brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင်မေမေ နဂါးမောက်သီးစားလို့ရလား

နဂါးမောက်သီးတွေပေါ်ချိန်မို့ စားချင်ပေမယ့် ကိုယ်ဝန်ဆောင်ထားရတာမို့ စားချင်ပေမယ့် စားလို့ရ၊ မရ မသေမချာဖြစ်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

ကိုယ်ဝန်ဆောင်မေမေ နဂါးမောက်သီးစားလို့ရလား

ကိုယ်ဝန်ဆောင်ချိန်မှာ နဂါးမောက်သီးစားလို့ရလား………

ကိုယ်ဝန်ဆောင်နေချိန်မှာ နဂါးမောက်သီး စားလို့ရလားဆိုတော့ စားလို့ရပါတယ်နော်။ ကိုယ်ဝန်ဆောင်နေချိန်မှာ နဂါးမောက်သီး စားချင်တဲ့စိတ်ဖြစ်လာရင် စားသာစားလိုက်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ နဂါးမောက်သီးစားသုံးတာက မေမေရော ဘေဘီလေးအတွက်ပါ ကောင်းကျိုးများပါတယ်။ ဒါပေမယ့် တန်ဆေး လွန်ဘေးဆိုတာကိုတော့ မမေ့ပါနဲ့။ အလွန်အကျွံစားသုံးတာမျိုးမလုပ်ဖို့တော့ သတိပေးပါရစေ။

ကိုယ်ဝန်ဆောင်မေမေ နဂါးမောက်သီးစားတာက ဘယ်လို အကျိုးကျေးဇူးတွေရနိုင်လဲ…………….

ကိုယ်ဝန်ဆောင်ထားရချိန်မှာ နဂါးမောက်သီးစားပေးမယ်ဆိုရင်

မွေးရာပါချို့ယွင်းမှုမဖြစ်အောင် ကာကွယ်ပေးတယ်

နဂါးမောက်သီးမှာဖောလိတ်လိုမျိုး ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ ဓာတ်တစ်မျိုးပြည့်ပြည့်ဝဝပါဝင်နေတာကြောင့် ဘေဘီလေးမှာ မွေးရာပါချို့ယွင်းချက်ပါမလာအောင် ကာကွယ်ပေးနိုင်ပါတယ်။နောက်တစ်ချက်က နဂါးမောက်သီးမှာ ဗီတာမင် B1၊ B2၊ B3 နဲ့ ဗီတာမင် C နဲ့ အခြား ဗီတာမင်တွေပါဝင်နေတာကြောင့် မေမေ့ကို ကျန်းမာစေနိုင်သလို ဗိုက်ထဲကဘေဘီလေး ကြီးထွားဖွံ့ဖြိုးမှုအတွက်လည်း အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။

အရိုးတွေကြံ့ခိုင်သန်စွမ်းစေနိုင်တယ်

နဂါးမောက်သီးမှာ ကယ်လ်ဆီယမ်ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ကာလမှာအရိုးနဲ့ သွားတွေ ကြံ့ခိုင်သန်စွမ်းစေဖို့အထောက်အကူပြုပေးသလိုမွေးမလာသေးတဲ့ဘေဘီလေးရဲ့ အရိုးတွေ ဖွံ့ဖြိုးမှုအတွက်လည်း အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။

သွေးအားနည်းရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်

နဂါးမောက်သီးမှာ သံဓာတ်နဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ သံဓာတ်ချို့တဲ့မှုကြောင့်သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဝမ်းမချုပ်အောင် ကာကွယ်ပေးနိုင်ပါတယ်

နဂါးမောက်သီးမှာပါတဲ့ အမျှင်ဓာတ်က အစာကြေစေနိုင်ပြီး အူတွေရဲ့လှုပ်ရှားမှုကိုကောင်းစေနိုင်သလို ဝမ်းမှန်စေဖို့အထောက်အပံ့ပေးနိုင်ပါတယ် ကိုယ်ဝန်ဆောင်ကာလ ဝမ်းချုပ်တာကြောင့်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲပြဿနာတွေကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အစာခြေစနစ်ပြဿနာတွေကို ကာကွယ်ပေးပြီး အစာခြေစနစ်ကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

ရောဂါပိုးတွေကူးစက်ခံရမှုကနေ ကာကွယ်ပေးပါတယ်

အရသာရှိတဲ့ နဂါးမောက်သီးမှာ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိနေတာကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေ ကူးစက်ခံရမှုကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဆဲလ်အသစ်တွေဖြစ်ပေါ်စေမှုကြောင့် ထိခိုက်မှုတွေကို အမြန်ဆုံး သက်သာစေနိုင်ပါတယ်။

ကိုယ်ခံအားကောင်းစေတယ်

နဂါးမောက်သီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတာကြောင့် ဖျားနာမှုကင်းစေပြီး ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာဆေးသောက်ဖို့အဆင်မပြေတာကြောင့် ဖျားနာတဲ့အခါ ခံစားရခက်တာမျိုး မဖြစ်စေဖို့ နဂါးမောက်သီးစားရင်း ကိုယ်ခံအားကို အားဖြည့်နိုင်ပါတယ်။

ဒါ့အပြင်နဂါးမောက်သီးက ကင်ဆာကာကွယ်ပေးနိုင်သလို၊ အကျိုးပြုအဆီဓာတ်ကိုလည်းရရှိစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးပေးမယ်ဆိုရင်မေမေရောဘေဘီလေးကိုပါကျန်းမာစေနိုင်တာကြောင့် စားသုံးပေးသင့်တဲ့ အသီးတစ်မျိုးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။