါကြွက်နို့။ ။ ဒါဟာလည်းအဖြစ်များတဲ့ ရောဂါပါပဲ။ လိင်အင်္ဂါကြွက်နို့ဆိုတာ ပန်းပွင့်ပုံစံငယ် အစုအဝေးလေးတွေ လိင်အင်္ဂါမှာ ပေါ်ပေါက်လာခြင်းပါ။ နာကျင်ပြီး ပူလောင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်လာတဲ့ ဟော်မုန်းတွေကြောင့် ဒီအနာလေးတွေဟာ အရွယ်အစားကြီးလာပြီး မွေးလမ်းကြောင်းကို သွားရောက်ပိတ်ဆို့တာကြောင့် ဗိုက်ခွဲပြီး မွေးလိုက်ရနိုင်ပါတယ်။
(၅) ကလာမိုင်းဒီးယားရောဂါ။ ။ Chlamydia ရောဂါဟာလည်း ကိုယ်ဝန်ပျက်ခြင်းနဲ့ လမစေ့ဘဲ ကလေးမွေးဖွားခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကလမိုင်းဒီးယားရောဂါပိုး ကူးစက်ခံရသူ မွေးကင်းစကလေးလေးဟာ မျက်လုံးမှာ ရောဂါပိုးဝင်ခြင်းနဲ့ နမိုးနီးယား အဆုတ်ရောင်ရောဂါကို ခံစားရနိုင်ချေရှိပါတယ်။
(၆) ကာလသားရောဂါ။ ။ ကာလသားရောဂါကို သွေးစစ်လို့ရတဲ့ အဖြေတွေနဲ့ သိနိုင် သလို အရေပြားပြောင်းလဲမှုတွေကြောင့်လည်း သိနိုင်ပါတယ်။ အချို့ကလည်း အနာကြီး ရောဂါလို့ ခေါ်ကြပါတယ်။ ကာလသားရောဂါဟာ ကိုယ်ဝန်ဆောင်မိခင်ကနေ ကလေးကို ကူးစက်နိုင်ဖို့ အခွင့်အလမ်းအလွန်များသလို အလွယ်တကူလည်း ကူးစက်နိုင်ပါတယ်။ ကူးစက်ခံရသူကလေးဟာလည်း အခြေအနေပြင်းထန်နိုင်ပြီး သေတဲ့အထိ ဖြစ်နိုင်ပါတယ်။ တခါတရံမှာ လမစေ့ဘဲ မွေးလာတတ်ပါတယ်။ ဦးနှောက်၊ မျက်လုံး၊ နား၊ နှလုံး၊ အရေပြား၊ သွားနဲ့ အရိုးပြဿနာတွေလည်း ကလေးမှာ ရှိတတ်ပါတယ်။
(၇) အသည်းရောင်အသားဝါဘီပိုး။ ။ အသည်းရောင်အသားဝါဘီပိုးဟာ အသည်းကို ကူးစက်တဲ့ ဗိုင်းရပ်စ်ပိုးပါ။ ဗိုင်းရပ်စ်ဟာ အချင်းကို ဖြတ်နိုင်ချေ ၄၀ ရာခိုင်နှုန်းရှိတာမို့ မိခင်ကနေ ကလေးကို ကူးစက်နိုင်ပါတယ်။ ကူးစက်ခံရသူကလေးဟာ အသည်းရောင်အသားဝါဘီပိုး သယ်ဆောင်သူဖြစ်လာပြီး အသည်းရောဂါခံစားရကာ သေသည်အထိ ဖြစ်နိုင်ပါတယ်။ စောစီးစွာကိုယ်ဝန်အပ်ထားပြီး ပိုးရှိကြောင်း သိရှိပါက ကာကွယ်ဆေးထိုးကာ ကူးစက်မှုကို ကာကွယ်နိုင်ပါတယ်။ မွေးကင်းစကလေးတွေကိုလည်း မိခင်ကနေ ရောဂါပိုးမကူးစက်အောင် မွေးမွေးပြီးချင်းမှစကာ ကာကွယ်နိုင်တဲ့ ဆေးဝါးတွေလည်း ရှိနေပါသေးတယ်။
(၈) Trichomoniasis ကပ်ပါးကောင်ကြောင့် ဖြစ်တဲ့ရောဂါ။ ။ ဒီရောဂါခံစားရပါက မိန်းမကိုယ်ကနေ စိမ်းဝါရောင်အရည်တွေ ဆင်းပြီး လိင်ဆက်ဆံတဲ့အခါနဲ့ ဆီးသွားတဲ့အခါ နာကျင်ခြင်းတွေ ခံစားရတတ်ပါတယ်။ နေ့မစေ့လမစေ့ဘဲ ကလေး မွေးဖွားတတ်ပါတယ်။ မီးဖွားနေစဉ်မှာ ကူးစက်တတ်ပေမဲ့ ကူးစက်ဖို့ရာခိုင်နှုန်းတော့ နည်းပါးပါတယ်။
မိခင်လောင်းတွေအနေနဲ့ ကျန်းမာတဲ့ ကလေးလေးကို ပိုင်ဆိုင်ချင်ရင်တော့ ကိုယ်ဝန်စောစောအပ်ကာ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ပြုမူနေထိုင်ဆောင်ရွက်သင့်တယ်လို့ အကြံပေးလိုက်ရပါတယ်။
ချစ်စရာကောင်းတဲ့ ရင်သွေးလေးကို ပိုင်ဆိုင်နိုင်ပါစေ။
ရေးသားသူ-ဒေါက်တာမှူးခင်