brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးဘဝမှာကတည်းက ကျန်းမာပျော်ရွှင်နေစေဖို့ သကြားလျှော့ကျွေး ပါ

ကိုယ့်ရဲ့ကလေး အကောင်းဆုံးကြီးထွားလာစေဖို့ တာဝန်ကို အဓိကယူထားသူတွေက မေမေနဲ့ ဖေဖေပေါ့။ ကိုးလလွယ်လို့ဆယ်လဖွားထားရတဲ့ကလေးကို အကောင်းဆုံးရှင်သန်ကြီးပြင်းဖို့ မေမေတိုင်းလုပ်ပေးချင်မှာပါ။ ဒါဆိုရင်ဘာလုပ်မလဲ ငယ်ငယ်ကတည်းက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံနဲ့ နေထိုင်မှုအလေ့အထကို ပျိုးထောင်ပေးရုံပေါ့။ ဒီထဲမှာ အရေးကြီးတာကတော့ ကလေးကို သကြားလျှော့ကျွေး ဖို့ပါ။

ကလေးဘဝမှာကတည်းက ကျန်းမာပျော်ရွှင်နေစေဖို့ သကြားလျှော့ကျွေး ပါ

ကလေးတစ်ယောက် ကောင်းစွာကြီးပြင်းစေဖို့ သကြားလျှော့ကျွေး စို့

ကလေးတစ်ယောက် ကောင်းစွာကြီးပြင်းစေဖို့ဆိုရင် အာဟာရပြည့်ဝအောင်ကျွေးမွေးတာအပြင် ငယ်စဉ်ကတည်းက သကြားလျှော့ကျွေး ဖို့လည်း လိုပါမယ်။ ခန္ဓာကိုယ်အတွက် အချိုဓာတ်က လိုတယ်ဆိုပေမယ့် လိုတာထက်ပိုတဲ့အခါ ကလေးရဲ့ လက်ရှိကျန်းမာရေးအခြေအနေပေါ်မှာရော၊ ရေရှည်ကြီးထွားဖွံ့ဖြိုးမှုအပေါ်မှာ ထိခိုက်စေနိုင်ပါတယ်။

သကြားဆိုတာက

သကြားဆိုတာက များသောအားဖြင့် အစားအစာတွေနဲ့ သောက်စရာတွေထဲမှာ ပါလေ့ရှိတဲ့ ကာဗိုဟိုက်ဒရိတ်တစ်မျိုးပါ။ ကော်ဖီနဲ့ အခြားသော မြန်မာမုန့်တွေစားတဲ့အခါမှာလည်း သကြားကို တွဲဖက်ပြီး စားတတ်ကြပါသေးတယ်။ ဟင်းချက်တဲ့အခါ ထည့်သုံးတတ်ကြသလို သစ်သီးဖျော်ရည်တွေထဲကိုလည်း ထည့်ကြပါတယ်။ အချိုပွဲတော်တော်များများမှာလည်း သကြားက မပါမဖြစ်ပါရသေးတယ်နော်။

သကြားက စွဲလမ်းစေတတ်လား……

သကြားက စွဲလမ်းစေတတ်သလိုမျိုး သဘောရှိပါတယ်။ ဘိန်းစွဲတာ၊ အရက်စွဲတာနဲ့တော့ ကွာပါတယ်။ အချိုရည်တွေ၊ ဒိုးနတ်စ်လိုမျိုး မုန့်ချိုချိုလေးတွေကို တစ်ခါလောက်စားပြီးရင် နောက်ထပ်စားချင်လာတယ်ဆိုတာက သကြားကြောင့်ဖြစ်လာတဲ့ စွဲလမ်းမှုပါ။ သကြားမစားရ မနေနိုင် ဖြစ်နေတဲ့ ကလေးတွေက နောင်အခါမှာ ကျန်းမာရေးပြဿနာမျိုးစုံ ဖြစ်လာနိုင်ပါတယ်။

ငယ်စဉ်ကတည်းက သကြားလျှော့ကျွေး ပါလို့ ဘာကြောင့်ပြောရတာလဲ………..

