မိုးလေးစရွာတာနဲ့အတူ သားသားမီးမီးတွေ ကျောင်းပြန်တက်ရမယ့် အချိန်ရောက်လာပါပြီ။ ကျောင်းတက်ဖို့ တက်ကြွနေမယ့် သားသားမီးမီးတွေရှိနေနိုင်သလို ဖေဖေမေမေကိုမခွဲနိုင်ပါဘူးဆိုပြီး ကျောင်းမတက်ချင်လို့ ငိုမယ့် သားသားမီးမီး တွေလည်းရှိမှာပါ။ ကျောင်းတက်ချင်တဲ့ကလေးကို ကျောင်းပို့ရတာမခက်ပေမယ့် ကျောင်း မတက်ချင်ပါဘူးဆိုတဲ့ သားသားမီးမီးတွေကိုကျောင်းပို့ဖို့ကျ မေမေတို့အတွက် စိတ်မကောင်းဖြစ်ရသလို အရမ်းလည်းခက်ခဲနိုင်ပါတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းလို့ရမယ့် နည်းလမ်းလေးတွေရှိပါတယ်။
ကလေးကိုကျောင်းပို့တော့မယ်ဆိုရင် စိတ်အပူဆုံးဖြစ်မယ့် မေမေတို့အတွက် နည်းလမ်းကောင်းလေးအချို့
ကိုယ်ချစ်ရတဲ့ ကိုယ်ပွားလေးတွေကို ကျောင်းပြန်တက်ဖို့ဆိုရင် အရင်ဆုံးက ကျောင်းတက်ချင်စိတ်ဖြစ်အောင်လှုံ့ဆော်ရမှာပါ။ အကြောင်းကတော့ ကျောင်းတက်ရတာက တစ်ရက်နှစ်ရက်အလုပ်မဟုတ်လို့ပါပဲ။ တစ်နှစ်ရဲ့ ၃ ချိုး ၂ ချိုးကာလကိုအကောင်းဆုံးကျော်ဖြတ်နိုင်ဖို့လိုမှာပါ။ ဒီတော့ ကျောင်းတက်ရာသီကိုအကောင်းဆုံးကျော်ဖြတ်နိုင်ဖို့ ကလေးကို ဒါလေးတွေပြင်ဆင်ပေးပါနော်။
ကလေးကို အရင်နှစ်ကအဝတ်အစားတွေပဲ ပြန်ပေးမဝတ်ပါနဲ့။ အသစ်တစ်စုံနှစ်စုံလောက်ချုပ်ပေးပါ။ သူ့စိတ်ကြိုက်ဖြစ်မယ့် အဝတ်အစားလေးတွေ ဝယ်ပေးပါ။ ကလေးကို အဝတ်အစားဝယ်ပေးတဲ့အခါ ခြင်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေ ကင်းစေဖို့အတွက် လုံခြုံမှုရှိတဲ့ အဝတ်အစားလေးတွေကို အဓိကထားဝတ်ဆင်ပေးပါ။
ဖိနပ်
ဖိနပ်ဆိုတဲ့နေရာမှာလည်း မုတ်သုံရာသီနဲ့ ကိုက်ညီမယ့် အရာမျိုးကိုရွေးချယ်ပေးပါ။ ဒါမှ ကလေးကို မတော်တဆချော်လဲတာကြောင့် ထိခိုက်ဒဏ်ရာရမှုတွေကနေ ကာကွယ်နိုင်မှာပါ။
ကျောပိုးအိတ်
လေးလံတဲ့ ကျောပိုးအိတ်တွေက ကလေးရဲ့ ကျန်းမာရေးကိုထိခိုက်စေနိုင်သလို ကြီးထွားမှုမှာအဟန့်အတားဖြစ် စေနိုင်ပါတယ်။ ဒီတော့ ကလေးကိုကျောပိုးအိတ်ဝယ်ပေးတဲ့အခါ ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် အိတ်မျိုးကိုရွေးချယ်ပေးပါ။
မိုးကာ
