backup og meta

သွေးလွန်တုပ်ကွေး ကာကွယ်ဆေး

မကြာခင် မိုးရာသီရောက်တော့မှာ ဆိုတော့ ရာသီတုပ်ကွေးနဲ့အတူ သွေးလွန်တုပ်ကွေး လည်း ပါလာပါပြီ။ မေမေတွေ စိုးရိမ်ရတဲ့ အချိန်ပေါ့။ တစ်ဆက်တည်းမှာပဲ ရာသီတုပ်ကွေးတောင် ကာကွယ်ဆေးရှိတာ သွေးလွန်တုပ်ကွေးရော ကာကွယ်ဆေး မရှိဘူးလားဆိုတဲ့ မေးခွန်းတွေလည်း ခဏခဏ ကြားနေရပါတယ်။ သွေးလွန်တုပ်ကွေး ကာကွယ်ဆေးက တကယ်ရှိတာလား။ ရှိရင် ကလေးတွေကို ဘာလို့ ထိုးပေးလို့မရဘူးလားဆိုတဲ့ မေးခွန်းတွေကို ဖြေပေးသွားပါ့မယ်။

သွေးလွန်တုပ်ကွေး ကာကွယ်ဆေး

သွေးလွန်တုပ်ကွေး ကာကွယ်ဆေး တကယ်ရှိသလား။

ရှိပါတယ်။ သွေးလွန်တုပ်ကွေး ကာကွယ်ဆေးရယ် ဆိုပြီး တကယ်ရှိပါတယ်။ ၂၀၁၆လောက်တည်းက Dengvaxiaဆိုတဲ့ ကာကွယ်ဆေးက လိုင်စင်ရပြီးပါပြီ။ ထိုးဆေးအမျိုးအစားဖြစ်ပြီး ၀-၆လ-၁၂လ ဆိုပြီး ၃ကြိမ်ထိုးရပါတယ်။ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ် ၄မျိုးလုံးကို ကာကွယ်နိုင်အောင် ထုတ်လုပ်ထားပါတယ်။ WHOကတော့ သွေးလွန်တုပ်ကွေးအဖြစ်များတဲ့နိုင်ငံတွေမှာ ထိုးသင့်ကြောင်း တိုက်တွန်းထားပါတယ်။

နိုင်ငံပေါင်း ၂၀မှာ ခွင့်ပြုပြီး ထိုးနေပါပြီ။ ၂၀၁၉မှာ အမေရိကန်နိုင်ငံက အသက် ၉နှစ်နဲ့ ၁၆နှစ်ကြား သွေးလွန်တုပ်ကွေးဖြစ်ဖူးတဲ့သူ ဒါမှမဟုတ် သွေးလွန်တုပ်ကွေးအဖြစ်များတဲ့နေရာမှာ နေတဲ့သူတွေကို ထိုးပေးဖို့ FDAက ခွင့်ပြုခဲ့ပါတယ်။

ဘယ်သူတွေထိုးလို့ရလဲ။  

  • အသက်၉နှစ်နဲ့ ၄၅နှစ်ကြား (နိုင်ငံအလိုက် အသက်ကွာခြားမှုရှိသည်။)
  • သွေးလွန်တုပ်ကွေးအနည်းဆုံးတစ်ခေါက် ဖြစ်ဖူးတဲ့သူ ဖြစ်ရပါမယ်။ ပါးစပ်ပြောနဲ့ သွေးလွန်တုပ်ကွေးဖြစ်ဖူးတယ်လို့ ပြောလို့မရပါဘူး။ သွေးစစ်ကြည့်ပြီး အရင်က ဖြစ်ဖူးတဲ့ လက္ခဏာရှိမှ ထိုးပေးလို့ရမှာပါ။

တစ်ခါမှ မဖြစ်ဖူးတဲ့သူတွေ ထိုးလို့မရဘူးလား။

စိတ်မကောင်းစွာနဲ့ မရဘူးလို့ပဲ ပြောပါရစေ။ ထုတ်လုပ်တဲ့ ကုမ္ပဏီကိုယ်တိုင်က သွေးလွန်တုပ်ကွေးတစ်ခါမှ မဖြစ်ဘူးတဲ့ ကလေးတွေမှာ ကာကွယ်ဆေးထိုးမိရင် မတော်တဆ ကာကွယ်ဆေးထိုးပြီးမှ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ် ဝင်လာခဲ့ရင် ပြင်းထန်တဲ့ သွေးလွန်တုပ်ကွေး ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် တစ်ခါမှ မဖြစ်ဘူးတဲ့သူတွေမှာ မထိုးသင့်ပါဘူး။ ဖြစ်ဖူးလား မဖြစ်ဖူးလားကလည်း သွေးစစ်ကြည့်မှ သိနိုင်တာပါ။

သွေးလွန်တုပ်ကွေး ကာကွယ်ဆေးအတွက် စိန်ခေါ်မှုများ

သွေးလွန်တုပ်ကွေး ကာကွယ်ဆေးက အလုပ်ဖြစ်တယ်လို့ ထင်ရပေမယ့် သူ့မှာလည်း စိန်ခေါ်မှုတွေ ရှိနေပါတယ်။

လေ့လာမှုတွေအရ သွေးလွန်တုပ်ကွေးမဖြစ်ဖူးတဲ့ ကလေးတွေမှာ ကာကွယ်ဆေးထိုးလိုက်တဲ့အခါ တကယ်တမ်း  ရောဂါပိုးဝင်လာတော့ ပိုပြင်းပြင်းထန်တဲ့ သွေးလွန်တုပ်ကွေးမျိုးကို ဖြစ်စေပါတယ်။

