brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သင့်ကလေးဥာဏ်ရည်ထက်စေဖို့ ဘာတွေလုပ်ပေးရမလဲ

သင့်ကလေးဥာဏ်ရည်ထက်စေဖို့ ဘာတွေလုပ်ပေးရမလဲ

သင့်ကလေးဥာဏ်ရည်ထက်စေဖို့ ဘာတွေလုပ်ပေးရမလဲ

သင့်ကလေးဟာ မွေးစမှာဦးနှောက်ဆဲလ်ပေါင်း တစ်ရာဘီလီယံပါပြီး ဒါဟာ နဂါးငွေ့တန်းက ကြယ်တွေအရေအတွက်လောက်ကိုများပါတယ်။ မွေးပြီး ပထမတစ်နှစ်အတွင်းမှာ ဘီလီယံကနေ ထရီလီယံလောက်ထိကို ဦးနှောက်ဆဲလ် ဆက်သွယ်ချက်တွေ ပွားများလာတတ်ပါတယ်။ ဒါပေမယ့် ချွင်းချက်တော့ရှိပါတယ်။ လူသားဦးနှောက်ရဲ့ အခြေခံမူက သုံးရင်သုံး မသုံးရင်ဆုံးရှုံးမယ် ၊ အင်္ဂလိပ်လိုဆိုရရင် use it or loose it ဖြစ်ပါတယ်။ ဆိုလိုတာက ငယ်စဉ်ကတည်းက ဦးနှောက်ဆဲလ်တွေပွားများချိတ်ဆက်ဖို့ လုံလောက်တဲ့လှုံ့ဆော်မှုတွေပေးရင်ပေး၊ မပေးရင် ကလေးတစ်ယောက်ဟာ ဥာဏ်ကောင်းဖို့ ကြီးလာမှ လုပ်ယူလို့မလွယ်တော့ဘူး ဆိုတာပါပဲ။

ကလေးတစ်ယောက်ကို ချစ်ခြင်းမေတ္တာအပြည့်အ၀အပြင် လိုအပ်တဲ့ ဘာသာစကားဆိုင်ရာအတွေ့အကြုံတွေကို သင့်တော်မှန်ကန်စွာပေးလိုက်တဲ့အခါ ကလေးရဲ့ ဦးနှောက်ဆဲလ်တွေဆက်သွယ်ချိတ်ဆက်မှုအားကောင်းလာပြီး ကျိူးကြောင်းဆင်ခြင်နိုင်မှု၊ စီမံခန့်ခွဲတတ်မှု၊ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း၊ ဘာသာစကားတွေကိုနားလည်သင်ယူနိုင်စွမ်းတွေဟာ တကယ့်ပညာသင်ကြားရေးစနစ်မစတင်ခင်ကတည်းက အဆင်သင့်ပြင်ထားပြီးသားဖြစ်စေပါတယ်။

 (၁) မမွေးခင် ဗိုက်ထဲမှာကတည်းကစတင်ပါ။

ကိုယ်၀န်ဆောင်စဉ်မှာ ကျန်းမာအောင်နေပါ။ ကျန်းမာစေတဲ့ နေထိုင်စားသောက်မှုပုံစံကို မွေးယူပါ။ တချို့သောဆေးဝါးအပါအ၀င် ကဖင်းဓာတ်အလွန်အကျွံစားသောက်ခြင်းကိုရှောင်ကြဉ်ပါ။ ဘယ်ဆေးဝါးကိုမှ မသောက်သုံးခင် ဆရာဝန်နဲ့တိုင်ပင်ပါ။ ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်ခြင်း၊ ဒါမှမဟုတ် ဆေးလိပ်ငွေ့ကိုရှူရှိူက်မိခြင်းဟာ မွေးလာမယ့်ကလေးရဲ့ စာဖတ်ခြင်းစွမ်းရည်ကိုအများကြီးထိခိုက်စေပါတယ်။ မူးယစ်ဆေးဝါးစွဲသူမိခင်ကမွေးဖွားလာတဲ့ကလေးတွေဟာ သင်ကြားရေးအပိုင်းမှာ ဆိုးဆိုးရွားရွားထိခိုက်နိုင်ပြီး ကြမ်းတမ်းတဲ့အပြုအမူတွေလည်း ပြုတတ်ကြပါတယ်။

 (၂)ကလေးစကားပြောလာနိုင်ဖို့နှိုးဆွပေးပါ။ 

ကလေးက ဝူးဝူးဝါးဝါးမပီကလာ ပီကလာ ပြောလိုက်တိုင်း စိတ်လှုပ်ရှားဟန်၊ ပျော်ရွှင်ဟန်ပြုပြီး အသံကိုမြှင့်စကားပြောပေးပါ။ ဥပမာ “တော်လိုက်တဲ့ သားသား” စသဖြင့်ပြောပေးပါ။ စကားလုံးနဲ့ ဘာသာစကားကို နားလည်နိုင်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းဟာ လှုံ့ဆော်မှု များများပေးဖို့လိုပါတယ်။

