backup og meta

ကလေးအသားအရေနဲ့ ပတ်သက်ပြီး ဘာတွေများသိထားသင့်လဲ

အသစ်စက်စက်မိဘဖြစ်လာသူတွေအနေနဲ့ သားသမီးကိုအစစအရာရာသေချာဂရုစိုက်ပေးဖို့လိုပါမယ်။ ဒီလိုဂရုစိုက်ပေးတယ်ဆိုတဲ့နေရာမှာလည်း အဝတ်အစား အသုံးအဆောင်တွေကိုပါ ဂရုစိုက်ပေးရမှာပါ။ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းရွေးချယ်တဲ့အခါမျိုးမှာလည်း ကလေးအသားအရေကိုထိခိုက်စေနိုင်တဲ့ ဓါတုပစ္စည်းတွေမပါဝင်တာမျိုးကိုရွေးချယ်မိဖို့လိုပါတယ်။

ကလေးအသားအရေနဲ့ ပတ်သက်ပြီး ဘာတွေများသိထားသင့်လဲ

မွေးကင်းစကလေးငယ်ရဲ့အသားအရေက အရမ်းကိုနူးညံ့ပြီး ထိခိုက်ခံနိုင်ရည်ကလည်းတော်တော်လေးနည်းပါတယ်။ မိဘတွေအနေနဲ့လည်း ကလေးငယ်အသားအရေကို ထိခိုက်မှာကိုတော်တော်စိုးရိမ်တတ်ကြတာက အဆန်းတော့မဟုတ်ပါဘူး။ ကလေးတွေရဲ့ အသားအရေက အရမ်းကိုထိခိုက်လွယ်တာကြောင့်သေချာဂရုမစိုက်ပေးရင်တော့ အရေပြားပြဿနာတွေဖြစ်လာနိုင်ပါတယ်။ဖေဖေမေမေတို့ သိထားဖို့လိုမယ့် ကလေးအရေပြားနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကို အခုဆောင်းပါးလေးထဲမှာပြောပြပေးချင်ပါတယ်။

မွေးကင်းစကလေးရဲ့ အသားအရေကနူးညံ့ချောမွေ့ဖို့ဆိုတာ မလွယ်ကူပါဘူး

မွေးကင်းစကနေ တစ်နှစ်လောက်အတွင်းမှာ ကလေးငယ်ရဲ့ အသားအရေက ဖွံ့ဖြိုးနေဆဲဖြစ်တာကြောင့် အရေပြားပေါ်မှာ မိတ်လိုမျိုးအဖုပိမ့်တွေ၊ အသားအရေမညီညာတာနဲ့ အရေပြားပေါ်မှာ အနီရောင်အကွက်လေးတွေဖြစ်ပေါ်တာက ပုံမှန်လို့ပဲပြောရပါမယ်။ ကလေးအသက်တစ်နှစ်မပြည့်ခင်အထိ အရေပြားအပေါ်ယံလွှာက အပြည့်အဝမဖွံ့ဖြိုးသေးပါဘူး။မွေးကင်းစကလေးငယ်တွေရဲ့ အရေပြားဟာ အရွယ်ရောက်တဲ့ကလေးငယ်တွေရဲ့ အရေပြားထက် ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းလောက်အထိ ပိုပြီးပါးလွှာသလို အရေပြားခြောက်သွေ့တာနဲ့ ဓါတ်မတည့်တာကို ခံနိုင်ရည်ကလည်းတော်တော်လေးနည်းပါသေးတယ်။ ကလေးငယ်တွေကသေးခံကနေတဆင့် ဆီးတွေနဲ့ အညစ်အကြေးတွေ နဲ့ထိတွေ့မိတာမျိုးဖြစ်နိုင်တာကြောင့် အရေပြားဓါတ်မတည့်တာမျိုးခံစားရနိုင်ခြေက တော်တော့်ကိုများပါတယ်။

