ကလေးတစ်ယောက်ကောင်းကောင်းမွန်မွန်ကြီးပြင်းလာစေဖို့ အရေးကြီးဆုံးကဘာဖြစ်မယ်ထင်လဲ။ အာဟာရ ေကာင်းမွန်စွာရရှိစေဖို့ပေါ့။ ဒါဆိုအစားများများကျွေးရမှာပေါ့လို့မေးစရာရှိမှာပါ။ ကလေးအာဟာရပြည့်ဖို့အတွက် အစားများများကျွေးဖို့လိုတယ်ဆိုပေမယ့် စားသမျှအာဟာရကို စုပ်ယူနိုင်မှလည်း ကလေးက အာဟာရပြည့်ဝမှာပါ။ ဒီတော့ဘာလုပ်ရမလဲ။ ရှင်းပါတယ် ကလေးရဲ့ ဝမ်းဗိုက်လေးကျန်းမာစေဖို့ဂရုစိုက်ရမှာပေါ့။ အစာခြေစနစ်က အာဟာရတွေကို အကောင်းဆုံးစုပ်ယူနိုင်မှ ကလေးက အာဟာရပြည့်ဝပြီး ကျန်းမာပျော်ရွှင်စွာကြီးပြင်းနိုင်မှာပါ။
ကလေးရဲ့ အစာခြေစနစ်ကျန်းမာဖို့ အဓိကထိန်းချုပ်ထားသူတွေက ဘယ်သူတွေလဲ……
ကလေးရဲ့အစာခြေစနစ်ကို ကျန်းမာစေဖို့ အဓိကထိန်းချုပ်ထားသူတွေက အစာခြေစနစ်တလျှောက်မှာရှိနေတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေပါ။ ဒီအကျိုးပြုဘက်တီးရီးယားလေးတွေကို Probiotics တွေလို့ခေါ်ပါတယ်။ သူတို့က သက်ရှိဘက်တီးရီးယားလေးတွေဖြစ်ပြီး အစာခြေစနစ်ကျန်းမာစေပြီး အာဟာရတွေကို အကောင်းဆုံးစုပ်ယူနိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရတွေကို အကောင်းဆုံး စုပ်ယူနိုင်စေဖို့ဆိုရင် အကျိုးပြုဘက်တီးရီးယား (Probiotics)တွေကျန်းမာနေဖို့လိုပါမယ်။
Probioticsတွေကျန်းမာစေဖို့ ဘာတွေလိုအပ်မှာလဲ……..
အကျိုးပြုဘက်တီးရီးယား (Probiotics)တွေက သက်ရှိဘက်တီးရီးယားတွေဖြစ်တာကြောင့် သူတို့ရှင်သန်ဖို့လည်း အာဟာရကို လိုအပ်မှာ အသေအချာပါ။ ဒီတော့ သူတို့ကျန်းမာစေဖို့ရော အစာခြေစနစ် ကျန်းမာဖို့အတွက်ရော မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တစ်မျိုးရှိပါတယ်။ ဒါကတော့ အကျိုးပြုဘက်တီးရီးယား အာဟာရလို့ လူသိများကြတဲ့ Prebiotics ပါ။ Prebioticsတွေက အူထဲမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေကို လိုအပ်တဲ့ အာဟာရတွေကို အကောင်းဆုံးစုပ်ယူပေးနိုင်အောင် အထောက်အပံ့ပေးလို့ ကလေးကို စိတ်ပိုင်းဆိုင်ရာကိုရော ရုပ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာဖွံ့ဖြိုးစေနိုင်မှာပါ။
ကလေးရဲ့ အစာခြေစနစ်ထဲက Prebiotics ရဲ့ အခန်းကဏ္ဍ
အစာခြေစနစ်ကျန်းမာမှုက ကြီးထွားဖွံ့ဖြိုးမှုအတွက် အဓိကကျတဲ့အချက်တစ်ခုပေါ့။ ဒီအစာခြေစနစ်ကို ဟန်ချက်ညီအောင် ထိန်းပေးတာက အကျိုးပြုဘက်တီးရီးယား (Probiotics)၊ သူတို့ကို အကောင်းဆုံးစွမ်းဆောင်ရည်ရအောင် ပံ့ပိုးပေးတာက အကျိုးပြုဘက်တီးရီးယားအာဟာရ (Prebiotics) ပါ။ ဒီတော့ အကျိုးပြုဘက်တီးရီးယားအာဟာရက ခန္ဓါကိုယ်အတွက် ဘယ်လောက်ထိအကျိုးပြုလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။
- အစာခြေစနစ်ကျန်းမာစေနိုင်တယ်
- အူတွေကို အာဟာရဓါတ်တွေအကောင်းဆုံးစုပ်ယူနိုင်စေတယ်
- ဝမ်းမချုပ်အောင်ကာကွယ်ပေးတယ်
- ဝမ်းပျက်ဝမ်းလျှောကာကွယ်ပေးတယ်
- ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးစေတယ်
- ကိုယ်ခံအား ကောင်းစေတယ်
- မှတ်ဉာဏ်ကောင်းစေတယ်
- အစာကြေစေနိုင်တယ်
- လေနာကင်းစေတယ်
- အရေပြားပြဿနာကင်းစေနိုင်တယ်။
အစာခြေစနစ်ကျန်းမာစေဖို့ လိုအပ်မယ့် အကျိုးပြုဘက်တီးရီးယားအာဟာရ (Prebiotics)တွေကို ဒီအစားအစာတွေကနေရရှိစေနိုင်ပါတယ်။
ကိုယ့်ရဲ့ ကိုယ်ပွားဖြစ်တဲ့ သားသားမီးမီးတို့ကို အစာခြေစနစ်ကျန်းမာလို့ ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ် ပျိုးထောင်ချင်တယ်ဆိုရင်ဖေဖေမေမေတို့အနေနဲ့ အခုပြောခဲ့အချက်လေးတွေကို သတိထားပေးပါနော်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။