ကိုယ်ဝန်ဆောင်နေစဉ် ဝလာတယ်ဆိုတာ ပုံမှန်ဖြစ်ရပ်ပဲလို့ လူတွေကယုံကြည်ကြပါတယ်။ သင့်ကလေးကြီးထွားမှုကို ထောက်ပံ့ပေးနိုင်ဖို့ လုံလောက်တဲ့ အာဟာရတွေရရှိဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ဒီကာလမှာ သင့်ကိုယ်အလေးချိန်ကိုမထိန်းနိုင်ခဲ့ဘူးဆိုရင် သင်နဲ့ သင့်ကလေးရဲ့ကျန်းမာရေးအခြေအနေကိုအန္တရာယ်ပေးနိုင်ချေ မြင့်မားလာစေပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာအလေးချိန်တိုးလာတာဟာ သဘာဝပါပဲ။ ဒါပေမယ့် ဒါကဆိုးကျိုးတွေအများကြီးဖြစ်စေနိုင်ပါတယ်။
ဆီးချိုရောဂါ
ဆီးချိုရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမ်းတွေမှာ ကိုယ်ဝန်ဆောင်နေစဉ် သွေးတွင်းသကြားဓါတ်မြင့်တက်လာဖို့ လွယ်ကူပါတယ်။ ကလေးမွေးဖွားပြီးချိန်မှာ အဆိုပါအမျိုးသမီးတွေရဲ့ကလေးတွေဟာ အသက်၃နှစ်အရွယ်မှာ အဝလွန်လာနိုင်ဖို့များပါတယ်။ သူတို့မှာ အသားဝါ၊ အသက်ရှူခြင်းဆိုင်ရာပြဿနာတွေ၊ သွေးတွင်းသကြားဓါတ်နည်းတာ စတဲ့ အခြေအနေတွေလည်းဖြစ်ပေါ်လာနိုင်ပါသေးတယ်။
အစားအသောက်ပုံစံ
သင့်ရဲ့ဆရာဝန် သို့မဟုတ် အာဟာရဆိုင်ရာပညာရှင်က သင့်ရဲ့သွေးထဲက glucose ကို ကျန်းမာရေးနဲ့ညီညွတ်တဲ့အတိုင်းအတာမှာထားနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ သူတို့က သင့်ကို အစားအသောက်အမျိုးအစားဘယ်လိုခွဲရမယ်ဆိုတာနဲ့ အစာစားချိန်ကို ညွှန်ကြားပေးနိုင်ပါလိမ့်မယ်။
ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေ၊ ဂျုံကြမ်းပေါင်မုန့်တွေ၊ လုံးတီးဂျုံနဲ့လုပ်ထားတဲ့ ဘီစကစ်တွေနဲ့ အုတ်၊ဂျုံစတဲ့အနှံမျိုးဝင်တွေဟာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ သဘာဝအာဟာရဓါတ်တွေပါဝင်တဲ့ သဘာဝအမျှင်ဓါတ်တွေလို့ လူသိများပါတယ်။ နေ့စဉ် အစာစားချိန်တိုင်းမှာ အမျှင်ပမာဏ၁၀ဂရမ်တိုးခြင်းဟာ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဖြစ်နိုင်ချေကို ၂၆%ထိလျှော့ချပေးနိုင်ပါတယ်။
လှုပ်ရှားမှု
ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ရဲ့ ဂလူးကို့စ်လယ်ဗယ်ကို ကျန်းမာရေးနဲ့ညီညွတ်တဲ့အတိုင်းအတာအတွင်းမှာ ထိန်းသိမ်းထားနိုင်ပါတယ်။ လမ်းလျှောက်ခြင်းနဲ့ ရေကူးခြင်းတွေက ကောင်းမွန်ပေမယ့် အလွန်အကျွံလေ့ကျင့်ခန်းလုပ်တာမျိုး မလုပ်သင့်ပါဘူး။ ဘယ်လောက်လေ့ကျင့်ရမယ် ဘယ်လိုပုံမှန်လေ့ကျင့်ရမယ်ဆိုတာကို သိနိုင်ဖို့ ဆရာဝန်ထံမှ အကြံဉာဏ်တောင်းပါ။ ဒါဟာသင့်ရဲ့ ကျန်းမာရေးအခြေအနေအားလုံးပေါ် မူတည်ပါတယ်
