ကျောင်းပိတ်ရက်မှာ ပျော်လည်းပျော်မယ်၊ ပိုလည်းတော်မယ့် လှုပ်ရှားမှုများ
နွေရာသီကျောင်းပိတ်ရက်မှာ ကလေးတွေအပျော်ဆုံးအချိန်ပါ။ ကျောင်းတက်စရာ၊စာကျက်စရာမလို၊ တီဗီကြည့်မယ်၊ ဂိမ်းဆော့မယ်၊ အပြင်ထွက်ကစားမယ်ဆိုပြီးတော့ပေါ့။ အားလပ်တဲ့အချိန်လေး ကလေးတွေပျော်တာလည်းကောင်းပေမယ့် အပျော်အပါးနဲ့အကြာကြီးလွှတ်မထားသင့်ပါဘူး။ သုံးလပိတ်ပြီးရင်ကျောင်းပြန်တက်ရမှာပဲဆိုတော့ ကလေးတွေစိတ်လေသွားလို့မဖြစ်ဘူးလေ။
တီဗီကြည့်၊ ဂိမ်းတွေချည်းဆော့လို့ မျက်စိထိခိုက်လာတာ၊ အပြင်တွေချည်းထွက်ကစားလို့ စိတ်ပူနေရတာတွေမဖြစ်ရအောင် စည်းနဲ့ကမ်းနဲ့တော့ ရှိသင့်ပါတယ်။ ဘယ်အချိန်က ဘယ်အချိန်အတွင်း လွတ်လွတ်လပ်လပ်ကစားကြ ဆိုပြီး အချိန်တစ်ခုကန့်သတ်ပေးတာကောင်းပါတယ်။ကျောင်းပိတ်တုန်းလေး အားလပ်ရက်မှာ ကလေးတွေကို ပုံစံချ တင်းကျပ်ဖို့တော့ မလုပ်ပါနဲ့။ပေါ့ပေါ့ပါးပါးနေရင်း အကျိုးရှိစေမယ့်ပျော်ရွှင်စရာလှုပ်ရှားမှုတွေဖန်တီးပေးတာက ကလေးတွေအတွက်ပျော်လည်းပျော်၊ ဖွံ့ဖြိုးမှုအတွက်လည်း အထောက်အကူဖြစ်စေပါလိမ့်မယ်။
ဒါဆို နွေရာသီကျောင်းပိတ်ရက်မှာ ကလေးတွေအတွက် ဘာတွေစီစဉ်ပေးရကောင်းမလဲ….
မိသားစုလိုက် ခရီးထွက်မယ်
အမှတ်တရအဖြစ်ရော အပန်းဖြေခရီးအနေနဲ့ပါ မိသားစုလိုက် ခရီးတစ်ခုခုထွက်သင့်ပါတယ်။ ဘုရားဖူး သို့မဟုတ် ကမ်းခြေ ခရီးသွားတာမျိုးမှာပျော်ရွှင်စရာအမှတ်တရတွေဖန်တီးပါ။ ခရီးမှာတွေ့ရတဲ့အသစ်အဆန်းတွေကို စူးစမ်းလေ့လာတဲ့ကလေးအတွက် သမိုင်းကြောင်းတွေ၊ ဗဟုသုတဖြစ်စရာလေးတွေပြောပြပေးပါ။
ဂီတတူရိယာတစ်ခုခု တီးခတ်ဖို့ သင်ပေးပါ
အားလပ်ရက်မှာ ကလေးကို စန္ဒရား၊ တယော သို့မဟုတ် တူရိယာပစ္စည်းတစ်ခုခုကို တီးခတ်နည်းသင်ပေးလိုက်ပါ။ သားယောက်ျားလေးဆိုရင် ဂီတာတီးသင်ပေးတာလည်းကောင်းပါတယ်။ ဂီတဆိုတာ စိတ်ကိုသိမ်မွေ့စေတဲ့အရာမို့ ကလေးကိုစိတ်ထားနူးညံ့စေပြီး သွန်သင်ထိန်းသိမ်းရလွယ်စေနိုင်ပါတယ်။
ရေကူးသင်တန်းတက်ခိုင်းပါ
ရေလမ်းခရီးသွားတဲ့အခါ ဒါမှမဟုတ်ရေနဲ့နီးစပ်တဲ့နေရာမှာ ကစားတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ဖို့ ကလေးကိုရေကူးသင်ပေးပါ။ ကလေးတွေခေါ်ပြီး ဖေဖေမေမေတို့အတူရေကူးကန်သွားပါ၊ ကမ်းခြေမှာရေကစားရင်းရေကူးသင်ပေးလို့လည်းရပါတယ်။ ဒါမှရေမကြောက်ဘဲရေကူးကျွမ်းကျင်လာမှာဖြစ်ပါတယ်။
ရေနဲ့ပတ်သက်တဲ့အသက်အန္တရာယ် စိုးရိမ်စရာမလိုအောင်အသက် ၅ နှစ်ကနေ ၁၃ နှစ်အရွယ်မှာရေကူးသင်လို့အကောင်းဆုံးဖြစ်ပါတယ်။ရေကူးခြင်းက ကလေးတွေကို အရပ်ပိုရှည်စေပြီး ခန္ဓါကိုယ်ကျစ်လျစ်ဖွံ့ဖြိုးစေတဲ့အားကစားလည်းဖြစ်ပါတယ်။