ငယ်စဉ်ကတည်းက သကြားလျှော့ကျွေး ပါလို့ ပြောရတဲ့အကြောင်းကတော့ ရှင်းပါတယ်။ ကလေးကို ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းစေချင်တဲ့ ဖေဖေမေမေတို့ရဲ့ ဆန္ဒပြည့်ဝစေဖို့ပါ။ အကြောင်းကတော့ ကလေးဆိုတာက အချိုကြိုက်မယ်။ ဒါကို မေမေဖေဖေတို့ကလည်း ကလေးစိတ်ချမ်းသာရင်ပြီးရောဆိုပြီး ကျွေးမယ်ဆိုရင် ကလေးမှာ ထိခိုက်လာနိုင်တာတွေက အများကြီးပါ။

သကြားကို လိုတာထက်ပိုစားတဲ့အခါ ကလေးမှာ

  • သလိပ်ပျစ်ပြီး ချောင်းဆိုးတာ
  • သွားပိုးစားတာ
  • အာရုံစိုက်နိုင်စွမ်း ထိခိုက်တာ
  • ဦးနှောက်ဖွံ့ဖြိုးမှုအပေါ်မှာ ထိခိုက်တာ
  • အဝလွန်တာ
  • အာဟာရချို့တဲ့တာ
  • သွေးတွင်းသကြားဓာတ် မြင့်တက်တာ
  • နောင်အခါမှာ အရွယ်မတိုင်ခင် ဆီးချိုရောဂါဖြစ်တာ
  • နှလုံးထိခိုက်တာ
  • ကျောက်ကပ်ထိခိုက်တာ
  • သကြားစွဲလမ်းတာ
  • ကင်ဆာရောဂါ နဲ့
  • စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်နိုင်စွမ်းကိုထိခိုက်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။

ဘယ်အရွယ်မှာ သကြားစကျွေးမလဲ….

ကိုယ့်ရဲ့ကလေးက ငယ်စဉ်ကတည်းက မိခင်နို့ကို သောက်ခဲ့တာကြောင့် သူတို့ပထမဆုံးခံစားမိတာက အချိုအရသာပါ။ ဒီတော့ အချိုကြိုက်တာက မဆန်းဘူးဆိုပေမယ့် ကလေးတစ်ယောက်ကို ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ဆိုရင် အသက် ၂ နှစ် လောက်မှစပြီး သကြားနဲ့မိတ်ဆက်ပေးတာ အကောင်းဆုံးပါ။ သကြားဆိုတဲ့နေရာမှာ အချိုရည်တွေ၊ သကြားလုံး၊ ဂျယ်လီနဲ့ ကိတ်မုန့်တွေအားလုံး အကျုံးဝင်ပါတယ်နော်။ ၂ နှစ်အောက်ကလေးတွေကိုတော့ သကြားလုံးဝမကျွေးသင့်တာပါ။

ဘယ်လောက်ဆို အိုကေလဲ……….

အသက်အရွယ်အလိုက် သကြားစားသုံးနိုင်တဲ့ ပမာဏကွာခြားနိုင်ပါတယ်။ လေ့လာမှုတွေအရကတော့ အသက် ၂ နှစ်ကနေ ၁၈ နှစ်အတွင်း ကလေးတစ်ယောက်ဟာ တစ်နေ့ကို သကြား လက်ဖက်ရည်ဇွန်း ၆ ဇွန်းစာလောက်ပဲစားသင့်တာပါ။ ဒီပမာဏထဲမှာ သကြားအပြင် အချိုဓာတ်ပါဝင်နေတဲ့ အစားအစာအားလုံးကိုပါ ထည့်သွင်းဖို့တော့ မမေ့ပါနဲ့။

ဒါကြောင့် ကလေးကို ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်သူတစ်ဦးအဖြစ် ကြီးပြင်းလာစေချင်တယ်ဆိုရင် ငယ်စဉ်အချိန်ကတည်းက သကြားလျှော့ကျွေးပေးပါနော် မေမေဖေဖေတို့ရေ……………

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/08/2022 ဖြစ်ပါသည်။