backup og meta

ကလေးမှာ အရေပြားဓာတ်မတည့်မှု ဖြစ်လာရင် ဘယ်လိုပြုစုစောင့်ရှောက်ရမလဲ

ကလေးက နှာတချေချေဖြစ်နေသလား၊ အသက်ရှူသံတရွှီရွှီဖြစ်နေသလား၊ အသားတွေယားယံနေတဲ့ပုံ တွေ့ရသလား။ အရေပြားဓာတ်မတည့်မှု ကြောင့် ဖြစ်နိုင်ပါတယ်နော်။

ကလေးမှာ အရေပြားဓာတ်မတည့်မှု ဖြစ်လာရင် ဘယ်လိုပြုစုစောင့်ရှောက်ရမလဲ

ဓာတ်မတည့်မှုတွေဟာ ကလေးတွေကို ဒီလိုလက္ခဏာတွေဖြစ်စေရုံတင်မကပါဘူး။ အရေပြားမှာလည်း လက္ခဏာအမျိုးမျိုးပြလာစေနိုင်ပါတယ်။ ဆရာဝန်တွေကချက်ချင်းတော့ အရေပြားပြဿနာဖြစ်ရတဲ့အကြောင်းရင်းကို တပ်အပ်မဆုံးဖြတ်ပေးနိုင်ပါဘူး။ ဓါတ်မတည့်မှု ဖြစ်တဲ့အခါ ကလေးအရေပြားမှာ အရင်ဆုံးတွေ့ရမှာက မျက်နှာ သို့မဟုတ် ဦးရေပြားပေါ်က အနီကွက်တွေ၊ အနီစက်တွေပဲဖြစ်ပါတယ်။ နောက်မှ လက်နဲ့ ခန္ဓါကိုယ်ကို ပျံ့နှံ့လာပါတယ်။ အရေပြားမှာခြောက်သွေ့၊ယားယံနေတာကြောင့် ကလေးတွေအနေခက်လာတာပဲဖြစ်ပါတယ်။ ကလေးငယ်တွေမှာတွေ့ရတဲ့ ဓါတ်မတည့်မှုလက္ခဏာတွေက –

  • အရေပြားအနီကွက်ဖြစ်ခြင်း
  • အရေပြားပေါက်ပြဲစေတဲ့အထိ ကုတ်ခြင်းနဲ့ ကုတ်လေပိုယားလေဖြစ်လာခြင်း
  • အရေပြားခြောက်သွေ့ခြင်း
  • ယားယံမှုကြောင့် ကုတ်တာပွတ်တာများလာတဲ့အခါ အသားမာဖြစ်လာခြင်း
  • အရေပြားပိုးဝင်မှု မကြာခဏဖြစ်ခြင်း
  • အနည်းငယ်ရောင်ရမ်းခြင်း
  • ယားယံခြင်း
  • နှာချေခြင်း၊ နှာရည်ကျခြင်း
  • မျက်ရည်ထွက်ခြင်း
  • ခန္ဓါကိုယ်မှာ အနီစက်လေးတွေပေါ်လာခြင်းတို့တွေ့ရတတ်ပါတယ်။

အရေပြားဓာတ်မတည့်မှု လက္ခဏာပြင်းထန်ရင်တော့

  • နှုတ်ခမ်း သို့မဟုတ် လျှာရောင်လာခြင်း
  • မျိုချရခက်ခြင်း
  • အသက်ရှူရခက်လာပုံရခြင်း
  • ဗိုက်အောင့်၊ပျို့အန်ခြင်း၊ ဝမ်းလျောခြင်း
  • သတိလစ်ခြင်း တို့ဖြစ်လာရင် အမြန်ဆုံးဆရာဝန်ပြပြီး ကုသမှုခံယူပါ။

ယားယံမှုကို ပိုဆိုးစေနိုင်တဲ့ အရာတွေက –

  • အရေပြားကိုခြောက်သွေ့စေတဲ့လေတိုက်ခံခြင်း
  • ချွေးထွက်ခြင်း
  • အသားကြမ်းတဲ့အဝတ်အထည်တွေ
  • ဆပ်ပြာ
  • ဓါတ်မတည့်မှုဖြစ်နိုင်ခြေရှိတဲ့ အစားအစာတွေဖြစ်ပါတယ်။

