အစားကြေးများတတ်တဲ့ကလေးတွေကို ဘယ်လိုအစားအသောက်စီစဉ်ပေးရမလဲပဲခေါင်းစားတတ်ကြပါတယ်။ ဟိုဟိုဒီဒီအကုန်စားတတ်တဲ့ ကလေးတွေဆို သိပ်မတွေးဘဲ အကုန်ကျွေးတတ်ကြတယ်မလား။ တချို့လူကြီးတွေပြောတာ ကလေးဆိုတာ အစုံစားမှ ကျန်းမာမှာဆိုတဲ့စကားက ပါသေးတယ်။ အခုမှဖွံ့ဖြိုးကာစအရွယ်မှာ အစုံရရှိသင့်တာက အာဟာရဓါတ်ေတွပါ၊ အမျိုးအစားစုံတဲ့ စားစရာတွေ မဟုတ်ပါဘူး။ အစားအစာတွေထဲမှာ ကျန်းမာရေးအတွက် ကောင်းတာ မကောင်းတာ၊ အာဟာရဖြစ်တာ မဖြစ်တာ၊ဘေးဖြစ်နိုင်တဲ့အရာတွေ ပါတာမပါတာ အမျိုးမျိုးရှိနိုင်တယ်။
ဒီအချိန်မှာ ကလေးရဲ့ဗိုက်ထဲကို ဝင်မယ့်အစားအသောက်တွေအားလုံးက အာဟာရပြည့်ပြီး ဘေးဥပါဒ်ကင်းတာတွေချည်း ဖြစ်နေဖို့က မိဘတွေမှာ တာဝန်ရှိပါတယ်။ ကိုယ့်ကလေးစားနေတဲ့အရာတွေထဲမှာ စားသင့်တာနဲ့ မစားသင့်တာ ဘယ်နမျိုးပါနေသလဲ သိချင်ရင် ဆက်ပြီးဖတ်ကြည့်ပါဦး။
ကလေးအာဟာရမှာ ပါဝင်သင့်တဲ့ အစားအစာများ
ငှက်ပျောသီး
ငှက်ပျောသီးမှာ ကာဗိုဟိုက်ဒရိတ်ဓါတ်ေတွအပြည့်အဝပါဝင်တဲ့အတွက် ခွန်အားဖြစ်စေပြီး အမျှင်ဓါတ်က အစာခြေစနစ်ကိုကောင်းမွန်စေပါတယ်။ ကလေးကို ကျွေးမယ့် ငှက်ပျောသီးက မှည့်နေဖို့တော့လိုပါတယ်။
ကန်စွန်းဥ
ကန်စွန်းဥမှာ ပိုတက်ဆီယမ်၊ ဗီတာမင် C၊ အမျှင်ဓါတ်နဲ့ ဘီတာကယ်ရိုတင်းတို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ဘီတာကယ်ရိုတင်းဟာ ကင်ဆာကာကွယ်နိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ကန်စွန်းဥကချိုတယ်၊ အရောင်လည်းလှတယ်ဆိုတော့ ကလေးအတွက် စားစရာဖန်တီးတဲ့အခါမှာ ထည့်သွင်းလို့ပိုအဆင်ပြေပါတယ်။
ထောပတ်သီး
ပရိုတင်းဓါတ်ကြွယ်ဝတဲ့ ထောပတ်သီးကိုလည်း ကလေးတွေကိုကျွေးသင့်ပါတယ်။ထောပတ်သီးမှာOmega-3 နဲ့ omega-6 fatty acid တွေပါဝင်တာကြောင့် နှလုံးကျန်းမာရေးအတွက်လည်းကောင်းပါတယ်။
ဒိန်ချဉ်
ဒိန်ချဉ်မှာ ကယ်လ်စီယမ်နဲ့ ဗီတာမင် D ကြွယ်ဝတဲ့အတွက် အရိုးနဲ့သွားကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ပရိုတင်းနဲ့ဖော့စ်ဖရပ်အပါအဝင် အစာခြေစနစ်နဲ့ကိုယ်ခံအားအတွက် အကျိုးပြုဘက်တီးရီးယားလေးတွေလည်း ပါဝင်တာကြောင့် တိုက်ကျွေးသင့်တဲ့အစာအာဟာရဖြစ်ပါတယ်။
ပဲနီလေး
ပဲအမျိုးမျိုးမှာ အသားဓါတ်နဲ့အမျှင်ဓါတ်ပါဝင်မှုများပါတယ်။ ဒါပေမယ့်တခြားပဲတွေနဲ့မတူဘဲ ပဲနီလေးက ကလေးတွေအတွက် အကျိုးကျေးဇူးပိုများပြီး ထည့်သွင်းချက်ပြုတ်ရလည်းလွယ်ပါတယ်။
အသား
သံဓါတ်ချို့တဲ့ရင်သွေးအားနည်းရောဂါဖြစ်တတ်လို့ ပရိုတင်း၊ ဇင့်၊သံဓါတ်တို့ပါဝင်တဲ့ အသားတစ်မျိုးမျိုးကိုနေ့စဉ်အာဟာရမှာပါဝင်ပါစေ။
မုန်လာဥနီ
မုန်လာဥနီက ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဘီတာကယ်ရိုတင်း ပါဝင်မှုများပါတယ်။ ဘီတာကယ်ရိုတင်းက ခန္ဓါကိုယ်ထဲမှာ ဗီတာမင် A အဖြစ်ပြောင်းလဲသွားတာဖြစ်ပြီး ကြီးထွားဖွံ့ဖြိုးမှုနဲ့ အမြင်အာရုံအတွက်လည်း အရေးပါပါတယ်။
