အအေးသောက်မယ်၊ အချိုရည်သောက်မယ် တကဲကဲနဲ့ ပူဆာနေတတ်တဲ့ သားသားမီးမီးတွေကို ပိုင်ဆိုင်ထားတာလား။ ကလေးကျေနပ်ရင်ပြီးရော အချိုရည်လေးဝယ်တိုက်လိုက်တာပဲ ဆိုရင်တော့ မေမေတို့ မှားနေပါပြီနော်။
အအေးသောက်မယ်၊ အချိုရည်သောက်မယ် တကဲကဲနဲ့ ပူဆာနေတတ်တဲ့ သားသားမီးမီးတွေကို ပိုင်ဆိုင်ထားတာလား။ ကလေးကျေနပ်ရင်ပြီးရော အချိုရည်လေးဝယ်တိုက်လိုက်တာပဲ ဆိုရင်တော့ မေမေတို့ မှားနေပါပြီနော်။

အချိုရည်သောက်တာများရင် ချောင်းဆိုးရင်ကျပ်အတွက်ပဲ ပြဿနာရှိတာမဟုတ်လို့ပါပဲ။ အချိုကဲတဲ့ အစားနဲ့ အသောက်တွေက ကလေးတွေကို ကိုယ်အလေးချိန်တက်စေနိုင်(အဝလွန်စေနိုင်)တယ်၊ နှလုံးရောဂါ၊ သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်း၊ သွားပိုးစားခြင်းစတဲ့ ကျန်းမာရေးအန္တရာယ်တွေ အများကြီး ဖြစ်လာစေနိုင်ပါတယ်။ ကျန်းမာရေးပညာရှင်တွေရဲ့ အကြံပြုချက်အရ ကလေးတွေဟာ တစ်ပတ်ကို အချိုရည် ၈ အောင်စလောက်ပဲ သောက်သင့်တယ်လို့ ဆိုပါတယ်။ ဒါဟာ ပုံမှန်အချိုရည်သံဘူးတစ်ဘူးစာထက် ပိုနည်းတဲ့ပမာဏပါ။
(၁) သွားပိုးစားမယ်၊ သွားတွေ ပျက်စီးလာမယ်
(၂) အဝလွန်လာမယ်
(၃) အခြားကလေးတွေနဲ့ယှဉ်ရင် အာဟာရချို့တဲ့လာမယ်
(၄) ကိုယ်ခံအားနည်းပြီး ရောဂါတွေ ဝင်လွယ်လာမယ်
(၅) အချိုကို စွဲလန်းလာတယ်
(၆) မှတ်ဉာဏ်တွေကို ထိခိုက်စေတယ်
(၇) ချောင်းဆိုး၊ ရင်ကြပ်စေတယ်
ဒါ့ကြောင့် အချိုရည်လုံးဝမသောက်ရဘူးလို့ တားမြစ်လို့လည်းမဖြစ်ပြန်ပါဘူး။ ကလေးဆိုတာမျိုးက မလုပ်နဲ့ဆိုမှ ပိုလုပ်ချင်တာဆိုတော့ ဒါလည်းနည်းလမ်းမှန်မဟုတ်ပါဘူး။ မေမေတို့ဘက်က ဉာဏ်ရှိရှိနဲ့ လှည့်စားရမယ်၊ ဆွဲဆောင်ရမယ်၊ ဖျောင်းဖျရမယ်၊ ချော့မော့ရမယ်လေ။
ကဲ…ဒါအရှင်းဆုံးပဲမလား။ တချို့က အိမ်ကရေခဲသေတ္တာထဲမှာ အချိုရည်ဘူးတွေ အမြဲမပြတ် စီထည့်ထားတတ်တယ်။ ဒီလိုထားတာက ကလေးအတွက် အနီးကပ်ရန်သူပါနော်။ သူဟာသူ ယူသောက်ဖို့လွယ်သလို အမြဲရှိနေတော့ မြင်တိုင်းသောက်ဖို့ပူဆာပါလိမ့်မယ်။
ကလေးတွေကို လုံးဝအချိုရည်ဖြတ်တာထက် သောက်သုံးမှုလျော့စေဖို့ထိန်းတာ ပိုကောင်းပါတယ်။ သူသိပ်ကြိုက်တော့လည်း တစ်ခါတလေတိုက်ပေါ့။ ဒါပေမယ့် ဒီလိုတိုက်တဲ့အချိုရည်က အရည်အသွေးကောင်းပြီး ဘေးကင်းစိတ်ချရဖို့လိုပါတယ်။ ဥပမာ အရောင်ဆိုးဆေး၊ အနံ့အတု၊ အရသာအတုတွေများတဲ့ အချိုရည်က အဆိပ်သက်သက်မို့ပါပဲ။ အချိုပါတာချင်းတူတူ သဘာဝအသီးကိုအခြေခံပြီးထုတ်တာမျိုး၊ အချိုနည်းတာမျိုးကို ရွေးသင့်ပါတယ်။
အသင့်သောက်အချိုရည်တွေနဲ့စာရင် အသီးအနှံတွေကို ကိုယ်တိုင်ကြိတ်ဖျော်တဲ့ အချိုရည်က ကျန်းမာရေးနဲ့အာဟာရဓာတ်တွေအတွက် ပိုသင့်တော်ပါတယ်။ တာရှည်ခံပစ္စည်းနဲ့ အနံ့အရသာအတုတွေ မပါတာနဲ့တင် သာနေပါပြီ။
တစ်ပတ်မှာ ဘယ်နှကြိမ်ပဲအချိုရည်သောက်ရမယ်ဆိုတာမျိုး စည်းကမ်းလေးကန့်သတ်ထားဖို့ လိုပါတယ်။ တစ်နေ့တည်း နှစ်ဘူး၊ သုံးဘူး သောက်ပစ်တာမျိုးတော့ အလိုလိုက်မထားသင့်ပါဘူး။
ကလေးကိုတော့ တားထားပြီး လူကြီးတွေက အချိုရည်သောက်ကြရင် မတရားရာကျပါတယ်နော်။ ဒါကိုမြင်တဲ့ကလေးကလည်း တားလို့ရတော့မှာမဟုတ်ပါဘူး။ ဆီးချိုသွေးချိုအန္တရာယ်နဲ့ အဝလွန်အန္တရာယ်ဟာလည်း ကလေးနဲ့လူကြီး အတူတူဖြစ်နိုင်ခြေရှိတာမို့ အချိုစားသုံးမှုကို ဆင်ခြင်သင့်တာအမှန်ပါပဲ။