ဖေဖေမေမေတို့ သိထားသင့်တဲ့ကလေးအရေပြားနဲ့ပတ်သက်တဲ့အကြောင်းအရင်းများ

ရေချိုးပေးတဲ့အခါ

မိဘတွေက ကိုယ့်ရင်သွေးကို သန့်သန့်ရှင်းရှင်းလေးဖြစ်စေချင်တာကြောင့်နေ့တိုင်းလိုလိုရေချိုးပေးချင်ပါလိမ့်မယ်။ ကလေးငယ်လေးတွေက လူကြီးတွေလိုလှုပ်ရှားမှုမရှိသလိုချွေးလည်း သိပ်မထွက်ကြတာကြောင့်နေ့တိုင်းရေချိုးပေးဖို့တော့မလိုပါဘူး။ ကလေးကို ၃ ရက် တစ်ကြိမ်လောက်ရေချိုးပေးရင်ကိုရပါပြီ။ ကလေးကိုရေချိုးပေးတဲ့အခါမှာလည်း လူကြီးတွေအတွက်ထုတ်ထားတဲ့ ဆပ်ပြားမျိုးနဲ့မချိုးပေးဘဲ ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာတုံး ဒါမှမဟုတ် ဆပ်ပြာရည်ကိုသုံးပြီး ချိုးပေးရပါမယ်။ရေချိုးပေးတဲ့အခါမှာလည်းရေအေးထက်ရေခပ်နွေးနွေးလေးနဲ့ချိုးပေးတာက ကလေးသားအရေအတွက်ရော ကျန်းမာရေးအတွက်ပါကောင်းမွန်စေမှာဖြစ်ပါတယ်။ရေချိုးပြီးပြီးချင်း အခန်းကိုနွေးအောင်ထားပေးဖို့လိုပါမယ်။ ပန်ကာတွေဖွင့်ထားတာမျိုးမလုပ်ပါနဲ့။ ကလေးအအေးမိနိုင်တာကြောင့်ပါ။

ကလေးကိုရေချိုးဆပ်ပြာအသစ်တွေကို အရင်မစမ်းကြည့်ဘဲမသုံးပေးပါနဲ့။နောက်တစ်ချက်က ဘက်တီးရီးယားသေစေနိုင်တဲ့ ဆိုတဲ့ ဆပ်ပြာတွေပါ။ ဒီဆပ်ပြာတွေကအရမ်းပြင်းတာကြောင့် ကလေးငယ်ရဲ့ အသားအရေကိုထိခိုက်စေနိုင်ပါတယ်။ ကလေးကိုရေချိုးပေးပြီးတဲ့ အခါမှာလည်း ဂွမ်းစ၊ တစ်သျှူးတို့ကို သုံးပြီးရေသုတ်ပေးပါ။ တဘက်စနုနုလေးကိုသုံးပေးလို့လည်းရပါတယ်။ ဒီလိုလုပ်ပေးတာက ကလေးအရေပြားမှာ မလိုအပ်ဘဲ ထိခိုက်ပွန်းပဲ့တာမျိုးကနေ ကာကွယ်ပြီးသားဖြစ်မှာပါ။

ပေါင်ဒါလိမ်းပေးတဲ့အခါ

ကလေးအတွက်ပေါင်ဒါရွေးချယ်တဲ့အခါမှာလည်းတော်တော်လေးသတိထားဖို့လိုပါမယ်။ အဓိကသတိထားရမှာက ကလေးတွေအတွက်သီးသန့်ထုတ်ထားတဲ့ ပေါင်ဒါဖြစ်ဖို့ပါ။ပေါင်ဒါရွေးချယ်တဲ့အခါ အနံ့ပြင်းတာနဲ့ကလေးအရေပြားကို ဓါတ်မတည့်မှုတွေဖြစ်စေနိုင်တဲ့အရာတွေ အသုံးပြုထားတာကိုရှောင်ကြဉ်ဖို့လိုပါမယ်။

