ကိုယ်ဝန်ဖျက်ချခြင်းသည် မျိုးပွားမှုကို မထိခိုက်နိုင် (သို့) နောက်ကိုယ်ဝန်များတွင် မည်သည့် နောက်ဆက်တွဲပြဿနာမှ မဖြစ်နိုင်ဟု အများစုက ယုံကြည်ကြသည်။ သို့သော် လတ်တလော လေ့လာမှုများအရ ကိုယ်ဝန်ဖျက်ချပြီးနောက်တွင် ခန္ဓာကိုယ်၌ ဘေးထွက်ဆိုးကျိုးအချို့ရှိသည်ဟု သိရှိရသည်။ (မြန်မာနိုင်ငံတွင် တချို့သော အခြေအနေများမှ လွဲ၍ကိုယ်ဝန်ဖျက်ချခြင်းကို ဥပဒေအရ ခွင့်မပြုပါ။)
လက္ခဏာများ
ကျန်းမာရေး အခြေအနေပေါ်တွင် မူတည်ပီး တစ်ဦးနှင့် တစ်ဦး လက္ခဏာများ ကွဲပြားကြသည်။ သို့ရာတွင် အမျိုးသမီးအများစု ကိုယ်ဝန်ဖျက်ချပြီးနောက် ကြုံတွေ့ရမည့် ပုံမှန်လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။
- ပထမ နှစ်ပတ်တွင် အချိန်မမှန် သွေးဆင်းခြင်း
- ပထမနှစ်ပတ်တွင် သားအိမ်ညှစ်ခြင်းကြောင့် ဗိုက်နာခြင်း။ အချို့အမျိုးသမီးများသည် ထိုနာကျင်မှုကို ၆ ပတ်လောက်အထိ ခံစားရသည်။
- နှစ်ပတ်မှ သုံးပတ်အထိ စိတ်ပိုင်းဆိုင်ရာသောကများ ခံစားရခြင်း
- အချင်းကျန်သောကြောင့် ပိုးဝင်ခြင်း
- ပျို့အန်ခြင်း
ထို့ပြင် ကိုယ်ဝန်ဖျက်ချမှုသည် နောက်ပိုင်းကိုယ်ဝန်များတွင် အောက်ပါနောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပွားနိုင်ချေ အန္တရာယ်များစေသည်။
- ကလေးစောမွေးခြင်း
- ကလေးပေါင်မပြည့်မွေးခြင်း
- အချင်းပြဿနာများ
ဆေးရုံကို ချက်ချင်းသွားပါ။
အကယ်၍ သင်သည်အောက်ပါလက္ခဏာများကို ခံစားနေရပြီဆိုလျှင် ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ လိုအပ်ပါသည်။
- သွေးအလွန်အကျွံဆင်းခြင်း ။ ။ ကိုယ်ဝန်ဖျက်ချခြင်းသည် ပုံမှန်ရာသီလာချိန်နှင့် မတူသော သွေးဆင်းခြင်းကို ဖြစ်စေတတ်သည်။ (၁၂ နာရီလုံး သွေးအလွန်ဆင်းခြင်း)
- ခေါင်းကိုက်၊ ကြွက်သားကိုက်ခဲနာကျင်၊ ခေါင်းမူး၊ မအီမသာခံစားရခြင်း။ ပြင်းထန်သော ပိုးဝင်ခြင်းသည် အဖျားမဝင်ဘဲလည်း ဖြစ်နိုင်သည်။
- အကိုက်အခဲပျောက်ဆေး သောက်ထားသော်လည်း ဝမ်းဗိုက်တွင် စူးပြီးနာကျင်ခြင်း။
- အဖျား ၁၀၀.၄ ဒီဂရီဖာရင်ဟိုက် (၃၈ ဒီဂရီဆဲ စင်တီဂရိတ်) နှင့် အထက်။
- ၄နာရီမှ ၆နာရီထိ အန်ခြင်း။
- ရုတ်တရက် ဝမ်းဗိုက်ဖောင်းလာခြင်း (သို့) နှလုံးခုန်မြန်ခြင်း။
- မိန်းမကိုယ်မှ သွေးဆင်းများလာပြီး အနံ့နံခြင်း။
- မျိုးပွားအင်္ဂါနေရာတွင် နီရဲ၊ ရောင်ရမ်း၊ နာကျင်ခြင်း။
ဂရုစိုက်မှု
သင့်ဆရာဝန်၏ အကြံဉာဏ်ကို သေချာနားထောင်ပြီး အကောင်ဆုံးဖြစ်ဖို့အတွက် သင်ဘာလုပ်နိုင်လဲမေးမြန်းပါ။ သင်စဉ်းစားဖို့ အသုံးဝင်သော အချက်အလက်အချို့ကို အောက်တွင် ဖော်ပြထားပါတယ်။
- ကိုယ်ဝန်ပျက်ပြီးပြီးချင်း လိင်ဆက်ဆံခြင်းကို ရှောင်ပါ။ သင့်အခြေအနေပေါ်မူတည်ပြီး တိကျသော သတင်းအချက်အလက်ရရှိဖို့ ဆရာဝန်နဲ့ စစ်ဆေးတိုင်ပင်ပါ။
- ပြန်လည် စတင် လိင်ဆက်ဆံသောအခါတွင် ကိုယ်ဝန်ယူရန် မသင့်မဖြစ်သေးဘူးဆိုရင် ကိုယ်ဝန်တားဆေး သုံးပါ။
- မိန်းမကိုယ်ကို ဆပ်ပြာရည်များနှင့် မဆေးကြောပါနဲ့။ ၎င်းသည် မျိုးပွားအင်္ဂါ ပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါသည်။
အကယ်၍ သင်သည် ကိုယ်ဝန်ဖျက်ချပြီးနောက် သင့်ကျန်းမာရေး၊ နောက်ပိုင်းကိုယ်ဝန်အတွက် ဖြစ်နိုင်ချေရှိသော ဆိုးကျိုးများကို စိုးရိမ်လျှင် သင့်ဆရာဝန်နဲ့ စစ်ဆေးပါ။ သင့်ဆရာဝန်က သင့်ကို ဖြစ်နိုင်ချေရှိသော အန္တရာယ်များကို နားလည်အောင် ရှင်းပြပြီး သင့်အတွက် အကောင်းဆုံးအဖြေကို ရှာဖို့ ကူညီပါလိမ့်မည်။
[embed-health-tool-pregnancy-weight-gain]

















