brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Blighted Ovum - ကိုယ်ဝန်လနုစဉ် ပျက်ကျခြင်းကို ဖြစ်စေတဲ့အဓိကအကြောင်းအရင်း ။

ကိုယ်ဝန်ရှိတာမှ မကြာသေးဘူး။ ချော်လဲမလဲ၊ သေချာလည်း ဂရုစိုက်နေပါရက်နဲ့ ကိုယ်ဝန်ပျက်ကျသွားတယ်ဆိုရင် Blighted Ovum ကြောင့်လို့ပြောလို့ရပါတယ်။ ရင်သွေးလိုချင်လို့ ကြိုးစားပါတယ်ဆိုမှ Blighted Ovum ကြောင့် ကိုယ်ဝန်ပျက်သွားရရင် ယူကျုံးမရဝမ်းနည်းတတ်ကြသူချည်းပါပဲ။ ဒီတော့ ကိုယ်ဝန်ပျက်ကျစေတဲ့ Blighted Ovum ဆိုတာ ဘယ်လိုကြီးလဲ။

Blighted Ovum -  ကိုယ်ဝန်လနုစဉ် ပျက်ကျခြင်းကို ဖြစ်စေတဲ့အဓိကအကြောင်းအရင်း ။

Blighted Ovum ဆိုတာဘာလဲ။ ။

Blighted Ovum ဆိုတာ သုတ်ကောင်လေးနဲ့မမျိုးဥ ထိတွေ့သွားပြီး သန္ဓေအောင်တဲ့အဆင့်ရောက်သွားတဲ့ ဥလေးဟာ သားအိမ်ထဲကိုဆင်းလာပေမယ့် သန္ဓေသားလောင်းအဖြစ် ဆက်မဖွံ့ဖြိုးတဲ့ ဖြစ်စဉ်ကို ပြောတာဖြစ်ပါတယ်။ အလွယ်ပြောရရင် အဆင်းသာရှိပေမယ့် အချင်းမရှိတဲ့သဘောပေါ့။ သန္ဓေအောင်တဲ့ဥလေးသာရှိပေမယ့် သန္ဓေသားလောင်းအဖြစ် ဆက်မဖွံ့ဖြိုးနိုင်တာပေါ့ ။ ဒီလိုနဲ့ကျန်ခဲ့တဲ့ သန္ဓေအောင်ဥလေးကို Blighted Ovum လို့ခေါ်တာဖြစ်ပါတယ်။

  • ကိုယ်ဝန်လနုတဲ့အချိန် သားပျက်သားလျှောဖြစ်တာ ၂ ယောက်ရှိတယ်ဆို ၁ ယောက်က Blighted Ovum ကြောင့်ဖြစ်တယ်လို့ ပြောလို့ရအောင် သူက လနုစဉ်ကိုယ်ဝန်ပျက်ကျခြင်းကို အများဆုံး ဖြစ်စေတဲ့ တရားခံတစ်ယောက်ပါ။
  • သန္ဓေအောင်ပြီး သိပ်မကြာခင်မှာ ဒီလို Blighted Ovum အဖြစ်ပြောင်းလဲသွားတတ်လို့ တချို့ဆို ကိုယ့်မှာ ကိုယ်ဝန်ရှိသွားမှန်းတောင် မသိလိုက်ကြပါဘူး။
  • Blighted Ovum ကြောင့် ကိုယ်ဝန်ပျက်ကျတာဟာ ကိုယ်ဝန်သက် အပတ် ၂၀ အတွင်း အဖြစ်များပါတယ်။
  • သန္ဓေအောင်ပြီးခါစ မျိုးဥလေး သားအိမ်နံရံကို တွယ်ကပ်ချိန်ကနေ နောက် ၅ ပတ် ၆ ပတ်လောက်ဆို သန္ဓေသားလောင်းလေး စဖွံ့ဖြိုးပါတယ်။ ဒါပေမယ့် Blighted Ovum မှာဆို သန္ဓေအောင်သွားတာကြောင့် ကိုယ်ဝန်ရှိတဲ့ လက္ခဏာတွေအကုန်ဖြစ်တယ်ဆိုပေမယ့် သန္ဓေသားလောင်းလေးအဖြစ်တော့ မဖွံ့ဖြိုးလာခဲ့ပါဘူး။ ဒါ့ကြောင့် Blighted Ovum ကို anembryonic pregnancy ( သန္ဓေသားလောင်း မရှိတဲ့ ကိုယ်ဝန်) လို့လည်းခေါ်ကြပါတယ်။

