brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးများသည် အသက်ငယ်ရွယ်စဉ် အချိန်တွင် ဆေးလိပ်စသောက်လျှင် ဘယ်လို နောက်ဆက်တွဲများ ဖြစ်လာမလဲ

တကမ္ဘာလုံးဆိုင်ရာ စာရင်းပြုစုချက်များအရ ဆေးလိပ်သောက်နေသူများ၏ ၈၀% သည် အသက် ၁၈နှစ်မတိုင်မီကပင် ဆေးလိပ်သောက်ခြင်းအကျင့် ရှိသူများဖြစ်ကြောင်းတွေ့ရသည်။ ထို့ကြောင့်ပင် ကမ္ဘာပေါ်တွင် နှစ်စဉ် တနှစ်လျှင် ၆သန်းခန့်သည် ဆေးလိပ်သောက်ခြင်း၏နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် သေဆုံးနေရခြင်းဖြစ်ပေသည်။ ဆေးလိပ်သောက်သူအများအပြားသည် ထိုသို့စောစီးစွာသေဆုံးရခြင်းအကြောင်းများက ဘာတွေလဲ။

ကလေးများသည် အသက်ငယ်ရွယ်စဉ် အချိန်တွင် ဆေးလိပ်စသောက်လျှင် ဘယ်လို နောက်ဆက်တွဲများ ဖြစ်လာမလဲ

စီးကရက် တခုတွင် ဓါတုဓါတ်ပေါင်းများ ၄၀၀၀ ကျော်ပါဝင်သည်။

စီးကရက် တခုတွင် မှန်းခြေအားဖြင့် ဓါတုဓါတ်ပေါင်းများ ၄၀၀၀ ကျော်ပါဝင်သည်။ ထိုအနက် အမျိုးပေါင်း ၅၁ ခုနှင့် အထက်သည် ကင်ဆာဖြစ်စေသော ဓါတုဓါတ်ပေါင်းများဖြစ်ပါသည်။ ဥပမာအားဖြင့် ဖော်ပြရသော် ဘက်ထရီများတွင် သုံးသော ကတ်တမီယံဓါတ်၊ ကြွက်သတ်ဆေးတွင် သုံးသော အာဆင်နိတ်ဓါတ် နှင့် လက်နက်များတွင် သုံးသော ဟိုက်ဒြိုဂျင်ဓါတ်များဖြစ်ပါသည်။

ထို့ပြင် စီးကရက်ကို စွဲလန်းမှုဖြစ်စေသော အဓိကဓါတ်ဖြစ်သည့် နီကိုတင်းဓါတ်သည် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများတွင် သုံးသော ဓါတ်ပစ္စည်းဖြစ်ပါသည်။ နီကိုတင်းစစ်စစ်ပါဝင်သော ဆေးတစက်သည် လူတယောက်ကို ချက်ချင်းသေစေနိုင်ပါသည်။

ထို့ကြောင့် သိပ္ပံပညာရှင်များနှင့် ဆေးပညာကျွမ်းကျင်သူများက ဆေးလိပ်သောက်ခြင်းသည် မည်သည့်ပမာဏပင်ဖြစ်စေ သောက်သုံးသူကို အန္တရာယ်ပေးနိုင်သည်ဟုဆိုပါသည်။ ဆေးလိပ်သောက်သော လူများသည် ဆေးလိပ်မသောက်သူများထက် သေဆုံးနိုင်ချေ ၁.၆ဆ ပိုများကြောင်းဆိုထားပါသည်။

အသက်ငယ်ရွယ်စဉ်တွင် ဆေးလိပ်စသောက်ခြင်းကြောင့် ဖြစ်လာမည့် နောက်ဆက်တွဲကျန်းမာရေးပြသနာများကဘာတွေလဲ။

ဦးနှောက်ကို ထိခိုက်ပျက်စီးစေခြင်း

ဆေးလိပ်နှင့် ဆေးရွက်ကြီးထဲတွင်ပါဝင်သော အဆိပ်အတောက်ဖြစ်စေသည့် ဓါတုပစ္စည်းများကြောင့် ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေပါသည်။ အထူးသဖြင့် ဦးနှောက်တွင် ကျိုးကြောင်းဆင်ခြင်းနိုင်ခြင်း၊ ဆုံးဖြတ်ချက်များချနိုင်ခြင်းနှင့် မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်းတို့ကို ပြုလုပ်ပေးသော ဦးနှောက်အရှေ့ပိုင်းနေရာကို ထိခိုက်စေနိုင်ပါသည်။