ကလေးတွေကျောင်းစတက်မယ့်အချိန်က မိုးရွာနေတဲ့အချိန်ဖြစ်တာကြောင့် ကလေးကို မိုးရေတွေစိုပြီး ဖျားနာမှုကင်းစေဖို့ မိုးကာလမှာ သားသားမီးမီးကို သူ့စိတ်ကြိုက်မိုးကာအသစ်လေးဝယ်ပေးပြီး ဖျားနာမှုကင်းဝေးတဲ့ ကလေးလေးဖြစ်အောင် ဂရုစိုက်လိုက်ပါ။
မိုးကာအပြင်မိုးရေကို ကာကွယ်ဖို့ လိုအပ်မယ့်နောက်အရာတစ်ခုက ထီးပေါ့။ ဒီတော့နေပဲပူပူ၊ မိုးပဲရွာရွာကလေးကို နေရာင်ဒဏ်ကရော မိုးရေကနေပါ ကာကွယ်ဖို့ ထီးလေးတစ်ချောင်းတော့ ပါအောင်ထည့်ပေးလိုက်ပါနော်။
ထမင်းဗူး
မတည့်တာတွေ စားမိပြီးခန္ဓါကိုယ်ဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးကိုထိခိုက်တာမျိုးမဖြစ်စေဖို့အတွက် နေ့လယ်စာကို အာဟာရပြည့်ဝ အောင်ပြင်ဆင်ပြီးထည့်ပေးလိုက်နိုင်စေဖို့ ထမင်းဗူးလေးကတာ့မဖြစ်မနေလိုမှာပါ။ ထမင်းဗူးဝယ်တဲ့ အခါ ကျန်းမာရေးနဲ့ ညီညွတ်စေဖို့အတွက်BPA မပါတဲ့ ထမင်းဗူးမျိုးရွေးချယ်ပြင်ဆင်ပေးပါ။
ရေဗူး
ကေလေးကျန်းမာဖျတ်လတ်နေစေဖို့အတွက် ရေဓါတ်ကလိုအပ်ပါတယ်။ ရေဓါတ်လိုအပ်ချက်ကိုပြည့်မိစေဖို့ ရေဗူးလေးတစ်လုံးကတော့ မဖြစ်မနေထည့်ပေးလိုက်ဖို့လိုမှာပါ။ သန့်ရှင်းတဲ့သောက်ရေက ကလေးကို ကျန်းမာနေစေဖို့အထောက်အပံ့ပေးမှာပါ။
စာရေးကိရိယာတွေ
အရင်တုန်းက ရွေးစရာသိပ်မများပေမယ့် အခုခေတ်မှာ စာရေးကိရိယာဆိုရင် ဆန်းဆန်းပြားပြားနဲ့ ရွေးစရာတွေကလည်း အများကြီးပါ။ ဒါပေမယ့် စာရေးကိရိယာရွေးတဲ့အခါ သူတို့စိတ်ကြိုက်ဖြစ်ဖို့ရော အန္တရာယ်ကင်းဖို့ရောကိုပါ သတိထားရပါမယ်။ ဒါမှ ကလေးအတွက်ရော မေမေဖေဖေတေို့အတွက်ပါ အဆင်ပြေစေမှာပါ။
ဒီအချက်တွေကို ပြည့်ပြည့်စုံစုံပြင်ဆင်ပေးပြီးရင်ဆိုတော့ ကလေးကျောင်းပြန်တက်ဖို့ ရုပ်ပိုင်းဆိုင်ရာအရ ပြီးပြည့်စုံသွားပြီလို့ ပြောလို့ရပါပြီ။ ကျန်နေသေးတာကတော့ ကလေးကို ကျန်းမာရေးအတွက်လုံလောက်တဲ့ အိပ်စက်ချိန်ရှိအောင် ဂရုစိုက်ပေးဖို့ နဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို အတူတူဖြေရှင်းပေးဖို့ပါ။ ကလေးငယ်တွေအတွက် ပျော်ရွှင်စရာ စာသင်နှစ်လေးဖြစ်စေဖို့ ဖန်တီးပေးနိုင်ကြပါစေကြောင်း……………………………………………
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။