ဆေးလိပ်သောက်ခြင်းသည် ဆိုင်ယာနိုက်၊ ခဲနှင့် အနည်းဆုံး ကင်ဆာဖြစ်စေသော ဒြပ်ပေါင်းများ ၆၀ ခန့် ပါဝင်သော ဓါတုပစ္စည်းများ ၄၀၀၀ ခန့် ပါဝင်သည်။ ကိုယ်ဝန်ဆောင်ချိန်တွင် ဆေးလိပ်သောက်လျှင် အဆိပ်ငွေ့များသည် သင့်ကလေး၏ အဓိက အောက်ဆီဂျင်နှင့် အာဟာရ ရရှိရာဖြစ်သော သွေးထဲသို့ ပျံ့နှံ့ရောက်ရှိသွားသည်။
အမျိုးအစား ၄၀၀၀ ထက်ကျော်သော ဓါတုပစ္စည်းများတွင် သင့်ကလေးအတွက် ကောင်းကျိုးဖြစ်စေမည့် အရာတစ်ခုမှ မပါဝင်ပါ။ ထိုအထဲတွင် နီကိုတင်းဓါတ်နှင့် ကာဗွန်မိုနောက်ဆိုဒ် ဓါတ်သည် အန္တရာယ် အဖြစ်စေဆုံးဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်တွင် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်နိုင်သော နောက်ဆက်တွဲ ဆိုးကျိုးများ၏ အဓိက အကြောင်းရင်းလည်း ဖြစ်သည်။
ကိုယ်ဝန်ဆောင်ချိန်တွင် ဆေးလိပ်သောက်ခြင်းသည် အဘယ်ကြောင့် အလွန် အန္တရာယ် ရှိပါသနည်း။
အောက်ဆီဂျင် ပြတ်လပ်မှုသည် သင့်ကလေး၏ ဖွံ့ဖြိုးမှုနှင့် ကြီးထွားမှုကို ဆိုးရွားစွာ ထိခိုက်စေပါသည်။ ကိုယ်ဝန်ဆောင်ချိန်တွင် ဆေးလိပ်သောက်ခြင်းသည် ကလေးကို စောစီးစွာမွေးခြင်း၊ ပေါင်မပြည့်ဘဲမွေးခြင်း၊ ကလေး အသေမွေးခြင်းများကို ဖြစ်နိုင်ခြေ ၂ ဆ များစေသည်။
သင်သောက်လိုက်သော ဆေးလိပ်တစ်လိပ်တိုင်းသည် သင့်ကိုယ်ဝန်အတွက် ဆိုးကျိုးဖြစ်စေပါသည်။ တစ်နေ့လျှင် ဆေးလိပ်အနည်းငယ် သောက်ခြင်းသည် တစ်နေ့လျှင် တစ်ဘူးလုံးသောက်ခြင်းထက် အနည်းငယ် သက်သာစေမည် ဆိုသော်လည်း အကျိုးအပြစ်သည် တကယ်တမ်းတော့ သိပ်မကွာခြားလှပေ။ ဆေးလိပ်သောက်သူ၏ ခန္ဓါကိုယ်သည် ဆေးလိပ်၏ နီကိုတင်းဓါတ်ကို သိရှိပြီး တစ်လိပ်၊ နှစ်လိပ်သောက်လျှင်ပင် ဓါတ်ပြုနိုင်သောကြောင့် သွေးကြောများကို မာကြောတောင့်တင်းစေသည်။ ထို့ကြောင့်သာ အနည်းအပါးသောက်သော အလေ့အထသည်လည်း သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။
အဆိုးရွားဆုံးသော နောက်ဆက်တွဲ ပြဿနာမှာ ကလေး အသေမွေးခြင်း၊ လမစေ့ဘဲမွေးခြင်း၊ ပေါင်မပြည့်ဘဲ မွေးခြင်း တို့ဖြစ်သည်။ နီကိုတင်းနှင့် ကာဗွန်မိုနောက်ဆိုဒ်သည် ကလေး၏ အောက်ဆီဂျင် ရရှိမှုကို နည်းစေသည်။ နီကိုတင်းသည် ချက်မှ သွေးကြောများ အပါအဝင် သွေးကြောများကို ကျဉ်းစေခြင်းအားဖြင့် ကလေးထံသို့ ရောက်သော အောက်ဆီဂျင်ကို နည်းစေသည်။ ပိုဆိုးစေသည်မှာ အောက်ဆီဂျင်ကို သယ်ဆောင်သော သွေးနီဥများသည် အောက်ဆီဂျင်အစား ကာဗွန်မိုနောက်ဆိုဒ်ကို သယ်ဆောင်လာကြသည်။ ရုတ်တရက် ကျဉ်းလာသော သွေးကြောများသည် သယ်ဆောင်နေကျဖြစ်သော အောက်ဆီဂျင်ပမာကို မသယ်ဆောင်နိုင်တော့ပေ။
ကိုယ်ဝန်ဆောင်နေချိန် အတွင်း ဆေးလိပ်သောက်ခြင်းသည် –
- သင်နှင့် သင့်ကလေး ရရှိသည့် အောက်ဆီဂျင် ပမာဏကို နည်းစေသည်။
