မိဘတိုင်းရဲ့ ဆန္ဒက သူတို့ရဲ့ ကလေးကို အကောင်းဆုံးဆိုတဲ့အရာတွေပေးချင်တာပါ။ ဒီခံစားချက်က မိဘတွေပဲပိုနားလည်မယ်ထင်ပါတယ်။ ကလေးနေရထိုင်ရသက်သာဖို့၊ စားရသောက်ရအဆင်ပြေစေဖို့က အမြဲဖြစ်စေချင်တဲ့ဆန္ဒလေနော်။ ဒီတော့မွေးလာချိန်ကနေစလို့ အရွယ်ရောက်တဲ့အထိ အကောင်းဆုံးသောအရာတွေပဲပေးချင်တဲ့မေမေဖေဖေတို့အတွက် ကလေးကို နို့မှုန့်အကောင်းဆုံးဘယ်လိုရွေးချယ်ပေးမလဲပြောပြမယ်နော်။ အရင်ဆုံးနို့မှုန့်အမျိုးအစားတွေပြောပြပေးမယ်နော်။
နို့မှုန့်အမျိုးအစားတွေက ဘာတွေလဲ
နို့မှုန့်တွေက အဓိကအားဖြင့်တော့ ၄ မျိုးရှိနေပါတယ်။ ဒါတွေကတော့
- နွားနို့ကို အခြေခံပြီးထုတ်ထားတဲ့ နို့မှုန့်
- ဆိတ်နို့ကိုအခြေခံပြီးထုတ်ထားတဲ့နို့မှုန့်
- hydrolysed protein ကိုအခြေခံပြီးထုတ်ထားတဲ့ နို့မှုန့်
- ပဲနို့ကို အခြေခံပြီးထုတ်ထားတဲ့နို့မှုန့် တို့ပဲဖြစ်ပါတယ်။ ကလေးကိုနို့မှုန့်မတိုက်ခင်မှာ အသင့်တော်ဆုံးဖြစ်မယ့်အရာကိုရွေးချယ်ဖို့ကတော့မေ့ထားလို့မဖြစ်တဲ့အချက်ပါနော်။
အကောင်းဆုံးနို့မှုန့်ဖြစ်ဖို့ ဘာတွေ သတိထားရမလဲ
ကလေးက လူကြီးတွေလို စားချင်တာကို ဘာစားချင်တယ်လို့ မပြောပြနိုင်သေးသလို အစားအစာတွေကို မစားသုံးတတ်သေးပါဘူး။ ဒီတော့ သူတို့အတွက် အဓိကအားထားစရာကမေမေ့ နို့ရည်ပါ။ပြီးတော့နောက်တစ်ခုက နို့မှုန့် နဲ့ဖြည့်စွက်စာပါ။ ဒါတွေကလည်းမေမေဖေဖေစီမံပေးတဲ့အတိုင်း စားကြရတာလေ။ ဒီတော့ ကလေးအတွက် အသင့်တော်ဆုံးဖြစ်မှာကိုရွေးရမှာက ကိုယ်တွေ မိဘတွေရဲ့တာဝန်ပေါ့။ ဘယ်လိုရွေးရမလဲ သိချင်ရင် ဆက်ကြည့်နော်။
ဘေးကင်းစိတ်ချရမှု – အစားအစာကျွေးတဲ့အခါ ဘေးကင်းစိတ်ချရမှုကတော်တော်လေးအရေးပါတာပါ။ အရွယ်သုံးပါးစလုံးအတွက်ပဲဆိုပါတော့။ ကလေးအတွက်ကတော့ ပိုလို့တောင် အရေးကြီးပါသေးတယ်။ ဒီတော့ ကလေးအတွက် ရွေးချယ်မယ့် နို့မှုန့်က စားသုံးဖို့ဘေးကင်းစိတ်ချရကြောင်းထောက်ခံချက်ရထားတာသေချာလား စစ်ဆေးပါ။
သံဓာတ်– ကလေးအတွက် နို့မှုန့်ရွေးတဲ့အခါ သံဓာတ်ပါဝင်မှုရှိတာကို ရွေးချယ်ဖို့လိုပါတယ်။ မိခင်နို့ကနေ သံဓာတ်ကိုရနိုင်ပေမယ့် နို့မှုန့်တိုင်းမှာ သံဓာတ်ပါဝင်ဖို့ကတော့ နည်းနည်းခက်ပါတယ်။ သံဓာတ်က ကလေးကို သွေးအားနည်းရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်တာကြောင့် နို့မှုန့်ရွေးချယ်တဲ့အခါ သံဓာတ်ပါဝင်တာကိုရွေးချယ်ပေးပါ။
