မနက်စာ က တစ်နေ့တာအတွင်း အရေးကြီးဆုံးဖြစ်တယ်ဆိုတာကို အားလုံးသိပြီးဖြစ်ပါတယ်။ နံနက်စာစားခြင်းက သင့်ကလေးကို နေ့သစ်တစ်ရက်ကို တက်ကြွစွာဖြတ်သန်းနိုင်ရန် ကူညီပေးပါတယ်။ ဒါ့ပြင်အဝလွန်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ စိတ်ခံစားမှု ကောင်းမွန်စေပြီး အတန်းတွင်း အာရုံစူးစိုက်မှုမရှိခြင်းမှကင်းဝေးစေပါတယ်။ ဒါပေမယ့် အစားအစာထက် ကစားစရာကို နှစ်သက်မြတ်နိုးတတ်ကြတဲ့ လမ်းလျှောက်ခါစအရွယ်ကလေးတွေကို မနက်စာ ရဲ့ အရေးပါမှုကိုဘယ်လိုရှင်းပြကြမလဲ။
လမ်းလျှောက်တတ်ခါစကလေးကို မနက်စာမုန့် ကျွေးရင်သိထားရမယ့် အချက် (၆)ချက်
လမ်းလျှောက်တတ်ခါစကလေးကို မနက်စာမုန့် ကျွေးရင်သိထားရမယ့် အချက် တွေက
၁။ နေ့စဉ်မနက်စာကို မတူညီတဲ့ အစားအစာကျွေးပါ
ဘယ်လောက်ကောင်းပြီး အရသာရှိတဲ့ အစားအစာပဲဖြစ်ဖြစ် လူတစ်ယောက်က တစ်မျိုးတည်းကိုတော့ နေ့တိုင်းမစားချင်ကြပါဘူး။ သင့်ကလေးလည်း ဒီလိုပဲဖြစ်ပါတယ်။ ကလေးတွေက အရသာရှိပြီး တစ်နေ့နဲ့ တစ်နေ့ အနည်းနဲ့ အများ မတူညီကွဲပြားတဲ့ မနက်စာ ကို စားချင်ပါလိမ့်မယ်။
ဥပမာ-ဒီနေ့ အသီးအနှံ ကျွေးမယ်ဆိုရင် နောက်နေ့ကျ ဟင်းချိုတစ်ပန်းကန်၊ နောက်တစ်နေ့ကျ ကိတ်မုန့် တစ်ခုစသဖြင့် မတူတာလေးတွေ ကျွေးပေးပါ။ တစ်ခါတရံ သူတို့အစားအစာသစ်တွေ စားဖူးတယ်ရှိအောင် ထူးထူးခြားခြားလေးတွေ ပြောင်းကျွေးနိုင်ပါတယ်။
ကမ္ဘာတစ်ဝှမ်းက မနက်စာ အစားအစာများကို ကလေးနဲ့အတူတကွ အချိန်ပေးလေ့လာပြီး ကလေးကို သူစားကြည့်ချင်တဲ့ အစားအစာ စာရင်းတစ်ခုလုပ်ခိုင်းပါ။ အစားအစာများကို တစ်နေ့ နဲ့ တစ်နေ့မတူအောင် ပြောင်းကျွေးခြင်းဖြင့် သင်ရဲ့ ကလေးကို မနက်စာ စားချင်အောင် ဆွဲဆောင်ပါ။
၂။ သင့်ကလေးများကို အိပ်ရာနည်းနည်းစောစောထပါစေ
ကျွန်တော်တို့က အိပ်ရာနိုးနိုးချင်းမှာ အစာတန်းစားချင်စိတ် မရှိကြပါဘူး။ သင့်ကလေးလည်း ဒီလိုပဲဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူဗိုက်မဆာသေးလို့ပါ။ သင်ရဲ့ ကလေးကို မနက်စာမစားခင် ၁၅မိနစ်- မိနစ်၂၀လောက် စောနှိုးပါ။ ပြီးရင် ကိုယ်လက်သန့်ရှင်းရေး လုပ်ခိုင်းပါ။
သင်မနက်စာပြင်ဆင်နေချိန်မှာ သင့်ကလေးတွေကို အိပ်ရာသိမ်းခိုင်းပါ။ ၅မိနစ်-၁၀မိနစ်လောက် ဟိုဟိုဒီဒီ လုပ်ခိုင်းပါ။ ဒီနည်းနဲ့ ကိုယ်ရောစိတ်ပါ နိုးကြားလာပြီး အစာစားချင်စိတ်ဖြစ်လာပါလိမ့်မယ်။