ကလေးသေးခံရွေးချယ်တဲ့အခါ

ကလေးသေးခံက ကလေးကိုသန့်ရှင်းနေစေဖို့အတွက်တော်တော့်ကို အသုံးဝင်ပါတယ်။ ဒါပေမယ့် ကလေးသေးခံအချို့က ကလေးအရေပြားကိုထိခိုက်စေပြီး ပိုးဝင်ကူးစက်တာမျိုးဖြစ်စေနိုင်ပါတယ်။သေးခံကစိုနေတာကို မလဲဘဲအကြာကြီးထားမိမယ်ဆိုရင် ကလေးအရေပြားမှာသေးခံလောင်တာလိုမျိုး အရေပြားပြဿနာဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးသေးခံကို မကြာမကြာလဲပေးဖို့လိုပါမယ်။

တကယ်လို့များ ကလေးသေးခံဝတ်ထားတဲ့နေရာတွေမှာ အရေပြားပွန်းပဲ့တာမျိုးတွေဖြစ်နေမယ်ဆိုရင် အခြားသေးခံအမျိုးအစားကိုပြောင်း လဲဝယ်ယူဖို့လုပ်ပါ။ ကလေးကိုသေးခံအစိုကြီးနဲ့အကြာကြီးထားမိတာမျိုး မဖြစ်အောင်သတိပြုဖို့ လိုသလိုသေးခံလဲပေးတဲ့အခါတိုင်းမှာလည်း Baby wipes ကိုသုံးပြီး သန့်ရှင်းပေးဖို့လိုပါမယ်။သေးခံကို အရမ်းတင်းတင်းကျပ်ကျပ်ကြီး မဝတ်ပေးမိဖို့လည်း သတိပြုပါ။

မွေးကင်းစကလေးငယ်လေးတွေမှာ မိတ်လိုမျိုးအဖုအပိမ့်လေးတွေထွက်တတ်တယ်

မွေးကင်းစကလေးငယ်တော်တော်များများရဲ့ အရေပြားမှာ မိတ်လိုမျိုးအဖုအပိမ့်လေးတွေဖြစ်တတ်ပါတယ်။ အချို့ကလေးတွေမှာ အဖြူရောင်အဖုလေးတွေနဲ့ဝက်ခြံလိုမျိုးအဖုလေးတွေဖြစ်တတ်ပါတယ်။ ဒါတွေက အရမ်းစိုးရိမ်ဖို့မလိုပါဘူး။ အချိန်အတိုင်းအတာတစ်ခုရောက်တဲ့အခါ အလိုလိုသက်သာပျောက်ကင်းသွားတတ်ပါတယ်။ ကလေးတစ်ယောက်နဲ့ တစ်ယောက်မှာပျောက်ကင်းသက်သာသွားတဲ့ အချိန်အပိုင်းအခြား ကွာခြားတာမျိုးတော့ရှိနိုင်ပါတယ်။ ဒီအရေပြားပြဿနာတွေက အချိန်တော်တော်ကြာတဲ့အထိမပျောက်ကင်းဘဲ ပိုဆိုးလာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်ဖို့ လိုပါလိမ့်မယ်။

တစ်ခါတလေ ကလေးအရေပြားမှာဖြစ်တဲ့ အဖုအပိမ့်တွေ၊ အင်ပျဉ်လိုမျိုးအရေပြားပြဿနာတွေက ကလေးတွေမှာဖြစ်တတ်တဲ့ခြေ၊လက်၊ပါးစပ်ရောဂါ၊ရေကျောက်ပေါက်တာ၊ ဝက်သက်၊သွေးလွန်တုပ်ကွေး နဲ့ ဦးနှောက်ပိုးဝင်တဲ့ရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာတွေဖြစ်နေတတ်ပါတယ်။ အခုလိုမျိုး လက္ခဏာတွေဖြစ်လာရင် ဆရာဝန်နဲ့ သွားရောက်ပြသပေးပါ။