Omega 3– ခန္ဓာကိုယ်ကျန်းမာဖို့အတွက် လိုအပ်တဲ့ဓာတ်တစ်မျိုးပေါ့။ နှလုံးကျန်းမာစေနိုင်သလို အရိုးတွေကိုသန်မာစေပြီး ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ပေးနိုင်ပါတယ်။ မျက်လုံးနဲ့ အာရုံကြောစနစ်ဖွံ့ဖြိုးဖို့အတွက်လည်း လိုအပ်ပါတယ်။ ခန္ဓာကိုယ်က Omega 3 ကိုမထုတ်နိုင်တာကြောင့် အစားအစာကနေတဆင့်ပဲ Omega 3 ကိုရယူနိုင်တာပါ။ နောက်တစ်ခုက ကလေးကို ငယ်စဉ်ကတည်းက Omega 3 ပုံမှန်စားသုံးစေမယ်ဆိုရင် အသက်ကြီးလာတဲ့အခါ ပန်းနာရင်ကျပ် ဖြစ်နိုင်ခြေကို လျှော့နည်းစေပါတယ်။
Docosahexaenoic acid (DHA)–ဦးနှောက်ရဲ့ လုပ်ငန်းစဉ်တွေကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်စေဖို့အတွက်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ Fatty Acid တစ်မျိုးပါ။ ဒါကြောင့် သားသားမီးမီးတွေကို ဦးနှောက်ဖွံ့ဖြိုးစေဖို့အတွက် DHA ပါတဲ့ နို့မှုန့်ရွေးဖို့ မေမေ့ပါနဲ့။
Omega 6– ဒီဓာတ်က ကလေးတွေကျန်းမာစေဖို့ အထောက်အပံ့ပေးပါတယ်။ ကြီးထွားဖွံ့ဖြိုးမှု၊ ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ Fatty acid တစ်မျိုးပါ။ ဒါကြောင့် ကလေးအတွက် နို့မှုန့်ရွေးချယ်တဲ့အခါ ဒီဓာတ်ကိုလည်းမေ့မထားပါနဲ့။
Prebiotics (အကျိုးပြုဘက်တီးရီးယား အာဟာရ) – ဖွံ့ဖြိုးဖို့ အစပျိုးနေတဲ့ ကလေးအတွက် အရေးကြီးဆုံးအချက်တစ်ချက်ဖြစ်တဲ့ အစာခြေစနစ် ကျန်းမာဖို့လိုအပ်တဲ့ ဓါတ်တစ်မျိုးပေါ့။ ကလေးကို လေနာဝေဒနာကင်းစေပြီး ကျန်းမာဖွံဖြိုးဖို့ အထောက်အကူပြုပေးနိုင်မှာပါ။
Probiotics (အကျိုးပြုဘက်တီးရီးယား) – အစာခြေစနစ်ကျန်းမာဖို့ နဲ့ ကိုယ်ခံအားကောင်းစေဖို့ ကြီးထွားဖွံဖြိုးဖို့အတွက် လိုအပ်တဲ့ ဘက်တီးရီးယားတစ်မျိုးပါ။ကောင်းမွန်ကျန်းမာတဲ့ အစာခြေစနစ်နဲ့ ကျန်းမာဖွံ့ဖြိုးတဲ့ ကလေးအဖြစ်ကြီးပြင်းစေမှာပါ။
Organic Foods ( သဘာဝမြေသြဇာသုံးအစားအစာ) တွေကိုအခြေခံပြီးထုတ်ထားတာလား – ဒါကလည်း ကလေးအတွက် အစာအာဟာရရွေးချယ်ရာမှာ အရေးပါတဲ့အချက်တစ်ခုပေါ့။ နုနယ်လွန်းတဲ့ကလေးတွေအတွက် ပိုးသတ်ဆေးနဲ့ ဓာတုဗေဒပစ္စည်းတွေပါဝင်မှုကင်းမှ အဆိပ်အတောက်ကင်းတဲ့ အာဟာရဖြစ်မှာကြောင့်ပါ။
ကလေးအတွက် အစာအာဟာရဖြစ်စေမယ့်အရာကိုဝယ်တိုင်း ကလေးကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ဓာတ်တွေနဲ့ ဘေးကင်းလုံခြုံရေးစိတ်ချရတဲ့ Brand မျိုးကိုသတိထားဝယ်ယူပေးပါ။ ဈေးကွက်ထဲမှာတော့ ကလေးတွေအတွက် နို့မှုန့်တွေ၊ ဖြည့်စွက်စာတွေက အများကြီးပါ။ အသင့်တော်ဆုံးနဲ့ ဘေးကင်းစိတ်ချရဖို့က ကိုယ်တိုင်ပေါ်မှာမူတည်ပါတယ်နော်။ ဒီတော့ ကလေးကို လိုအပ်တဲ့အာဟာရတွေပြည့်ဝပြီးဘေးကင်းစိတ်ချရတာ ရွေးချယ်ပေးမိဖို့ဈေးဝယ်ထွက်တဲ့အခါ အချိန်လေးပေးပြီးသေချာရွေးချယ်လိုက်ပါနော်။
ကလေးအတွက်ဘေးကင်းစိတ်ချရတဲ့ အာဟာရတွေကျွေးမွေးနိုင်ကြပါစေမေမေဖေဖေတို့ရေ…….
[embed-health-tool-vaccination-tool]

