၃။ သူတို့ ဘာစားချင်သလဲမေးပါ
တကယ်တော့ ကလေးတွေက မနက်ပိုင်းမှာ ဘာကိုမှ သိပ်မစားချင်တတ်ကြပါဘူး။ မနက်စာ မပြင်ဆင်ခင်မှာ သင့်ကလေးတွေကို သူတို့ဘာစားချင်သလဲမေးပါ။ မနက်ပိုင်းမှာ အချိုအရမ်းမစားဖို့ ကန့်သတ်ထားကြောင်း ကြိုပြောထားပါ။ ဒါမှသာ သင့်ကလေးတွေအနေနဲ့ မနက်တိုင်း ချောကလက်တွေ၊ ကွတ်ကီးတွေစားဖို့ ဂျီကျတောင်းဆိုခြင်း မပြုလုပ်မှာ ဖြစ်ပါတယ်။
၄။ အခြားမိသားစုဝင်များနဲ့ အတူတူမနက်စာစားဖို့ပြောပါ
မိဘများနဲ့အတူ တစ်စားပွဲတည်းထိုင်ပြီး အစာစားတဲ့အခါ ကလေးတွေဟာ အစာစားဖို့ သိပ်ငြင်းဆန်လေ့မရှိဘဲစားတာ ပိုတွေ့ရပါတယ်။ ဒီအချိန်က သာမာန်မနက်စာစားချိန်သာမက အရေးပါတဲ့ မိသားစုနွေးထွေးစွာ ဆုံစည်းတဲ့အချိန်လည်း ဖြစ်ပါသည်။ သင်က မနက်စာစားရင်း သူတို့ဒီနေ့ဘာလုပ်မယ်ဆိုတာ မေးရင်းနဲ့ ရင်းနှီးမှုယူလို့ရပါတယ်။ ဒီနည်းက သင့်ကလေးကို ရိုက်နှက်ဆုံးမပြီး စားပွဲမှာ အတင်းထိုင်ပြီး မနက်စာစားခိုင်းခြင်းထက် ပိုကောင်းတဲ့နည်းလမ်းဖြစ်ပါတယ်။
၅။ အသစ်အဆန်းလေးတွေ တီထွင်ပါ
တစ်ခါတရံ သင့်ကလေးက မနက်ပိုင်းမှာ ဗိုက်သိပ်ဆာမှာမဟုတ်ပါဘူး။ ဒီလိုဆိုရင် သင့်အနေနဲ့ နို့တစ်ဖန်ခွက် (သို့) ပဲနို့တစ်ဖန်ခွက်ထဲကို လတ်ဆတ်တဲ့သစ်သီးလေးတွေ လှီးထည့်ပြီး တိုက်နိုင်ပါတယ်။ ဒါမျိုးလေးတွေက လုပ်ရတာလည်း လွယ်ကူပြီး သင့်ကလေး မနက်စာစားဖို့ ကြောက်နေခြင်းကိုလည်း လျော့နည်းစေမှာပါ။
၆။ အာဟာရပြည့်ဝတဲ့ မနက်စာ ဖြစ်ပါစေ။
မနက်စာ ပြင်ဆင်ခြင်းက သင့်ကလေးအခြေအနေ၊ မိသားစုဝင်ငွေ၊ မိသားစုထုံးတမ်းဓလေ့များပေါ် မှီတည်နေပါတယ်။ အရေးကြီးတာက သင့်ကလေးရဲ့မနက်စာမှာ အမျှင်ဓာတ်၊ အသားဓာတ်၊ ကယ်လ်ဆီယမ်နဲ့ အခြားသော အာဟာရများပါဝင်သင့်ပြီး သကြားဓာတ်အနည်းငယ်သာ ပါဝင်သင့်ပါတယ်။
ကလေးကို ဘာတွေပဲကျွေးပါစေ။ တစ်နေ့တာမှာ လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်အောင်၊ လုံလောက်အောင် ကျွေးပေးဖို့ လိုပါတယ်။
ကဲ .. အိမ်ရဲ့ ဆည်းလည်း လမ်းလျှောက်တတ်ခါစကလေးကို မနက်စာမုန့် အခုလိုလေးတွေ သတိထား ပြင်ဆင်ပေးလိုက်တော့နော်။
[embed-health-tool-vaccination-tool]

