ဆေးသောက်ပါ။
သင့်ရဲ့သွေးတွင်းသကြားဓါတ်က မြင့်တက်နေဆဲပဲဆိုရင် ဆရာဝန်က ကျန်းမာရေးနဲ့ညီတဲ့အနေအထားမှာထိန်းသိမ်းထားနိုင်ဖို့နဲ့ သင့်ကလေးကိုကာကွယ်နိုင်ဖို့ ဆေးညွှန်းပေးပါလိမ့်မယ်။
သွေးတိုးရောဂါ
သွေးတိုးရောဂါဟာ လေဖြတ်ခြင်း၊နှလုံးရုတ်တရက်ဖောက်ပြန်မှု၊ နှလုံးရောဂါ သို့မဟုတ် ကျောက်ကပ်ရောဂါဖြစ်နိုင်ချေတွေကို ၂ဆတိုးစေပါတယ်။ ဒါဟာ အဝလွန်ခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ မျိုးရိုးရှိခြင်းစတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ သွေးတိုးရောဂါကို ကုသရာမှာ ဘဝနေထိုင်မှုပုံစံပြောင်းလဲခြင်းလည်းပါဝင်ပြီး ဆေးကုသမှုတွေလည်း ခံယူရနိုင်ပါတယ်။
ဘဝနေထိုင်မှုပုံစံပြောင်းလဲခြင်း
ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံဟာ သွေးတိုးခြင်းကို ကာကွယ်ကုသနိုင်ဖို့ အရေးကြီးတဲ့အဆင့်တစ်ဆင့်ပါ။ တကယ်လို့သင်က အဝလွန်နေတယ်ဆိုရင် ပုံမှန်အေရိုးဗစ်လေ့ကျင့်ခန်းလုပ်တာက အလေးချိန်ကျသွားစေနိုင်ပါတယ်။
ဆေးလိပ်ဖြတ်ပါ သို့မဟုတ် အရက်ကို အကန့်အသတ်နဲ့သောက်ပါ။
ကျန်းမာစေတဲ့ စားသောက်နေထိုင်မှုပုံစံပြောင်းလဲပါ။ (အသီးအနှံ၊ဟင်းသီးဟင်းရွက် နဲ့ အဆီနည်းနို့ထွက်ပစ္စည်းတွေ၊ ပြည့်ဝဆီနဲ့ဆိုဒီယမ်ပါဝင်မှုနည်းတဲ့စားစရာတွေကို ပိုမိုစားသုံးပါ။)
ဆေးဝါးနှင့်ကုသခြင်း
သွေးတိုးရောဂါပြင်းထန်ရင် ကုသနိုင်တဲ့ဆေးအမျိုးအစားတွေများစွာရှိပါတယ်။ ဥပမာ-
• Beta-blockers
• Calcium channel blokers
• Alpha-blokers
• Alpha-agonists
• Renin inhibitors
• အခြားသောပေါင်းစပ်ဆေးဝါးများ
ကိုယ်ဝန်ဆောင်နေစဉ် အလေးချိန်အလွန်အမင်းတိုးလာခြင်းဟာ မိခင်ကိုရောကလေးကိုပါ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ကလေးမွေးဖွားပြီးခဲ့ရင်တောင် သင့်ခန္ဓါကိုယ်အချိုးအစားဟာ အရင်အတိုင်းပြန်ဖြစ်နိုင်တော့မှာမဟုတ်ပါဘူး။ ယနေ့ခေတ်မှာ ခေတ်မှီတဲ့မိခင်တွေဟာ သူတို့အတွက်အကောင်းဆုံးဆိုတာကို အမြဲတမ်းသိဖို့ကြိုးစားနေကြပါပြီ။ ဒါကြောင့် သင်ကိုယ်တိုင်ရော သင့်ကလေးကိုပါ အန္တရာယ်ကင်းစေဖို့ ကြိုးစားလိုက်ကြရအောင်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။