  • အဖုအပိမ့်တွေဖြစ်ပြီး ကလေးက အဖျားတက်တာ၊ နာကျင်ကိုက်ခဲတာမျိုးဖြစ်နေမယ်ဆိုရင်
  • ခန္ဓါကိုယ်အနှံ့မှာ အဖုအပိမ့်တွေထွက်နေမယ်ဆိုရင်
  • အဖုအပိမ့်တွေက နာကျင်မယ်၊ပြည်တည်မယ်၊ အနာဖြစ်တဲ့နေရာနဲ့ အနာတဝိုက်မှာ ပူနွေးနေမယ်ဆိုရင်
  • အဖုအပိမ့်တွေက အရည်ကြည်ဖုတွေကနေစဖြစ်လာတာဆိုရင်
  • အပူလောင်နာလိုမျိုးအနာတွေက ခန္ဓါကိုယ်အနှံ့ကိုပြန့်နှံ့လာတာဆိုရင်

အရေပြားမှာ အဖုအပိမ့်ဖြစ်တာက ဓါတ်မတည့်တဲ့ လက္ခဏာဖြစ်နိုင်တယ်

ကလေးအရေပြားမှာ အနီရောင်အဖုအပိမ့်တွေထွက်တာကခြင်ကိုက်တာကြောင့်ဖြစ်နိုင်သလို ပျားတုပ်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒီလိုအရေပြားပြဿနာတွေကြောင့်လည်း အရေပြားမှာ ယားယံတာမျိုးတွေဖြစ်နိုင်ပါတယ်။ အစားအစာဓါတ်မတည့်တာ၊ ပိုးမွှားတွေကိုက်ခံရတဲ့အခါမျိုးမှာလည်း အရေပြားမှာ အနီရောင်အဖုအပိမ့်တွေထွက်နိုင်ပါတယ်။ နှင်းခူဖြစ်ချင်တဲ့အခါမျိုးမှာလည်း အရေပြားမှာ နီမြန်းယားယံတာမျိုးတွေဖြစ်နိုင်ပါတယ်။

အရေပြား အဖတ်လန်တာမျိုးဖြစ်နိုင်ပါတယ်

ကလေးငယ်ရဲ့ အသားအရေက အစိုဓါတ်ကို ထိန်းသိမ်းနိုင်စွမ်းနည်းတာကြောင့် အရေပြားခြောက်သွေ့ အဖတ်လန်တာမျိုးတွေခံစားရနိုင်ပါတယ်။ မိခင်ဝမ်းထဲကနေမွေးဖွားလာပြီး ၂ ရက် ကနေ ၃ ရက်အတွင်းမှာပြင်ပလေနဲ့ ထိတွေ့မှုကြောင့် ကလေးမှာအရေပြားအဖတ်လန်တာလေးတွေစတင်ဖြစ်လာနိုင်ပါတယ်။ ဒါကလည်း ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတစ်ရပ်ပါ။

အသားအရေခြောက်သွေ့နိုင်ပါတယ်

ကလေးအရေပြားကခြောက်သွေ့လွယ်ပါတယ်။ ဒီလိုခြောက်သွေ့တဲ့အခါ ကလေးအရေပြားမှာ အစိုဓါတ်ပြည့်ဝပြီး နူးညံ့ချောမွေ့စေဖို့အတွက် အုန်းဆီလိုမျိုး အစိုဓါတ်ထိန်းပေးနိုင်မယ့် အဆီတစ်မျိုးမျိုးလူးပေးလို့ရပါတယ်။ ကလေးအရေပြားမခြောက်သွေ့အောင်လုပ်လို့ရတဲ့နောက်ထပ်နည်းလမ်းတစ်ခုက ကလေးကိုရေခဏခဏချိုးပေးတာမျိုးမလုပ်ဖို့ပါ။ ကလေးကိုရေခဏခဏချိုးပေးတဲ့အခါ အရေပြားပေါ်က အစိုဓါတ်နဲ့ အာဟာရဓါတ်တွေဆုံးရှုံးစေနိုင်ပါတယ်။ရေချိုးပေးတဲ့အခါမှာလည်း ကလေးတွေအတွက် ထုတ်ထားတဲ့ ဆပ်ပြာကိုရွေးချယ်ပေးဖို့မမေ့ပါနဲ့။ ကလေးကငယ်သေးရင်ရေသန့်သန့်လေးနဲ့ ချိုးပေးရင်တောင်ရပါပြီ။

