brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင်နှင့်ခန္ဓါကိုယ်ကျန်းမာကြံ့ခိုင်ရေး - ဆောင်ရန်ရှောင်ရန်များ

လေ့ကျင့်ခန်းဆိုရင် ဖြည်းဖြည်းပြေးတာကစလို့ တောင်တက်တာအထိ ဘယ်ဟာမဆို သင့်ကျန်းမာရေးအတွက် ကြိုက်ရာလုပ်လို့ရပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာတော့ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ဘာတွေသတိထားရမယ်ဆိုတာတော့ သိထားသင့်တယ်။

ကိုယ်ဝန်ဆောင်နှင့်ခန္ဓါကိုယ်ကျန်းမာကြံ့ခိုင်ရေး - ဆောင်ရန်ရှောင်ရန်များ

လ့ကျင့်ခန်းလုပ်ခြင်း ကောင်းကျိုးများ

ကိုယ်ဝန်မဆောင်ခင်ကတည်းက လေ့ကျင့်ခန်းလုပ်ကျင့်ရှိထားခြင်းဟာ ကိုယ်ဝန်ဆောင်ချိန်မှာ သက်သာစေမှာပါ။ လေ့ကျင့်ခန်းတွေဟာ သက်လုံကောင်းစေတဲ့အတွက် မီးဖွားရာမှာလည်း ပိုခံနိုင်ရည်ရှိစေပါတယ်။ ပြီးတော့ ကလေးမွေးပြီးချိန်မှာလည်း ဝိတ်ပြန်လျှော့ဖို့လွယ်ကူနိုင်တာပေါ့။ ကိုယ်အလေးချိန်များတာကြောင့်ကလေးရနိုင်ချေနည်းသူများ၊ သို့မဟုတ် သားဥအိမ် ရေအိတ်များတည်ခြင်း (polycystic ovarian syndrome) ကြောင့် ကလေးရနိုင်ချေနည်းသူများ အတွက်လည်းလေ့ကျင့်ခန်းလုပ်ခြင်းက ကယ်တင်ရှင်ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ခြင်းကို အကျိုးပြုစေမယ့် လေ့ကျင့်ခန်းတွေအတွက် အစီအစဉ်တစ်ခုဆွဲဖို့ နှောင့်နှေးမနေပါနဲ့။

ချက်ခြင်းစတင်ပါ

အမျိုးသမီးအများစုက ကိုယ်ဝန်စရှိချိန်ကတည်းက ခန္ဓါကိုယ်ကျန်းမာသန်စွမ်းဖို့အတွက်အစီအစဉ်တွေ ရှိတတ်ကြပေမယ့် သန္ဓေသားလေး စတင်ဖွံ့ဖြိုးတဲ့ရက်တွေမှာကတည်းကစပြီး ခန္တာကိုယ်အချိုးအစားကျအောင် အားထုတ်သင့်မသင့်ကတော့ စဉ်းစားစရာ အကျပ်အတည်းတစ်ခုဖြစ်နေပြန်ပါတယ်။ မိခင်ကျန်းမာရေးက မမွေးသေးတဲ့ကလေးငယ်ရဲ့ ကျန်းမာရေးနဲ့ ဆက်သွယ်နေတာပါ၊ ဒါကြောင့် စောလေ၊ ကောင်းလေပါပဲ။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ခြင်းကိုခုကတည်းက ကျင့်သားရသွားပြီဆိုရင် ကိုယ်ဝန်ဆောင်ကာလတလျှောက် ကလေးတဖြေးဖြေးကြီးထွားလာပြီး လရင့်လာတဲ့အချိန်တွေမှာလည်း လွယ်ကူသွားပါလိမ့်မယ်။

အရန် အစီအစဉ် များ စဉ်းစားထားပါ

နှစ်သက်ရာလှုပ်ရှားမှုတိုင်းကိုထည့်သွင်းစဉ်းစားထားပါ။ ဒါမှ တစ်ခုအဆင်မပြေတဲ့အခါ နောက်ထပ်အစီအစဉ်တစ်ခုကအဆင်သင့်ရှိနေမှာဖြစ်ပါတယ်။ ဥပမာ မိုးရွာလို့လမ်းလျှောက်ဖို့မဖြစ်နိုင်တဲ့ နေ့တွေအတွက် ယောဂကျင့်တာမျိုးပေါ့။

