brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးများ၏အစာတွင် ဆားဓါတ်လျှော့ချရန်နည်းလမ်းသုံးသွယ်

ဆားသည် အရွယ်ရောက်ပြီးသူများ၏ အစားအစာတိုင်းတွင် အရေးကြီးဆုံးပါဝင်ပစ္စည်းများထဲမှ တစ်ခုဖြစ်သည်။ ထို့ကြောင့်မိဘအတော်များများသည် ကလေးများစားကောင်းရန် (သို့) အစားအစာကိုပိုအရသာရှိစေရန် ရည်ရွယ်၍ ကလေးငယ်များ၏အစားအစာများတွင် ဆားထည့်လေ့ရှိကြသည်။ သို့သော်လည်း သင့်ကလေးဟာ ဆားကို တကယ်လိုအပ်တာ ဟုတ်ရဲ့လား။

ကလေးများ၏အစာတွင် ဆားဓါတ်လျှော့ချရန်နည်းလမ်းသုံးသွယ်

ကလေးငယ်တွေရဲ့အစားအစာတွေထဲမှာ ဆားထည့်ဖို့လိုအပ်ပါသလား။

ကလေးငယ်တို့၏အစားအစာထဲတွင် ဆားထည့်ဖို့မလိုအပ်ပါ။ အဘယ့်ကြောင့်ဆိုသော် ကလေးငယ်များသည် အသက်တစ်နှစ်အရွယ်ထိ ဆားဓါတ်လိုအပ်မှု အလွန်နည်းပါးသောကြောင့်ဖြစ်သည်။ (တစ်နေ့လျှင် ဆား တစ်ဂရမ်အောက် (ဆိုဒီယမ် ဝ.၄ ဂရမ်)သာလိုအပ်ပါသည်)။ အကယ်၍တစ်နေ့လျှင် ဆားတစ်ဂရမ်အထက် ပိုမိုစားသုံးမည်ဆိုပါက ကလေးငယ်၏ကျောက်ကပ်များ ကောင်းမွန်စွာ အလုပ်လုပ်နိုင်မည်မဟုတ်ပါ။

ကလေးအသက်ခြောက်လအတွင်း မိခင်နို့သို့မဟုတ် နို့ဘူးမှ လုံလောက်သောဆားပမာဏရရှိပါသည်။

ဖြည့်စွက်စာနှင့် အခြားအစားအစာများ စတင်ကျွေးမည်ဆိုပါက အစားအစာများပေါ့ရွှတ်နေသည်ဟု ထင်လျှင် တောင်မှ ဆားထည့်မကျွေးသင့်ကြောင်း အကြံပြုထားပါသည်။ လမ်းလျှောက်တတ်စကလေးငယ်များ သည်လည်း ဆားကို အနည်းငယ်သာလိုအပ်ပါသည်။ ကလေးအသက်တစ်နှစ်မှ သုံးနှစ်အတွင်း နေ့စဉ်ဆားလိုအပ်မှုအများဆုံး ပမာဏမှာ တစ်နေ့လျှင် နှစ်ဂရမ်သာဖြစ်ပါသည်။ (ဆိုဒီယမ် ဝ.၈ ဂရမ်)

ကလေးများ၏အစားအစာတွင် ဆားဓါတ်လျှော့ချရန်နည်းလမ်းသုံးသွယ်

၁။ စားသောက်ကုန်တစ်ခုကိုမဝယ်မီ ဆားပါဝင်မှုပမာဏကို စစ်ဆေးပါ။

စားသောက်ကုန်များတွင် ပါဝင်သော ဆားနှင့်အခြားပစ္စည်းများပါဝင်မှုကို သေချာကြပ်မတ်၍ ကလေးငယ်အတွက် အစားအစာပြင်ဆင်သင့်ပါသည်။ အသင့်စားသုံးရန် အစားအစာဝယ်ယူ ကျွေးမွေးမည် ဆိုပါကလည်း (ထိုအစားအစာသည် ကလေးများအတွက် အထူးထုတ်လုပ်ထားသည် ဆိုလျှင်တောင်မှ) သတ်မှတ်ထားသောပမာဏများနှင့် ကိုက်ညီသင့်ပါသည်။