ကလေးအဝတ်တွေကိုလျှော်ဖွတ်တဲ့ ဆပ်ပြာမှုန့်တွေကိုဂရုစိုက်ရွေးချယ်ပါ

ကလေးအဝတ်တွေကိုလျှော်ဖွတ်ဖို့ ဆပ်ပြာမှုန့်ရွေးချယ်တဲ့အခါမျိုးမှာလည်း အရမ်းမပြင်းဘဲ၊ ဆိုးဆေးတွေ၊ အစွန်းချွတ်ဆေးတွေလိုမျိုး ဓါတုပစ္စည်းတွေမပါဝင်တာမျိုးကိုရွေးချယ်ဖို့လိုပါမယ်။ ကလေးတွေရဲ့ အရေပြားကနူးညံ့တာကြောင့် ဆပ်ပြာမှုန့်တွေအများကြီးသုံးပြီး အဝတ်အစားတွေကိုလျှော်တာမျိုးလည်းမလုပ်ပါနဲ့။ တကယ်လို့ ဆပ်ပြာမှုန့်ကြောင့် ကလေးအရေပြားမှာဓါတ်မတည့်တာမျိုးတွေဖြစ်လာမယ်ဆိုရင် ဆက်မသုံးဖို့လိုပါမယ်။

ကလေးအသားအရေထိန်းသိမ်းစောင့်ရှောက်နည်း

မွေးကင်းစကလေးငယ်တွေရဲ့ အသားအရေကအရမ်းကိုနူးညံ့ထိခိုက်လွယ်သလို ကိုယ်ခံအားစနစ်ကလည်း ထိခိုက်လွယ်ပါတယ်။ ဒါကြောင့်မေမေတွေအနေနဲ့ ကလေးအသားအရေကိုဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားဖို့လိုပါမယ်။

  • ကလေးကိုမွေးစကနေ ၆ လအတွင်းနေရောင်နဲ့တိုက်ရိုက်မထိတွေ့အောင်ထားရပါမယ်။ ကလေးကိုအင်္ကျီလက်ရှည်၊ဘောင်းဘီရှည်တွေဝတ်ဆင်ပေးတာ ဦးထုပ်ဆောင်းပေးတာမျိုးတွေလုပ်ပေးဖို့လိုပါမယ်။
  • ကလေးကိုထားရှိမယ့် ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပေးပါ။
  • ကလေးမှာမိတ်ထွက်နေရင် ချည်သားအင်္ကျီပွပွချောင်ချောင်လေးတွေဝတ်ဆင်ပေးပါ။ ကလေးရှိတဲ့နေရာကိုအေးမြအောင်လုပ်ပေးပါ။
  • ကလေးအတွက်အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေရွေးချယ်တဲ့အခါ ဆိုးဆေး၊အနံ့၊ တာရှည်ခံဆေးလိုမျိုး အရေပြားကိုထိခိုက်စေနိုင်တဲ့ အရာတွေကို သတိထားကြည့်ဖို့လိုပါမယ်။

အခုလောက်ဆိုရင်ဖေဖေမေမေတွေအနေနဲ့ ကိုယ့်ရင်သွေးလေးတွေကို အရေပြားပြဿနာကင်းတဲ့ရင်သွေးတွေအဖြစ်ပျိုးထောင်ပေး ဖို့ အဆင်ပြေလောက်မယ်ထင်ပါတယ်။ ကျန်းမာတဲ့ကလေးငယ်တွေအဖြစ်ပျိုးထောင်နိုင်ကြပါစေကြောင်း

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://fabwoman.ng/skin-care-routine-for-babies-mothers-should-know-fabwoman/

http://www.parent24.com/Baby/Newborn/20-things-you-need-to-know-about-your-newborn-20160421

http://www.youngparents.com.sg/pregnancy-baby/7-things-know-baby-skin/?slide=1

ယခုပုံစံ

10/08/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အာဟာရ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေး တစ်ယောက် ဖွံ့ဖြိုးမှု



Aye Thi Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