ရေကူးတာကိုတော့ အကောင်းဆုံးအဖြစ် အကြံပေးကြပါတယ်။ အန္တရာယ်နည်းတဲ့အပြင် ကိုယ်ဝန်ရဲ့ဝန်ထုပ်ဝန်ပိုးတချို့ကိုပါ လျှော့ချပေးနိုင်ပါတယ်။ ရေထဲမှာဆိုရင် မိခင်လောင်းတွေရဲ့ အလေးချိန်တချို့လျော့နေတတ်တာကြောင့်ပါ။

ခန္ဓါကိုယ် ဗဟိုချက်ခိုင်မာပါစေ

ကလေးလေးကြီးထွားလာနဲ့အမျှ သင့်ဝမ်းဗိုက် နဲ့ အတူရင်သားအစုံဟာလည်း ဖွံ့ထွားလာပါတယ်။ ဒါဟာသင့်ခန္ဓါကိုယ်ရဲ့ဗဟိုချက်ကို အနည်းငယ်ရွေ့ သွားစေတဲ့အတွက် ခန္ဓါကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေကို ဝန်ပိလာပါတယ်။ ဒါကြောင့် သင့်ဗဟိုချက်ကို တည်မြဲအောင်လုပ်ထားနိုင်ဖို့အရေးကြီးပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဝမ်းဗိုက်နဲ့ ကျောကြွက်သားတွေ တောင့်တင်းတဲ့အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာခြင်းသိပ်ခံစားရလေ့မရှိဘူးလို့ ဆိုကြပါတယ်။ ခန္ဓါကိုယ်ဗဟိုချက် တောင့်တင်းစေခြင်းက ကိုယ်ဝန်သည်တွေအတွက်အရေးကြီးတဲ့ လှုပ်ရှားမှုဟန်ချက်တွေနဲ့ ကိုယ်နေဟန်ထားကိုပါ ကောင်းမွန်စေပါတယ်။

ဝိတ်လျှော့ဖို့ကနောက်မှပါ။

ကိုယ်ဝန်ဆောင်ချိန်ကိုယ်ဝန်ကို ကောင်းကောင်းစောင့်ရှောက်ဖို့ လေ့ကျင့်ခန်းတွေလုပ်နေတဲ့အခါ ကိုယ်အလေးချိန်ကျဖို့က သင့်ဦးတည်ချက်မဖြစ်သင့်ပါဘူး။ လေ့ကျင့်ခန်းနဲ့အတူ မျှတပြီးအာဟာရပြည့်ဝတဲ့အစားအစာတွေ စားပေးရပါမယ်။ ကလေးကိုအာဟာရပြည့်စေဖို့က သင့်မှာလုံလောက်မျှတတဲ့ အာဟာရပြည့်ဝနေဖို့လိုပါတယ်။

ပြင်းပြင်းထန်ထန်လှုပ်ရှားမှုများကိုရှောင်ပါ

တကယ်လို့သင်က လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ရတာ နှစ်သက်သူဆိုရင်တော့ ခုပြောင်းလဲဖို့အချိန်ဖြစ်ပါတယ်။ ကိုယ်ဝန်မဆောင်ခင်တုန်းက ထိုကဲ့သို့လေ့ကျင့်ခန်းတွေလုပ်တာ အဆင်ပြေပါတယ်၊ ဒါပေမယ့် ယခုသင့်ဗိုက်ထဲမှာ ကလေးလေးရှိလာပြီဖြစ်တဲ့အတွက် သင့်တင့်လျောက်ပတ်တဲ့ လေ့ကျင့်ခန်းမျိုးတွေကသာ အကောင်းဆုံးဖြစ်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr.Aye Myat Myat Noe · 13/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။