ဥပမာ ပြောရမယ်ဆိုရင် ၂၀၁၆က ဖိလစ်ပိုင်နိုင်ငံက ဒီကာကွယ်ဆေးကို ကလေး တော်တော်များများမှာ ထိုးပေးခဲ့ပါတယ်။ ၉နှစ်နဲ့ ၁၀နှစ်ကြား ကလေးတော်တော်များများကိုပါ။ ၂၀၁၇ နှစ်ကုန်ပိုင်းလောက်ကျရော သွေးလွန်တုပ်ကွေးဒါမှမဟုတ် ပြင်းထန်သွေးလွန်တုပ်ကွေးနဲ့ ဆေးရုံတက်တဲ့ကလေးတွေ များနေတာကို တွေ့ရပါတယ်။ ပြန်လိုက်ကြည့်တဲ့အခါ ဒီကလေးတွေက အရင်က သွေးလွန်တုပ်ကွေး မဖြစ်ဖူးဘဲနဲ့ ကာကွယ်ဆေးထိုးထားတဲ့ ကလေးတွေ ဖြစ်နေပါတယ်။ ဒါနဲ့ပဲ ဒီအစီအစဉ်ကို ရပ်လိုက်ပါတယ်။

ကံကောင်းတာက သွေးလွန်တုပ်ကွေးဖြစ်ဖူးပြီးသား ကလေးတွေကို ကာကွယ်ဆေး ထိုးပေးလိုက်တဲ့အခါကျတော့ သွေးလွန်တုပ်ကွေး ဖြစ်ခဲ့ရင်တောင် ပြင်းထန်တဲ့အမျိုးအစား မဖြစ်အောင် ကာကွယ်နိုင်တာ တွေ့ရပါတယ်။

ကဲ ဒီတော့ ဘာလုပ်ကြမလဲ။

ခုထက်ထိတော့ မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေးကာကွယ်ဆေးကို အစိုးရနေနဲ့ ထိုးပေးတာမျိုးတော့ မရှိသေးပါဘူး။ ပုဂ္ဂလိကဆေးရုံတွေအနေနဲ့တော့ မပြောတတ်ပါဘူး။ ဒါပေမယ့် ဘယ်ကာကွယ်ဆေးကမှ ရာနှုန်းပြည့် ကာကွယ်နိုင်တာမျိုး မဟုတ်ပါဘူး။ နောက်ပြီး ဆေးထိုးပြီးရင် ခုခံအားက ဘယ်နှနှစ်ခံလဲဆိုတာနဲ့ ပတ်သတ်ပြီးလည်း လေ့လာဆဲပဲ ရှိပါသေးတယ်။

သွေးလွန်တုပ်ကွေး ကာကွယ်ဆေး ထက် ခြင်နှိမ်နင်းရေးက အဓိကကျတယ်လို့ ပြောချင်ပါတယ်။ ကာကွယ်ဆေး ထိုးထားသည်ဖြစ်စေ၊ မထိုးထားသည်ဖြစ်စေ ခြင်နှိမ်နင်းရေးကို မမေ့ပါနဲ့။

  • ပတ်ဝန်းကျင်မှာ ခြင်အောင်းနိုင်တဲ့နေရာတွေကို ရှင်းလင်းပါ။
  • အိမ်နားမှာ ရေမဝပ်ပါစေနဲ့။
  • ဘုရားပန်းအိုးတွေ၊ ကြောင်အိမ်အောက်ခွက်တွေကို ပုံမှန်ရေလဲပါ။
  • ခြင်ထောင်နဲ့ အိပ်ပါ။
  • ခြင်မကိုက်တဲ့ဆေး လိမ်းပါ။ ကလေးကို ပွပွချောင်ချောင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ပေးပါ။
  • အိမ်ကို အလင်းရောင်နဲ့ လေဝင်လေထွက်ကောင်းအောင်ထားပါ။
  • နောက်ဆုံး အရေးကြီးတဲ့အချက်က “ကလေးဘယ်ရာသီမှာ ဖျားဖျား ၃ရက်ကျော်ရင် သွေးလွန်တုပ်ကွေးကို သတိရပါ။” သွေးလွန်တုပ်ကွေးက ဘယ်ရာသီမဆို ဖြစ်တတ်ပါတယ်။ မိုးတွင်းမှာ ပိုဖြစ်တာပါ။

ဘယ်သူတွေထိုးလို့ရလဲ။

သွေးလွန်တုပ်ကွေး ကာကွယ်ဆေးကို ထိုးလို့ရတဲ့သူတွေကတော့
  • အသက်၉နှစ်နဲ့ ၄၅နှစ်ကြား (နိုင်ငံအလိုက် အသက်ကွာခြားမှုရှိသည်။)
  • သွေးလွန်တုပ်ကွေးအနည်းဆုံးတစ်ခေါက် ဖြစ်ဖူးတဲ့သူ ဖြစ်ရပါမယ်။ ပါးစပ်ပြောနဲ့ သွေးလွန်တုပ်ကွေးဖြစ်ဖူးတယ်လို့ ပြောလို့မရပါဘူး။ သွေးစစ်ကြည့်ပြီး အရင်က ဖြစ်ဖူးတဲ့ လက္ခဏာရှိမှ ထိုးပေးလို့ရမှာပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.cdc.gov/dengue/prevention/dengue-vaccine.html

https://www.who.int/immunization/research/development/dengue_q_and_a/en/

https://en.wikipedia.org/wiki/Dengue_vaccine

https://www.thelancet.com/journals/lancet/article/PIIS0140-6736(19)32525-5/fulltext

ယခုပုံစံ

21/06/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးလွန်တုပ်ကွေးရောဂါ အကြောင်း သင်သိထားသင့်သမျှ

ကလေးတွေမှာ ဖြစ်တဲ့သွေးလွန်တုပ်ကွေးရောဂါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