ဘာတွေကြောင့် Blighted Ovum ဖြစ်ရတာလဲ။

  • သန္ဓေသားနဲ့ဆိုင်တဲ့ ပြဿနာတစ်ခုခုဖြစ်လာရင် အဓိက တာဝန်အရှိဆုံးက ခရိုမိုဇုန်းတွေပါ။ မျိုးရိုးဗီဇတွေကိုသယ်ထားတဲ့ ခရိုမိုဇုန်းမှာ ချို့ယွင်းချက်တွေရှိတာကြောင့်ရယ်၊
  • သုတ်ပိုးနဲ့ မမျိုးဥတို့ အရည်အသွေးမမီတာကြော့င်ရယ်
  • သန္ဓေသားလောင်းအဖြစ်ဖွံ့ဖြိုးရမယ့် အဆင့်မှာ ဆဲလ်တွေ သေချာမကွဲနိုင်တာကြောင့်ရယ် စတာတွေကြောင့် ဖြစ်ရတာပါ။

ကိုယ်ခန္ဓာက Blighted Ovum ကို စပြီးသိပြီဆိုတာနဲ့ ဒါက ပုံမှန်မဟုတ်တဲ့ အရာတစ်ခုဆိုတာသိပြီး ကိုယ်ဝန်ဆက်ဖြစ်ခြင်း မရှိအောင် တားဆီးပေးပါတော့တယ်။ ဒီလိုနဲ့ ကိုယ်ဝန်ပျက်ကျတာတွေ ဖြစ်လာရတာပါပဲ။

ဒါ့ကြောင့် Blighted Ovum ကြောင့် ကိုယ်ဝန်ပျက်ကျတဲ့ ကိစ္စမှာ ကိုယ်ဝန်လွယ်ထားတဲ့ မိခင်မှာအပြစ်မရှိသလို ကြိုတင်ကာကွယ်လို့ရတဲ့နည်းတွေလည်း မရှိသေးပါဘူး။

Blighted Ovum ကြောင့် ကိုယ်ဝန်တစ်ခါပျက်ဖူးရင် နောက်ကိုယ်ဝန်တွေမှာရော ဒီလို ဆက်ဖြစ်နိုင်သေးလား။

အမျိုးသမီးအများစုဟာ Blighted Ovum တစ်ခါပဲ ဖြစ်ဖူးတတ်ကြပြီး သူ့ကြောင့် ကိုယ်ဝန် တစ်ခါလောက်ပဲ ပျက်ကျဖူးကြပါတယ်။

ကိုယ့်မှာ Blighted Ovum ရှိနေပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ

  • Blighted Ovum အဆင့်ရောက်ပြီဆို သန္ဓေအောင်ပြီးသား အဆင့်ကို ကျော်ဖြတ်ပြီးသားဖြစ်လို့ကိုယ်ဝန်ရှိတဲ့ လက္ခဏာတွေ အားလုံးရှိမှာဖြစ်ပါတယ်။ ( ရာသီ ထိန်သွားတာ၊ ဆီးစစ်ကြည့်ရင် ကိုယ်ဝန်ရှိနေတာ) စတာတွေပေါ့။
  • နောက်ပိုင်းကျရင်တော့ ကိုယ်ဝန်ပျက်ကျတဲ့ လက္ခဏာတွေဖြစ်တဲ့ ဗိုက်အောင့်တာ၊ ကိုယ်ဝန်ရှိကြောင်းသိပြီးမှ မိန်းမကိုယ်ကနေ သွေးဆင်းလာတာ၊ ဆင်းတဲ့သွေးတွေ အရမ်းများတာစတဲ့ အခြေအနေတွေကို ကြုံတွေ့ရမှာဖြစ်ပါတယ်။ ဒါတွေက ကိုယ်ဝန်ပျက်ကျတဲ့ လက္ခဏာတွေဖြစ်ပေမယ့် ကိုယ်ဝန်လနုချိန် သွေးဆင်းတိုင်း ကိုယ်ဝန်ပျက်ကျတာမဟုတ်တာကြောင့် ဆရာဝန်နဲ့သေချာတိုင်ပင်ဖို့တော့လိုပါတယ်။

Blighted Ovum ရှိကြောင်း ဘယ်လိုအတည်ပြုကြသလဲ။

  • hCG ဟော်မုန်းကတော့ ကိုယ်ဝန်ရှိနေတာကြောင့် တက်နေမှာဖြစ်လို့ ဆီးစစ်သွေးစစ်တာနဲ့ သူတို့တွေများနေပါလိမ့်မယ်။
  • အာထရာဆောင်းရိုက်ပြီးတော့ သန္ဓေသားလောင်းဖွံဖြိုးရမယ့် အိတ်လေးထဲ ဘာမှ မရှိတာကိုစစ်ကြည့်လို့ရပါတယ်။

Blighted Ovum ရှိနေရင် ဘာဆက်လုပ်ရမှာလဲ။

  • ဆရာဝန်နဲ့သေချာတိုင်ပင်ပါ။
  • သားအိမ်ခြစ်ဖို့လိုရင်လိုပါလိမ့်မယ်။ သားအိမ်ခြစ်တော့မှ ကိုယ်ဝန်ပျက်ကျထားခဲ့ရင် ကျန်ခဲ့တဲ့ အပိုင်းအစတွေကို အကုန်စင်အောင် ထုတ်နိုင်မှာ ဖြစ်တာကြောင့်ပါ။
  • သောက်ဆေးအနေနဲ့ကတော့ misoprostol ဆေးသောက်လို့ရပါတယ်။ သောက်ဆေးနဲ့ဆို အချိန်အကြာကြီးစောင့်ရမှာဖြစ်သလို သွေးအများကြီးဆင်းတာ ဗိုက်အောင့်တာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။
  • တချို့ကျတော့ ဘာဆေး၊ ဘာနည်းမှ မသုံးဘဲ ကိုယ်ခန္ဓာက သူ့ဘာသာသူထုတ်တဲ့အချိန် ကိုယ်ဝန်ပျက်ကျတဲ့အချိန်ကိုပဲ စောင့်နေတတ်ကြပါတယ်။

ဘယ်နည်းကို ကိုယ်ရွေးချယ်ချင်လဲဆိုတာက ကိုယ့်ဆန္ဒရယ်၊ ကျန်းမာရေးအခြေအနေရယ်ပေါ်မူတည်နေပေမယ့် မဆုံးဖြတ်ခင်အရင်ဆုံး ဆရာဝန်နဲ့တိုင်ပင်ဖို့လိုအပ်ပါတယ်။ Blighted Ovum ကြောင့် ကိုယ်ဝန်ပျက်ကျပြီးရင်နောက်တစ်ခါကိုယ်ဝန်ပြန်ယူဖို့ အနည်းဆုံး ရာသီ၃ ခါပေါ်အောင်စောင့်တာ ( ဒါမှမဟုတ်) ၆ လလောက်စောင့်ပြီးမှ ကိုယ်ဝန်ပြန်ယူသင့်ပါတယ် ။ ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thin Yadanar @ Frances · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။