တင်းနစ် ကစားမယ်
ကလေးတွေကို တင်းနစ် အားကစားသင်ပေးပါ၊ တင်းနစ်ကစားရင်း အမြင်အာရုံ နဲ့လက်လှုပ်ရှားမှု အချိတ်အဆက်ပိုကောင်းစေပြီး လျင်မြန်သွက်လက်မှုနဲ့ ဆုံးဖြတ်ချက်ပြတ်သားမှုစွမ်းရည်တွေ ရရှိစေနိုင်ပါတယ်။ ကလေးက ငယ်သေးရင် ရွယ်တူချင်း ကြက်တောင်ရိုက် ကစားလို့ရပါတယ်။ပျော်စရာကစားနည်းဖြစ်လို့ မကစားတတ်လည်း သင်ယူရင်း လှုပ်လှုပ်ရှားရှားကစားရတာမို့ ကျန်းမာရေးအတွက်လည်းကောင်းပါတယ်။
စက်ဘီးစီးသင်ပေးပါ
ကားရှင်း၊လူရှင်းတဲ့နေရာတွေ၊ ဒါမှမဟုတ် ညဘက်အချိန်တွေမှာ ကလေးကို စက်ဘီးစီးသင်ပေးနိုင်ပါတယ်။ စက်ဘီးစီးခြင်းက ကလေးရဲ့စိတ်မှာပေါ့ပါးလွတ်လပ်မှုကိုခံစားရစေရုံတင်မကသွေးလည်ပတ်မှုကောင်းစေခြင်း၊ ကြွက်သားတွေသန်မာစေခြင်းနဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုစေခြင်း စတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိပိုင်ဆိုင်စေပါတယ်။
ဘာသာစကားလေ့လာခိုင်းပါ
ကျောင်းပိတ်ရက်အတွင်း ဘာသာစကားတစ်မျိုးမျိုးကို လေ့လာသင်ယူစေတာက ကလေးရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အစဉ်မပြတ်ထောက်ပံ့ကူညီရာရောက်ပါတယ်။ တရုတ်ဘုံကျောင်းမှာ တရုတ်ဘာသာစကားသင်ပေးသလိုမျိုး၊ အင်္ဂလိပ်ဘာသာစကားသင်တန်းတွေလိုမျိုး ကျောင်းပိတ်ရက်မှာ ကလေးတွေအတွက် တစ်ခုခုစီစဉ်အပ်နှံပေးသင့်ပါတယ်။ကျောင်းဖွင့်ရက်တုန်းကလိုတော့ စာလုပ်ဖို့အတင်းဖိအားမပေးပါနဲ့။
စာရေးဖို့၊ စာဖတ်ဖို့ အားပေးပါ
စာဖတ်ဖြစ်အောင်၊ စာဖတ်ချင်လာအောင် ပညာရပ်တအားမဆန်တဲ့ စိတ်ဝင်စားစရာစာအုပ်တချို့ဝယ်ထားပေးပါ၊ စာကြည့်ခန်း သို့မဟုတ် စားပွဲကိုနေချင့်စဖွယ်အပြင်အဆင်လေးလုပ်ထားပေးပါ။ ကာတွန်းဖတ်ချင်တယ်ဆိုရင် အင်္ဂလိပ်-မြန်မာနှစ်ဘာသာပါတဲ့ ကာတွန်းစာအုပ်ကို ဝယ်ပေးပါ။ ဗဟုသုတဖြစ်စေမယ့် စာအုပ်အဆန်းလေးတွေ ရှာဝယ်ပေးပါ။ ဒိုင်ယာရီရေးခိုင်းတာလည်း စာရေးဖြစ်စေမယ့် ပံ့ပိုးမှုတစ်ခုဖြစ်ပါတယ်။
ဒီလောက်ဆို ကလေးတွေရဲ့ကျောင်းပိတ်ရက်ပလန်အတွက် ဖေဖေမေမေတို့ အတွေးတစ်ချက်ရလောက်ပြီလို့ထင်ပါတယ်။ အထက်မှာပြောခဲ့တဲ့အချက်တွေထဲက တချို့အကောင်အထည်ဖော်ကြည့်ရင်ပဲ ထိုက်သင့်သလောက်အကျိုးရှိစေမှာမို့ အကြံပြုလိုက်ရပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-vaccination-tool]

















