brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အတက်ရောဂါရှိတဲ့ မေမေကိုယ်ဝန်ဆောင်တဲ့အခါ

ရောဂါတစ်ခုခုခံစားနေရရင် ကိုယ်ဝန်ဆောင်တဲ့အခါမွေးလာမယ့်ကလေးကို ထိခိုက်မလား၊ ကိုယ်ဝန်ရောဆောင်လို့ရပါ့မလားဆိုပြီး စိတ်ပူတတ်ကြတာ အမျိုးသမီးတိုင်းနီးပါးပါ။မေမေဖြစ်ချင်ပေမယ့် အတက်ရောဂါရှိနေလို့မေမေဖြစ်ခွင့်ရပါ့မလားလို့တွေးနေတဲ့မေမေတို့အနေနဲ့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ။

အတက်ရောဂါရှိတဲ့ မေမေကိုယ်ဝန်ဆောင်တဲ့အခါ

အမျိုးသမီးများနဲ့ အတက်ရောဂါ

အတက်ရောဂါက အမျိုးသမီးတွေအနေနဲ့ မပေါ့သင့်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အတက်ရောဂါကိုခံစားရပုံချင်း ကအမျိုးသမီးတစ်ဦးနဲ့ တစ်ဦးမှာလည်း မတူတတ်ကြပြန်ပါဘူး။ ကိုယ်တွင်းကဟော်မုန်းပမာဏ၊ ရာသီစက်ဝန်း၊ ကိုယ်ဝန်ဆောင်ကာလ၊သွေးဆုံးချိန်တွေပေါ်မှာလိုက်ပြီးကွာခြားနိုင်ပါတယ်။ အတက်ရောဂါကို ကုသမှုကဟော်မုန်းပမာဏကို ထိခိုက်နိုင်ပါတယ်။ ကိုယ်တွင်းမှာ အမျိုးသမီးတွေအတွက်အရေးပါတဲ့ အက်စထရိုဂျင်ဟော်မုန်းနဲ့ progesterone တို့မျှတမှုမရှိတဲ့အခါ အတက်ရောဂါဖြစ်လာရတာပါ။

အတက်ရောဂါရှိသူတွေကိုယ်ဝန်ဆောင်လို့ရလား……..

အတက်ရောဂါရှိသူ အမျိုးသမီးအများစုက ကိုယ်ဝန်ဆောင်လို့ရပါတယ်။ ဒါပေမယ့် သာမန်အမျိုးသမီးတွေထက်စာရင်တော့ အန္တရာယ်များတာပေါ့။ ဘယ်လိုထိခိုက်မှုတွေဖြစ်နိုင်လဲဆိုတော့ အတက်ရောဂါကြောင့် မိခင်ကျန်းမာရေးကို ထိခိုက်နိုင်သလိုဘေဘီလေးရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒီလိုဆိုတာနဲ့ ကိုယ်ဝန်မဆောင်ရတော့ဘူးလားဆိုတော့ မဟုတ်ပါဘူး။ အတက်ရောဂါရှိနေပေမယ့်လည်း ကျန်းမာရေးကိုသေချာလေးဂရုစိုက်မယ်ဆိုရင် အတက်ရောဂါရှိပေမယ့်လည်း ကိုယ်ဝန်ဆောင်နိုင်မှာပါ။

ဒါပေမယ့် အတက်ရောဂါရှိသူတွေက သန္ဓေအောင်နိုင်ခြေနည်းပါတယ်။ အတက်ရောဂါရှိတဲ့လေဒီတွေရဲ့ မျိုးအောင်နိုင်စွမ်းက ပုံမှန်ထက်နည်းနေတတ်ပြီး ရာခိုင်နှုန်းအနေနဲ့ပြောမယ်ဆိုရင် ၂၅ ရာခိုင်နှုန်းကနေ ၃၃ ရာခိုင်နှုန်းအတွင်းမှာပဲရှိပါတယ်။

အတက်ရောဂါရှိတဲ့ အမျိုးသမီးတွေ ဘာကြောင့် မျိုးအောင်နိုင်စွမ်းနည်းရတာလဲ…..

