brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

၂၀၂၀ခုနှစ်ပုံမှန် ကာကွယ်ဆေးထိုး ၊ ဆေးတိုက်ခြင်း အစီအစဉ်

၂၀၂၀ခုနှစ်အတွက် ကာကွယ်ဆေးထိုး ၊ ဆေးတိုက်အစီအစဉ်အသစ်ထွက်ရှိလာပြီ။ အရင်နှစ်တွေနဲ့ မတူဘဲ ထပ်တိုးလာတာ ၂မျိုးရှိပါတယ်။ ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးနဲ့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးပါ။ ဒီနှစ်အတွက် ကာကွယ်ဆေးအစီအစဉ်ကို အသက်အလိုက် ပြန်ရှင်းပြပေးပါ့မယ်။

၂၀၂၀ခုနှစ်ပုံမှန် ကာကွယ်ဆေးထိုး ၊ ဆေးတိုက်ခြင်း အစီအစဉ်

၂၀၂၀ခုနှစ်ပုံမှန် ကာကွယ်ဆေးထိုး ၊ ဆေးတိုက်ခြင်း အစီအစဉ်

မွေးစ

(၁) ဘီစီဂျီ (BCG)

ပြင်းထန်တီဘီနဲ့ ဦးနှောက်အမြှးရောင်တီဘီကို ကာကွယ်ပေးနိုင်ပါတယ်။ ဘယ်ဖက်လက်မောင်းမှာထိုးပါတယ်။ ဘီစီဂျီကာကွယ်ဆေးကို မွေးစတွင် မထိုးနှံပါက အသက်(၂)လ မတိုင်မီတွင်လည်းကောင်း၊ အသက်(၂)လတွင် အခြားကာကွယ်ဆေးများနှင့် အတူလည်းကောင်း ထိုးနှံရပါမယ်။

(ဒီနေရာမှာ ပြောချင်တာက ဘီစီဂျီက ပြင်းထန်တီဘီနဲ့ ဦးနှောက်အမြှးရောင်တီဘီကိုပဲ ကာကွယ်ပေးတာပါ။ ဒီဆေးထိုးလိုက်တာနဲ့ တီဘီလုံးဝမဖြစ်တာမဟုတ်ပါဘူး။)

(၂) အသည်းရောင်အသားဝါ (ဘီ)

ဘီပိုးကြောင့်ဖြစ်တဲ့ အသည်းရောင်အသားဝါရောဂါကို ကာကွယ်ပေးပါတယ်။ ပေါင်မှာထိုးပါတယ်။ သူကလည်း ဘီပိုးကြောင့်ဖြစ်တဲ့ အသည်းရောင်အသားဝါရောဂါကိုပဲ ကာကွယ်ပေးတာပါ။ တခြားအကြောင်းကြောင့်ဖြစ်တဲ့ အသည်းရောင်အသားဝါရောဂါ (အသည်းရောင်အသားဝါအေပိုး၊ စီပိုး)ကို မကာကွယ်ပေးပါဘူး။

အသက် ၂လ

(၁) ဘီစီဂျီ

မွေးစမှာ မထိုးရသေးရင်ပြန်ထိုးပါ။

(၂) ပိုလီယိုအစက်ချ (ပထမ)

ပိုလီယိုအကြောသေရောဂါကိုကာကွယ်ပေးပါတယ်။ အစက်ချဆေးအမျိုးအစားဖြစ်ပါတယ်။

(၃) ရိုတာဗိုင်းရပ်စ်အစက်ချ (ပထမ)

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ပေးပါတယ်။ ဒီနှစ်မှ ထပ်ဖြည့်လိုက်တာပါ။ အစက်ချဆေး အမျိုးအစားဖြစ်ပါတယ်။ တခြားအကြောင်းကြောင့် (ဥပမာ ရေမသန့်၊ လက်မသန့်လို့)ဖြစ်တဲ့ ဝမ်းလျှောရောဂါကို မကာကွယ်ပေးပါဘူး။

(၄) ပီစီဗီ (PCV) (ပထမ)

ပြင်းထန်အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ထိုးဆေးအမျိုးအစားဖြစ်ပါတယ်။

(၅) ငါးမျိုးစပ်ကာကွယ်ဆေး (ပထမ)

ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီနဲ့ ဦးနှောက်အမြှေးရောင်ဆိုပြီး ၅မျိုးပါဝင်ပါတယ်။ ဦးနှောက်အမြှေးရောင်အတွက် ကာကွယ်ဆေး (Hib vaccine)က Haemophilus influenzaeကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကိုပါ ထပ်ဆောင်းကာကွယ်ပေးပါတယ်။

အသက် ၄လ

(၁) ပိုလီယိုအစက်ချ (ဒုတိယ)

(၂) ရိုတာဗိုင်းရပ်စ်အစက်ချ (ဒုတိယ)

(၃) ပီစီဗီ (PCV) (ဒုတိယ)

(၄) ပိုလီယိုထိုးဆေး

ပိုလီယိုအကြောသေရောဂါကိုကာကွယ်ပေးပါတယ်။ တစ်ကမ္ဘာလုံးဆိုင်ရာ ပိုလီယိုကင်းစင်ပပျောက်ရေးအတွက် ရည်ရွယ်ပြီးထည့်ထားတာပါ။ ထိုးဆေးအမျိုးအစားဖြစ်ပါတယ်။

(၅) ငါးမျိုးစပ်ကာကွယ်ဆေး (ဒုတိယ)

အသက် ၆လ

(၁)ပိုလီယိုအစက်ချ(တတိယ)

(၂) ပီစီဗီ (PCV) (တတိယ)

(၃)ငါးမျိုးစပ်ကာကွယ်ဆေး (တတိယ)

အသက်၉လ

(၁) ဝက်သက်-ဂျိုက်သိုး (ပထမ)

ဝက်သက်ရောဂါနဲ့ ဂျိုက်သိုးရောဂါကို ကာကွယ်ပေးပါတယ်။ ထိုးဆေးအမျိုးအစားဖြစ်ပါတယ်။

(၂) ဂျပန်ဦးနှောက်ရောင်

ခြင်ကိုက်ရာကနေ ကူးတဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ထိုးဆေးအမျိုးအစားဖြစ်ပါတယ်။

အသက် ၁နှစ်ခွဲ

(၁) ဝက်သက်-ဂျိုက်သိုး (ဒုတိယ)

(၂) ငါးမျိုးစပ်ကာကွယ်ဆေး (စတုတ္ထ)

အသက်၉နှစ်

(၁)သားအိမ်ခေါင်းကင်ဆာ (ပထမ)

ဒီနှစ်မှ အသစ်ထပ်တိုးလိုက်တဲ့ ကာကွယ်ဆေးပါ။ အပျိုဖော်ဝင်စ အမျိုးသမီးတွေအတွက်ပါ။ သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ပေးပါတယ်။ ထိုးဆေးအမျိုးအစားပါ။

အသက်၁၀နှစ်

(၁)သားအိမ်ခေါင်းကင်ဆာ(ဒုတိယ)

ကလေးကာကွယ်ဆေးထိုး အစီအစဉ်

၂၀၂၀အတွက် ကာကွယ်ဆေးအစီအစဉ်မှာ အသက်အလိုက်ထိုးရမယ့် ကာကွယ်ဆေးတွေကို ရှင်းပြထားတာပါ။ အသေအပျောက်များတဲ့ ရောဂါတွေဖြစ်တဲ့အတွက် အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်အောင်ပါ။ အစိုးရက အခမဲ့ထိုးပေးနေတာဖြစ်တဲ့အတွက် ကလေးတိုင်းထိုးနိုင်ပါတယ်။
ကာကွယ်ဆေးထိုး တဲ့ မှတ်တမ်းကို သေချာသိမ်းထားပါ။ ရက်ကျော်သွားတာပဲ ဖြစ်ဖြစ်၊ ကလေးနေမကောင်းလို့ မထိုးလိုက်ရတာပဲဖြစ်ဖြစ် ဆရာဝန်နဲ့တိုင်ပင်ပြီး အချိန်မီပြန်ထိုးပါ။ ကာကွယ်လို့ရတဲ့ ရောဂါတွေကြောင့် ကလေးအသက် မဆုံးရှုံးပါစေနဲ့။
Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Htet Htet Zaw Win · 08/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။