- သင့်ကလေး၏ နှလုံးခုန်နှုန်းကို မြန်စေသည်။
- ကိုယ်ဝန်ပျက်ကျခြင်းနှင့် ကလေး အသေမွေးခြင်းကို များစေသည်။
- လစေ့ဘဲမွေးခြင်း၊ ပေါင်မပြည့်ဘဲ မွေးခြင်းများ ဖြစ်စေသည်။
- သင့်ကလေးတွင် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်စေသည်။
- ကလေးတွင် မွေးရာပါ ရောဂါများ ဖြစ်စေနိုင်သည်။
- ကလေးငယ်စဉ်တွင် ရုတ်တရက် သေဆုံးခြင်း ကဲ့သို့သော အခြေအနေကို များစေသည်။
ဆေးလိပ်ငွေ့ကို ရှူမိခြင်းကြောင့် သင့်ကလေးတွင် မည်သို့ အန္တရာယ်ဖြစ်စေမည်လဲ
သင့်အမျိုးသား သို့မဟုတ် တစ်စုံတစ်ယောက်သည် သင့်အနီးအနားတွင် ဆေးလိပ်သောက်လျှင် ထိုဆေးလိပ်ငွေ့ကို ရှူမိခြင်းကြောင့် သင်နှင့် သင့်ကလေး၏ ကျန်းမာရေးကို ထိခိုက်စေပါသည်။ တခြားသူကို ဆေးလိပ်မသောက်ရန် တားဆီးခြင်းသည် ပိုခက်ခဲသည်ဟု သင်ထင်နိုင်ပါသည်။ ဆေးလိပ်ငွေ့ကို တဆင့် ရှူရှိုက်မိခြင်းသည်လည်း သင့်ကလေးကို ပေါင်မပြည့်ဘဲ မွေးစေနိုင်ပြီးပုခက်ထဲတွင် ရုတ်တရက် သေဆုံးခြင်းများကို ဖြစ်စေနိုင်သည်။ ဆေးလိပ်သောက်သော မိဘ၏ ကလေးများသည် အသက်ရှူလမ်းကြောင်း ရောင်ရမ်းခြင်း၊ အဆုတ် ရောင်ခြင်းများကြောင့် ဆေးရုံတက်ရနိုင်ခြေ ပိုများပါသည်။
ကိုယ်ဝန်ဆောင်ချိန်တွင် ဆေးလိပ်ဖြတ်ခြင်း၏ အကျိုးကျေးဇူးများ
ဆေးလိပ်ဖြတ်ခြင်းသည် သင်နှင့် သင့်ကလေးကို ချက်ခြင်း အကျိုးပြုနိုင်ပါသည်။ အန္တရာယ်ရှိစေသော ဓါတ်ငွေ့များနှင့် ဓါတုပစ္စည်းများသည် သင့်ခန္ဓါကိုယ်မှာ ပျောက်ပြယ် သွားပါလိမ့်မည်။ သင်ဆေးလိပ်ဖြတ်သည့်အခါ –
- ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးချိန်တွင် ဖြစ်မည့် နောက်ဆက်တွဲ ဆိုးကျိုးများကို လျော့ကျစေနိုင်ပါသည်။
- ပိုမို ကျန်းမာသော ကိုယ်ဝန်နှင့် ကလေးကိုရရှိနိုင်ခြေ များပါသည်။
- ကလေး အသေမွေးနိုင်ခြေ နည်းသွားသည်။
- ကလေးကို စောစီးစွာမွေးခြင်း၊ အသက်ရှူခြင်း၊ အစာစားခြင်းနှင့် တခြားသော ကျန်းမာရေး ပြဿနာများကို ကြုံတွေ့နိုင်ခြေ နည်းသွားသည်။
- ကလေးကို ပေါင်မပြည့်ဘဲ မွေးနိုင်ခြေလည်း နည်းသွားသည်။
- ကလေးငယ် ရုတ်တရက် သေဆုံးခြင်းကဲ့သို့သော ဖြစ်နိုင်ခြေ များလည်း နည်းသွားလိမ့်မည်။
- ဆေးလိပ်ဖြတ်ခြင်းသည် သင့်ကလေး၏ အနာဂတ်ကိုလည်း ပိုမို ကောင်းမွန်စေရန် ကူညီပေးပါလိမ့်မည်။ ဆေးလိပ်သောက်သော မိဘ၏ ကလေးများသည် ရင်ကျပ်ခြင်းနှင့် တခြားသော ပြင်းထန်သော ရောဂါများရှိပြီး ဆေးရုံတက်ကာ ကုသရနိင်ခြေ များသည်။
- ဆေးလိပ်ကို စောစောဖြတ်လေလေ ပိုကောင်းလေလေ ဖြစ်သည်။ သင်ကိုယ်ဝန် နောက်ဆုံးပတ်တွင် ဆေးလိပ်ကို ဖြတ်လျှင်တောင်မှ သင်နှင့် သင့်ကလေးကို အကျိုးရှိစေမည် ဖြစ်ပါသည်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။