အချဉ်ဓါတ်ပါတဲ့အသီး
လိမ္မော်သီး၊ သံပရာသီး၊ ဂရိတ်ဖရုသီးအပါအဝင် အချဉ်ဓါတ်ပါတဲ့အရည်ရွှမ်းသီးတွေကကော်လာဂျင်ထွက်ရှိမှုကို အားပေးပါတယ်။ ဗီတာမင် C က အရေပြားကျန်းမာရေးအတွက် အကျိုးပြုတဲ့အပြင် တခြားအစားအစာတွေကနေ သံဓါတ်စုပ်ယူနိုင်စွမ်းကို ပိုကောင်းစေပါတယ်။ ပိုတက်စီယမ်ကြောင့် ကြွက်သားကျန်းမာရေးကိုကောင်းစေပြီး ခန္ဓါကိုယ်ထဲကအရည်ဓါတ်တွေထိန်းညှိနိုင်စွမ်းအတွက် ကူညီပေးပါတယ်။
ဒါတွေ မကျွေးပါနဲ့
ပျားရည် – ချိုမြတဲ့အရသာနဲ့ ပျားရည်က လူကြီးတွေအတွက်နေ့တိုင်းနည်းနည်းသောက်ရင်ကျန်းမာတယ်လို့ပြောကြပေမယ့် ကလေးတွေအတွက်တော့ မသင့်တော်ပါဘူး။ အကြောင်းရင်းကတော့ ပျားရည်မှာclostridium botulinum လို့ခေါ်တဲ့ ဘက်တီးရီးယားပါဝင်နိင်လို့ပါ။ အဲဒီဘက်တီးရီးယားက အစာအဆိပ်သင့်ခြင်း၊ ကြွက်သားမသန်စွမ်းခြင်း၊နဲ့တခြားရောဂါဆိုးတွေဖြစ်စေနိုင်ပါတယ်။ လူကြီးတွေနဲ့မတူဘဲ ကလေးတွေရဲ့ ကိုယ်ခံအားစနစ်က ဒီပိုးကို ခုခံနိုင်လောက်အောင် မဖွံ့ဖြိုးသေးတာကြောင့်ပါ။
အစေ့အဆန်နဲ့မြေပဲ – ငါးနှစ်အောက် ကလေးတွေကို အစေ့အဆန်ေတွကို မုန့်ထဲထည့်လုပ်တာကလွဲပြီး ဒီအတိုင်းမကျွေးသင့်ပါဘူး။ အခန့်မသင့်ရင် အသက်ရှူလမ်းကြောင်းပိတ်ဆို့နိုင်ပါတယ်။မြေပဲဆိုရင်လည်း ဓါတ်မတည့်တဲ့ကလေးတွေရှိတတ်တာကြောင့် ကိုယ့်ကလေးနဲ့တည့်မတည့် သေချာစမ်းသပ်ပြီးမှကျွေးပါ။
ပင်လယ်စာ – ကလေးတွေမှာ ဓါတ်မတည့်မှုဖြစ်လွယ်တဲ့အထဲ ပင်လယ်စာတွေလည်းပါဝင်ပါတယ်။
ပြုပြင်စီမံထားတဲ့အစားအစာ- ပြုပြင်စီမံထားတဲ့အစားအစာတွေမှန်သမျှဟာဓါတုပစ္စည်းနဲ့မကင်းကြပါဘူး။တာရှည်ခံစေဖို့၊အရောင်အဆင်းမပျက်ဖို့၊အနံ့ကောင်းဖို့သုံးတဲ့ဓါတုပစ္စည်းတွေပါဝင်နေတတ်သလိုအငန်ဓါတ်ပါဝင်မှုများတတ်ပါတယ်။ဒါတွေကကလေးရဲ့နောက်ပိုင်းအသက်အရွယ်တွေမှာအဝလွန်တာ၊နှလုံးသွေးကြောကျဉ်း၊ဆီးချိုသွေးချို၊လေဖြတ်ခြင်း၊ကင်ဆာရောဂါတွေလိုဆိုးရွားတဲ့နောက်ဆက်တွဲရောဂါတွေဖြစ်လာစေပါလိမ့်မယ်။
ကော်ဖီနဲ့လက်ဖက်ရည်- ကလေးအတွက်ကကဖင်းပါတဲ့ဘယ်သောက်စရာကမှမသင့်တော်ပါဘူး။လူကြီးတွေ ကော်ဖီသောက်ချိန်မှာလာတောင်းလို့နည်းနည်းခွဲတိုက်တာမျိုးလည်းအကျင့်မလုပ်ပါနဲ့။လက်ဖက်ရည်မှာပါတဲ့ tanninဓါတ်ကအစားအစာတွေထဲကနေသံဓါတ်စုပ်ယူနိုင်စွမ်းကိုဟန့်တားနိုင်ပါတယ်။ကဖင်းဓါတ်ရဲ့သက်ရောက်မှုတွေကကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုတွေအတွက်မကောင်းတာကြောင့်အားဖြည့်အချိုရည်အပါအဝင်၊ ကော်ဖီ၊လက်ဖက်ရည်တွေမတိုက်ကျွေးသင့်တာဖြစ်ပါတယ်။ မဖြစ်မနေစိတ်ကျေနပ်အောင်လုပ်ပေးချင်တယ်ဆိုရင်ကလေးရဲ့ဖွံ့ဖြိုးမှုအတွက်အထောက်အကူဖြစ်စေမယ့် နို့မှုန့်တွေကို ရွေးချယ်နိုင်ပါတယ်။
[embed-health-tool-vaccination-tool]