ကလေးများ၏အသက်ပေါ်မူတည်ပြီး တစ်နေ့လျှင်စားသုံးသင့်သော ဆားပမာဏများမှာ

– အသက်တစ်နှစ် မှ သုံးနှစ်အတွင်း=တစ်နေ့လျှင်ဆားနှစ်ဂရမ် (ဆိုဒီယမ် ဝ.၈ ဂရမ်)

– အသက်လေးနှစ် မှ ခြောက်နှစ်အတွင်း=တစ်နေ့လျှင်ဆားသုံးဂရမ် (ဆိုဒီယမ် ၁.၂ ဂရမ်)

– အသက်ခုနစ်နှစ် မှ ဆယ်နှစ် အတွင်း=တစ်နေ့လျှင်ဆားငါးဂရမ် (ဆိုဒီယမ် ၂ ဂရမ်)

– အသက် ဆယ့်တစ်နှစ် နှင့် အထက်=တစ်နေ့လျှင်ဆားခြောက်ဂရမ် (ဆိုဒီယမ် ၂.၄ ဂရမ် )

သင့်ကလေးကို ငယ်စဉ်ကတည်းကဆားများများ မစားစေခြင်းအားဖြင့် အငန်များသောအစားအစာများ ကြိုက်တတ်ခြင်းကိုလည်း ကာကွယ်ပြီးသားဖြစ်သွားပါသည်။ ဆိုလိုသည်မှာ ငယ်စဉ်ကတည်းက ဆားပေါ့သော အစာအာဟာရကျွေးခြင်းအားဖြင့် ထိုကလေးငယ်များ အရွယ်ရောက်လာပါကလည်း ဆားစားသုံးမှုလျော့ကျသွားမည်ဖြစ်သည်။

၂။ ဆားပါဝင်မှုများသော အစားအစာနှင့်သရေစာမုန့်များရှောင်ကြဉ်ပါ။

• ဘီစကစ်မုန့်များ ၊

• ခရက်ကာများ ၊

• ဟင်းချိုများ၊

• ဟင်းရည်များ၊

• အချဉ်ရည်များ၊

• ပီဇာများ၊

• ဝက်ပေါင်ခြောက် ၊

• အာလူးကြော်များ ၊

• ချီးစ် ၊

• ဟင်းချိုခဲ ၊

• သံလွင်ဆီ ၊

• ဆားရည်စိမ်အစားအစာ၊

• ပုဇွန်များ ၊

• ဆားလှော်ပဲများ ၊

• ငါးခြောက်များ ၊

• အသားကင်၊ ငါးကင်များ ။

၃။ ကျန်းမာရေးနှင့်ညီညွတ်သည်ဟုထင်ရသော အစားအစာများတွင် တောင်မှ ဆားပါဝင်မှုကို သတိပြုပါ။

• တို့ဟူးကဲ့သို့ပဲပိစပ်ပါဝင်သောအသားဓါတ်ကြွယ်ဝသည့် အစားအစာများ

• အထူးပြုလုပ်ထားသော ချိစ့်များ

• နွားနို့ကိုအခြခံ၍ပြုလုပ်ထားသောသောက်စရာများ

• ပဲပိစပ်အချဉ်ဖြင့်ပြုလုပ်ထားသော အသင့်စားအရှေ့တိုင်းအစားအစာများ

• ဆိုဒီယမ် နှစ်ရာ မီလီဂရမ်နှင့်အထက်ပါဝင်သော အာဟာရများ

ကလေးတစ်ယောက်ကို စောင့်ရှောက်ခြင်းနှင့် အာဟာရမျှတအောင် ကျွေးမွေးရသော အလုပ်သည် လွယ်ကူသော အလုပ်မဟုတ်ပါ။ သို့ဖြစ်၍ သင်၏ကလေးငယ် ပျော်ရွှင်ကျန်းမာသောဘဝပိုင်ဆိုင်နိုင်စေရန် ကလေးငယ်များ၏အစားအစာတွင် ပါဝင်သင့်သောဆားပမာဏနှင့် အရွယ်ရောက်ပြီးသူများ၏အစားအစာတွင် ပါဝင်ရမည့်ဆားပမာဏခြားနားချက်ကို သေချာစွာ သိရှိပြီး ဂရုစိုက်သင့်ပါသည်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Dr. K Zin Thwe
Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr. Kaung Thar မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/08/2022 ဖြစ်ပါသည်။