ကလေးကို ဓါတ်မတည့်မှုဖြစ်စေတာက အမျိုးမျိးရှိနိုင်ပါတယ်( ဥပမာ – ပန်းဝတ်မှုန်ကြောင့်၊ ဖုန်မှုန့်တွေကြောင့်)။ ပြီးတော့ ဓါတ်မတည့်မှုဆိုတာ အချိန်မရွေး နေရာမရွေးမှာ ဖြစ်လာနိုင်တဲ့အခြေအနေတွေပါ။ ဒီတော့ ကလေးမှာ အထက်ပါလက္ခဏာတွေတွေ့လာပြီဆိုရင် ဆရာဝန်ညွှန်ကြားချက်အပြင် သူနေရသက်သာအောင်ဒီအချက်လေးတွေအတိုင်းပြုစုပေးတာကောင်းပါလိမ့်မယ်။

သွားရည်တွေကို သုတ်ပေးပါ။

ကလေးငယ်လေးတွေမှာ သွားရည်က အရေပြားပြဿနာဖြစ်စေတဲ့အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။

ထိတွေ့မှု ညင်သာပါ။

ကလေးရဲ့အသားအရေကိုထိတွေ့တဲ့အခါ ညင်သာပါ။ အရောင်ဆိုးဆေးနဲ့အနံ့ကင်းတဲ့ ဆပ်ပြာတွေကိုပဲသုံးပါ။ အပျော့စားဖြစ်တဲ့ကလေးဆပ်ပြာတွေမဟုတ်ဘဲ ရိုးရိုးဆပ်ပြာဆိုရင် ကလေးအရေပြားကိုခြောက်သွေ့စေပြီး အရေပြားအပေါ်ယံအကာအကွယ်အလွှာကို ထိခိုက်စေနိုင်ပါတယ်။

လက်သည်းလေးတွေ သေချာညှပ်ပေးပါ။

ကလေးငယ်အများစုဟာ ယားလာရင် မကုတ်ဘဲမနေနိုင်ပါဘူး။ ယားတာလည်းမပျောက်ဘဲ ကုတ်ရင်း ကုတ်ရင်းနဲ့ အရေပြားမှာသာပေါက်ပြဲပြီး ပိုးဝင်ဖို့အလားအလာများပါတယ်။ ဒါ့ကြောင့် ကလေးရဲ့လက်သည်းကို သပ်သပ်ရပ်ရပ်တိပေးထားမယ်ဆိုရင် ကလေးက ကုတ်လည်း သိပ်မထိခိုက်စေနိုင်တော့ပါဘူး။

ရေနွေးနွေးနဲ့ ရေချိုးပေးပါ။

ကြက်သီးနွေးရေကိုသာသုံးပါ။ သိပ်မပူပါစေနဲ့။ရေချိုးဆပ်ပြာ သိပ်မများပါစေနဲ့။ရေချိုးချိန်ကို ၃ မိနစ်ကနေ ၅ မိနစ်အတွင်းပဲ ချိုးပေးပါ။ရေချိုးချိန်ကြာရင် အသားကိုပိုခြောက်သွေ့စေနိုင်ပါတယ်။

ရေချိုးပြီးရင် moisturizer လိမ်းပေးပါ။

ရေချိုးပြီးရင် တဘက်နုနုနဲ့ အသာအယာတို့သုတ်ပြီး ကလေးရဲ့အသားအရေကို အစိုဓါတ်ထိန်းပေးမယ့် baby oil တစ်ခုခုလိမ်းပေးပါ။

ကလေးကို ချည်သားအထည်တွေဝတ်ပေးပါ။

အသားကြမ်းတဲ့အဝတ်အထည်တွေက ကလေးကိုပိုယားယံစေနိုင်တာကြောင့် ချည်သားနုနု အဝတ်အထည်တွေကို ဝတ်ဆင်ပေးပါ။

အရေပြားပိုးဝင်ခြင်းကို သတိထားစောင့်ကြည့်ပြီး ချက်ချင်းကုသပါ။

ပြည်တည်တာ၊ အရမ်းနီရဲလာတာ၊ အနာဖြစ်လာတာ၊ အရေပြားအဖတ်တွေလန်လာတာ လိုမျိုး ကလေးမှာ အရေပြားပိုးဝင်တဲ့လက္ခဏာတွေတွေ့ရရင် ဆရာဝန်ချက်ချင်းပြပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

http://kidshealth.org/en/parents/allergic-reaction-sheet.html

https://www.webmd.com/allergies/treating-skin-allergy-symptoms-kids

https://www.webmd.com/allergies/common-skin-allergies-kids

https://www.parents.com/baby/health/allergy/baby-allergies-prevention-treatment-tips/

 

ယခုပုံစံ

15/08/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးအရေပြားကို ထိန်းသိမ်းဖို့ဘာကြောင့်အရေးကြီးတာလဲ

အသားအရေထိန်းပစ္စည်းတွေကြောင့် ကလေးမှာ ဓာတ်မတည့်မှု ဖြစ်လာရင် ဘယ်လိုကုသစောင့်ရှောက်ပေးမလဲ



Yun Sandi Nan Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