ကိုယ့်ရင်သွေးလေးကို ဆုံးရှုံးလိုက်ရတဲ့အခါ စိတ်ရောလူပါ အားနည်းသွားမှာ သေချာပါတယ်။ ကိုယ်ဝန်ပျက်ကျ ထားတဲ့ အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် ဒီအချက်လေးတွေ သိထားချင်ကြမယ်ထင်ပါတယ်။
ကိုယ့်ရင်သွေးလေးကို ဆုံးရှုံးလိုက်ရတဲ့အခါ စိတ်ရောလူပါ အားနည်းသွားမှာ သေချာပါတယ်။ ကိုယ်ဝန်ပျက်ကျ ထားတဲ့ အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် ဒီအချက်လေးတွေ သိထားချင်ကြမယ်ထင်ပါတယ်။

ကိုယ်ဝန်ပျက်ကျ တဲ့လက္ခဏာစပြကတည်းက ဆေးကုသမှုခံယူရမှာဖြစ်ပါတယ်။ ပြန်လည်နာလန်ထူမယ့်အချိန်ကတော့ ကိုယ့်ရဲ့ကျန်းမာရေး၊ ကိုယ်ဝန်လ အနုအရင့် ကိုမူတည်ပြီး ရက်ပိုင်းအနည်းအများ ကွာခြားတတ်ပါတယ်။ ဆရာဝန်ပုံမှန်ပြပြီး ညွှန်ကြားချက်အတိုင်း လိုက်နာနေထိုင်ပါ။
ကိုယ်ဝန်ပျက်ကျ ခြင်းက ခန္ဓာကိုယ်မှာဘေးထွက်ဆိုးကျိုးတွေ ကျန်ရစ်ခဲ့နိုင်ပါတယ်။ ဖြစ်လာနိုင်တဲ့ အောက်ပါဘေးထွက်ဆိုးကျိုးတွေအတွက် ကြိုတင်ပြင်ဆင်ထားပါ။
ဘေးထွက်ဆိုးကျိုးက ပိုဆိုးလာတယ်ဆိုရင် ဆရာဝန်ပြပါ။
သွေးဆင်းများခြင်း၊ အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ အပြင်းအထန်ဗိုက်အောင့်ခြင်းတို့အပါအဝင် လက္ခဏာတွေဆိုးလာရင် မပေါ့ဆပါနဲ့။ အမြန်ဆုံးကုသမှုခံယူပါ။
ကိုယ်ဝန်ပျက်ကျပြီးတဲ့အခါ ၂ ပတ်အတွင်း လိင်ကိစ္စရှောင်သင့်ပါတယ်။ ရာသီသွေးကတော့ ၄ ပတ်ကနေ ၆ ပတ်အတွင်း ပြန်ဆင်းနိုင်ပါတယ်။
ဟော်မုန်းတွေကလည်း အရေးပါတဲ့နေရာကပါဝင်နေတယ်ဆိုတာ မမေ့ပါနဲ့။ ကိုယ်ဝန်ရှိခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းအပေါ်ထားရှိတဲ့ဟော်မုန်းရဲ့တုံ့ပြန်မှုတွေက သင့်ရဲ့စိတ်ခံစားချက်တွေကို ပိုပြင်းထန်စေပါတယ်။ ဒီဖြစ်ရပ်နောက်ပိုင်းမှာတော်တော်ကြာတဲ့အထိ ငိုနေမိတာမျိုးက အဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် ဒါတွေက ယာယီခံစားချက်တွေဖြစ်ပြီးကြာရင် ပုံမှန်ပြန်ဖြစ်သွားမှာပါ။
နောက်ပိုင်းအတွက် အကောင်းဆုံးက ကျန်းမာရေးအတွက်ကောင်းတဲ့အစာအာဟာရတွေစားပေးဖို့ပါပဲ။ ဖိစီးမှုတွေရှိနေတဲ့ ခန္ဓာကိုယ်အတွက် အားဖြစ်စေမယ့် အာဟာရဓာတ်စာတွေစားပေးရပါမယ်။ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေ၊ ကြက်ဥ၊ အမဲသား၊ ပဲပိစပ်၊ လိမ္မော်သီး၊ထောပတ်သီးတို့လိုဖောလစ်အက်စစ်ကြွယ်ဝတဲ့အစားအစာတွေက အကောင်းဆုံးပါ။
အပေါင်းအသင်းများခြင်းကလည်း ဒီအချိန်မှာ အကျိုးရှိလှပါတယ်။ ကိုယ့်ခင်မင်သူတွေဆီက လမ်းညွှန်မှု၊ အားပေးနှစ်သိမ့်မှု၊ အကြံပြုချက်တို့ကို ရယူပါ။ အထူးသဖြင့် ကိုယ့်လိုကြုံခဲ့ဖူးသူတွေဆီကပေါ့။
ကိုယ်ဝန်ပျက်ကျတဲ့ဖြစ်ရပ်အများစုက ကြိုတင်ကာကွယ်လို့မရနိုင်တဲ့ကိစ္စတွေဖြစ်ပါတယ်။ ဒါပေမယ့် မိခင်ရဲ့အသက်အရွယ်၊ အရင်ကပျက်ကျဖူးတာတွေရှိတာ၊ရောဂါအကြောင်းရင်း၊ သောက်သုံးနေရတဲ့ ဆေးဝါး၊ လူပင်ပန်းဖိစီးမှု၊ ဓာတုပစ္စည်းထိတွေ့မှု စတဲ့ ကိုယ်ဝန်ပျက်ကျနိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ ရှိနေုနိုင်ပါသေးတယ်။ နောက်ကိုယ်ဝန်တွေမှာ အခုလိုထပ်မဖြစ်ရအောင် ဒီလိုအချက်တွေကိုတော့ ထည့်သွင်းဂရုစိုက်ပေးရပါမယ်။ ဗဟုသုတ လေ့လာထားတာတော့ လွန်တယ်မရှိပါဘူး။