 (၃) လက်လှုပ်ရှားမှုများများပါတဲ့ ကစားနည်းတွေကစားပေးပါ။ 

တူတူရေဝါး၊ ရွှေလက်ခုပ်၊ ပုဇွန်ဆိတ် ပုဇွန်ဆိတ် မောင်ရင်လာ တံခါးပိတ် ဂျိတ် စတဲ့ လက်လှုပ်ရှားမှုတွေများများပါတဲ့ ကစားနည်းတွေကို ကစားပေးတာဟာ ကလေးနဲ့သင့်ကို ဆက်နွယ်မှုအားကောင်းစေပြီး ကလေးရဲ့ အာရုံဝင်စားမှုကိုလဲ ရရှိစေပါတယ်။ ကလေးရော မိဘနှစ်ဦးစလုံးကိုပါ ပျော်ရွှင်မှုလဲ ရစေပါတယ်။

 (၄) ကလေးအပေါ်မှာအာရုံစိုက်ပေးပါ။ 

သင့်ကလေးက တစ်စုံတစ်ခုကို လက်ညှိုးထိုးပြတဲ့အခါ သင်ကပါ လိုက်လံကြည့်ရှုပြပြီး မှတ်ချက်ပေးပေးပါ။ဒီလို နှစ်ဦးသား အတူတကွ အာရုံစူးစိုက်မှုတူညီတယ်လို့ ကလေးကို ပြသပေးခြင်းက ကလေးရဲ့ စိတ်ဝင်စားမှုနဲ့ လေ့လာတွေ့ရှိမှုတွေဟာ သင့်အတွက် အဓိပ္ပာယ်ဘယ်လောက်ရှိတယ်ဆိုတာ ပြသပေးရာရောက်ပါတယ်။

 (၅)စာအုပ်တွေကို စိတ်ဝင်စားမှုရှိအောင် စောနိုင်သမျှစောစောလေ့ကျင့်ပေးပါ။ 

အရောင်တောက်တောက်တွေပါတဲ့ စာအုပ်ကြီးကြီးတွေကိုရွေးချယ်ပါ။ ပြီးရင်စာအုပ်ထဲမှာပါတဲ့ ပုံတွေ၊ အရောင်တွေကို လက်နဲ့ထောက်ပြီး ပုံပြင်လိုပြောပြနိုင်သလို သက်ဆိုင်ရာအသံတွေလဲ ထွက်ပြနိုင်ပါတယ်။ ဥပမာ ခွေးပုံကို လက်နဲ့ထောက်ပြီး ပါပီလေးက ဒီလိုအော်တယ် ၊ ဝုတ်ဝုတ် စသဖြင့် အသံအနိမ့်အမြင့်လုပ်ပြီး ပြောပြပေးလို့ရပါတယ်။

(၆) ကလေးခန္ဓာကိုယ်ကို မကြာခဏထိတွေ့ပွတ်သပ်ပါ။

လေ့လာမှုတွေအရ မကြာခဏထိတွေ့ပွတ်သပ်ပြီးချစ်ကြောင်းပြမခံရတဲ့ကလေးတွေရဲ့ ဦးနှောက်ဟာ တခြားရွယ်တူတန်းတူကလေးတွေထက်စာရင် သေးငယ်နေကြောင်းသိရပါတယ်။

(၇) ကလေးဘာသာရှာဖွေဖော်ထုတ်ပြီး ပူးပေါင်းဆောင်ရွက်ရတဲ့ ကစားနည်းမျိုးကစားခိုင်းပါ။

 ဥပမာ ဘလောက်တုံးတွေစီခိုင်းတဲ့ ကစားနည်းမျိုးကစားတဲ့အခါ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတဲ့ cause and effect ကို ကလေးအနေနဲ့နားလည်လာစေပါတယ်။ ဥပမာ ဘလောက်တုံးတွေကို သေချာမစီဘဲ ထပ်ခဲ့ရင် ပြိုကျတတ်တယ်ဆိုတာမျိုးကို နားလည်စေပြီး ဦးနှောက်ဥာဏ်ကို ရင့်သန်စေပါတယ်။

(၈) ကလေးငိုတဲ့အခါ ချက်ချင်းတုန့်ပြန်မှုပေးပါ။ 

ကလေးကို နှစ်သိမ့်တာ၊ ချော့မြှူတာ၊ ပြုစုစောင့်ရှောက်တာ၊ ကာကွယ်ပေးတာ၊ နှစ်သိမ့်တာ၊ ဒါတွေအားလုံးဟာ limbic လို့ခေါ်တဲ့ဦးနှောက်ရဲ့အစိတ်အပိုင်းမှာ အပေါင်းလက္ခာဏာဆောင်တဲ့ချိတ်ဆက်ဆက်နွယ်မှုတွေကို ဖြစ်စေပြီး စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကိုခံစားရရှိအောင်ဦးနှောက်ကို အချက်ပြပေးပါတယ်။

(၉) အသာအယာနှိပ်ပေးပါ။ 

အသာအယာနှိပ်နယ်ပေးခြင်းဟာ ကလေးရဲ့ စိတ်ဖိစီးမှုကို လျော့ကျစေပြီး နေထိုင်လို့ကောင်းစေကာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရစေပါတယ်။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကိုတောင် ဖြစ်စေတယ်ဆိုပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Seinn Moe Satt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/08/2022 ဖြစ်ပါသည်။