brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန် လနုစဉ် မူးဝေပျို့အန်ခြင်း

ကိုယ်ဝန် ရှိခါစ လနုစဉ်မှာ မူး‌ဝေပျို့အန်တတ်တာကို ရုပ်ရှင် ဇာတ်လမ်းတွေမှာရော လက်တွေ့ဘဝမှာပါ ကိုယ်ဝန်ဆောင် အမျိုးသမီးတော်တော်များများ ခံစားရတတ်ပါတယ်။ အဲ့ဒါကို morning sickness လို့ ခေါ်ပါတယ်။ စစ်တမ်းတွေအရ ၅၀% သော ကိုယ်ဝန်ဆောင်အမျိုးသမီးများဟာ ကိုယ်ဝန်ရှိခါစမှာ morning sickness ခံစားရတယ်လို့ဆိုပါတယ်။ ကိုယ်ဝန် ၆ပတ် လောက်ကနေ ၁၂ပတ်အတွင်း ဖြစ်တတ်ပြီး ကိုယ်ဝန် ၁၂ပတ် ကျော်ရင် သူ့အလိုလို ရပ်သွားတတ်ပါတယ်။ ကိုယ်ဝန်ရှိခါစမှာ အမျိုးသမီး ဟော်မုန်းများပြောင်းလဲမြင့်တက်လာခြင်းကြောင့် အော့အန်ချင်စိတ်များ ဖြစ်ပေါ်လာရပြီး အချို့သော အမျိုးသမီးများမှာတော့ ကိုယ်ဝန်ဆောင်စဉ်သက်တမ်းတလျှောက် တစ်ကြိမ်တစ်ခါမှ ပျို့အန်ချင်စိတ်မပေါ်ပေါက်ဘူးလို့ ဆိုပါတယ်။ နောက်ထပ် မှတ်သားစရာ တစ်ခုက morning sickness လို့သာခေါ်ပေမယ့် မနက်ပိုင်းမှာပဲ ဖြစ်တတ်တာမျိုးလည်းမဟုတ်ပါဘူးနော်။

ကိုယ်ဝန် လနုစဉ် မူးဝေပျို့အန်ခြင်း

ပုံမှန်အားဖြင့်တော့ Morning sickness ဟာ မိခင်အတွက်ရော သန္ဓေသားအတွက်ပါ အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခုမဟုတ်တဲ့ အတွက် အရမ်းစိုးရိမ်စရာမလိုပါဘူး။ ဒါပေမယ့် အလွန်အမင်း အန်ခဲ့မယ်၊ ဘာအစာမှလည်း စားမဝင်တော့ဘူးဆိုရင်တော့ ရေ နဲ့ဓာတ်ဆားများ ဆုံးရှုံးကာ အာဟာရမမျှတခြင်းများဖြစ်လာနိုင်ပြီး သေချာစွာမကုသရင် မိခင်ရော ကလေးပါ အန္တရာယ်ရှိနိုင်ပါတယ်။

Morning sickness သက်သာစေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

  • ကောင်းမွန်စွာ အနားယူပါ။ အိပ်ရေးဝအောင်အိပ်ပါ။
  • အစားမစားဘဲ မနေပါနဲ့။ အစာကို နည်းနည်းချင်းစီ ခဏခဏ စားပါ။
  • ရေဓာတ် နည်းပါးခြင်း မဖြစ်စေရန် ရေများများသောက်ပါ။ အခြားသော အရည်များကိုလည်း နည်းနည်းချင်းစီ ခဏခဏသောက်ပါ။ (ဥပမာ- အသီးဖျော်ရည်၊ ရေနွေးကြမ်း၊ စွပ်ပြုတ်ရည်ကြည်)
  • မနက်အိပ်ရာနိုးလျှင်နိုးချင်း ဘီစကစ် ဒါမှမဟုတ် မုန့်အခြောက်စားပေးပါ။ ဝမ်းဟာလာဟင်းလင်းနဲ့ နေခြင်းက မူးဝေအော့‌အန်ခြင်းကို အားပေးပါတယ်။
  • ချင်း နဲ့ သံပုရာသီးဟာ မူးဝေ ပျို့အန်ချင်စိတ်ပျောက်စေဖို့ အကောင်းဆုံး သဘာဝဆေးဝါးတွေပါပဲ။ သံပုရာသီးနံ့၊ ဂျင်းနံ့ ရှူပေးခြင်း၊ သံပုရာရည်၊ ဂျင်းရေနွေးကြမ်းသောက်ခြင်းတို့ လုပ်ပေးလို့ရပါတယ်။
  • အေးမြပြီး လေဝင်လေထွက်ကောင်းသော နေရာတွင်နေပါ။ ပူလောင်ခြင်းနဲ့ အနံ့ဆိုးများဟာ မူးဝေအော့အန်ခြင်းကို အားပေးပါတယ်။
  • ဖြစ်နိုင်လျှင် အစားအစာများကို ကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်ခြင်း မပြုလုပ်ပါနှင့်။
  • အနည်းငယ် ငန်သော အစာများ စားပေးနိုင်ပါတယ်။ ဥပမာ- ငန်သော အာလူးကြော်၊ ဘီစကစ် စသည်ဖြင့်
  • အဆီအဆိမ့်များသော၊ စပ်လွန်းသော အစာများကိုရှောင်ပါ။
  • အစာစားပြီးပြီးချင်း လဲလျောင်းခြင်း မပြုပါနှင့်။

ဘယ်အချိန် ဆရာဝန်နဲ့ သွားပြရမလဲ။

  • အလွန်အမင်း ပျို့အန်ပြီး မည်သည့်အစာမှ မျိုမကျလျှင်
  • ပျို့အန်သည့်အပြင် ဗိုက်အောင့်ခြင်း၊ အဖျားတက်ခြင်းတို့ပါ ဖြစ်လာလျှင်
  • ကိုယ်ဝန် ၁၂ပတ် ကျော်သည်အထိ မပျောက်နိုင်ဘဲ မူးဝေအော့အန်နေလျှင်

အထက်ပါ အခြေအနေတစ်ခုခုဖြစ်နေပြီဆိုရင်တော့ Hyperemesis gravidarum လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်စဉ် အလွန်အမင်း အော့အန်ခြင်းဖြစ်နေနိုင်ပြီး ရေနဲ့ ဓာတ်ဆားဆုံးရှုံးခြင်းများရှိနိုင်တဲ့အတွက် သားဖွားမီးယပ် ဆရာဝန်များနဲ့ အမြန်ဆုံးပြသရန်လိုအပ်ပါတယ်။

ရေးသားသူ – Dr. Saint

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thiha Phyo Myint · 23/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။