  • အတက်ရောဂါရှိသူ အမျိုးသမီးတွေက မမျိုးဥအိမ်ရေအိမ်တည်ခြင်းရောဂါစု (polycystic ovarysyndrome(PCOS)) ကိုခံစားနေရတာကြောင့် မျိုးအောင်နိုင်စွမ်းနည်းတာပါ။
  • ရာသီသွေးဆင်းမမှန်တာ။ ဒီအချက်ကလည်း ကိုယ်ဝန်ရရှိဖို့ ခက်ခဲစေနိုင်ပါတယ်။
  • မမျိုးဥ ထုတ်လုပ်မှုနည်းတာကြောင့်လည်း အတက်ရောဂါရှိသူတွေမှာ ကိုယ်ဝန်ရရှိဖို့ ခက်ခဲတာပါ။
  • အတက်ရောဂါအတွက်သောက်ရတဲ့ဆေးတွေမှာပါတဲ့ဟော်မုန်းပမာဏတွေက မျိုးပွားစနစ်ရဲ့ လုပ်ဆောင်မှုကို ထိခိုက်စေနိုင်တာကြောင့်လည်း အတက်ရောဂါရှိသူတွေက ကလေးရဖို့ခက်တာပါ။
  • အပေါ်မှာပြောခဲ့သလိုပဲ အတက်ရောဂါရှိသူတွေက ကိုယ်တွင်းဟော်မုန်းမမျှတတာကြောင့်လည်း ကိုယ်ဝန်ရရှိဖို့ခက်ခဲနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေက အတက်ရောဂါရှိနေမယ်ဆိုရင်

  • သန္ဓေသားက နှလုံးခုန်နှုန်းနှေးတာ
  • သန္ဓေသားဆီအောက်ဆီဂျင်ရောက်ရှိမှုနည်းတာ
  • သန္ဓေသားမှာ ထိခိုက်မိတာ
  • အချိန်မတိုင်ခင် အချင်းကွာကျတာ
  • ကိုယ်ဝန်ပျက်ကျတာ
  • လမစေ့ဘဲမွေးဖွားတာ
  • ပေါင်မပြည့်ဘဲမွေးဖွားတာမျိုးတွေဖြစ်နိုင်ပါတယ်။

အတက်ရောဂါရှိတယ်၊ ကိုယ်ဝန်ဆောင်ချင်တယ် ဘယ်လိုပြင်ဆင်ရမလဲ

အတက်ရောဂါရှိပေမယ့် သားသားမီးမီးလေးတွေလည်း လိုချင်တယ်ဆိုရင်တော့ ကိုယ်ဝန်မဆောင်ခင်ကတည်း ကဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးဖို့လိုပါမယ်။ မကြာခဏ တက်မယ်ဆိုရင်တော့ ဒီအခြေအနေမသက်သာမချင်း ကလေးမယူသင့်သေးပါဘူး။ဆေးတွေကို ဆရာဝန်ညွန်ကြားတဲ့အတိုင်းသောက်ပေးပါ။ ကိုယ်သဘောနဲ့ကိုယ်ဆေးတွေကို အတိုးအလျော့မလုပ်ဖို့ပြောပါရစေ။ အတက်ရောဂါကို မထိန်းချုပ်နိုင်ခင် ကလေးယူတာက မိခင်ရောကလေးအတွက်ပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အတက်ရောဂါရှိတယ်။ ဒါပေမယ့် ကလေးယူချင်တယ်ဆိုရင် အတက်ရောဂါကို အရင်သက်သာအောင်လုပ်ဖို့ပြောပါရစေ။

  • အတက်ရောဂါရှိတဲ့မေမေအနေနဲ့ ကလေးယူတော့မယ်လို့ စဉ်းစားထားတယ်ဆိုရင်
  • ကျန်းမာရေးနဲ့ညီညွတ်အောင်စားပါ။
  • ကိုယ်ဝန်ဆောင် အားဆေးတွေသောက်ပါ။
  • အိပ်ရေးဝဝအိပ်ပါ။
  • ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေး၊ ကဖင်းတို့ကိုရှောင်ပါ၊ လို့ပြောပါရစေ။
Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။