အာရုံကြောများကို ထိခိုက်ပျက်စီးစေခြင်း

ဆေးလိပ်တွင်ပါဝင်သော နီကိုတင်းဓါတ်သည် မျက်စိအမြင်လွှာတွင်ရှိသော ရိုဒိုစင်အမည်ရှိသည့် ရောင်ခြယ်တမျိုးကို ထိခိုက်ပျက်စီးစေသောကြောင့် ညဘက်အချိန်များတွင် သာမန်လူများလောက်မမြင်ရခြင်းကိုဖြစ်စေနိုင်သည်။ ထိုသို့ဖြစ်ခြင်းကြောင့် ညဘက်တွင် ကားမတော်တဆဖြစ်မှုများကို ဖြစ်စေနိုင်ပါသည်။ ထို့ပြင် နီကိုတင်းသည် အကြားအာရုံများကို တဖြေးဖြေးထိခိုက်ကာ နားမကြားခြင်းကိုဖြစ်သွာစေနိုင်ပါသည်။

အဆုတ်ကို ထိခိုက်ပျက်စီးစေခြင်း

ဆေးလိပ်သောက်ခြင်းသည် အဆုတ်၏ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်များကို နှောင့်နှေးစေပါသည်၊ ထို့ကြောင့် ဆယ်ကျော်သက်များတွင် ဆေးလိပ်သောက်သူများသည် မသောက်သူများနှင့် ယှဉ်လျှင် အဆုတ်သေးသိမ်ခြင်း၊ အားနည်းခြင်းများဖြစ်မည်ဖြစ်သည်။ ထို့ပြင် အဆုတ်ရောင်ခြင်း၊ အဆုတ်အတွင်းရှိလေပြွန်ငယ်လေးများကို ထိခိုက်ခြင်း နှင့် အမျှင်ငယ်လေးများကို ထိခိုက်ပျက်စီးစေခြင်းတို့ဖြစ်လာစေနိုင်ပါသည်။(အဆုတ်အတွင်းရှိလေပြွန်ငယ်လေးများသည် အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်များကို လဲလှယ်ပေးပြီး အမျှင်ငယ်လေးများသည် အဆုတ်ထဲတွင်ရှိသော ချွဲများနှင့်ဖုန်မှုန့်များကို ဖယ်ရှားသန့်စင်ပေးပါသည်။)

ထို့ကြောင့် ဆေးလိပ်သောက်သော ဆယ်ကျော်သက်များသည် မသောက်သူများနှင့် ယှဉ်လျှင် အသက်ရှုမဝခြင်းဖြစ်နိုင်ချေ ၃ဆပိုများပြီး ချွဲသလိပ်များဖြစ်နိုင်ချေ ၂ဆပိုများကြောင်းတွေ့ရပါသည်။

နှလုံးကို ထိခိုက်ပျက်စီးစေခြင်း

ဆေးလိပ်သောက်ခြင်းဖြင့် သွေးဖိအားကို မြင့်တက်စေခြင်း၊ သွေးကြောနံရံများထူလာခြင်းနှင့် သွေးထဲတွင် ကျန်းမာရေးကို ထိခိုက်စေသော အဆီဓါတ်များတိုးလာခြင်းတို့ဖြစ်စေကာ နှလုံးကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါသည်။

ယေဘူယျအားဖြင့် ဆေးလိပ်သောက်သူများ၏ ပုံမှန်နှလုံးခုန်နှုန်းသည် တစ်မိနစ်လျှင် မသောက်သူများထက် ၂ချက် ၃ချက် ပိုမြန်နေကြောင်းတွေ့ရသည်။ ဆေးလိပ်သောက်သူများသည် မသောက်သူများထက် သွေးဖြူဥများမြင့်တက်နေခြင်း၊ သွေးခဲခြင်း၊ လေဖြတ်ခြင်း စသည့်နှလုံးနှင့် ဆက်စပ်သောရောဂါများ ဖြစ်နိုင်ချေပိုမြင့်မားကြောင်းတွေ့ရပါသည်။

စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှုများ

၁၉၉၄ ခုနှစ်တွင် ထုတ်ပြန်သော ခွဲစိတ်ဆရာဝန်များ၏ ထုတ်ပြန်ချက်အရ ဆေးလိပ်သောက်ခြင်းသည် ဆယ်ကျော်သက်များတွင် ဆေးရွက်ကြီး သုံးစွဲနိုင်ချေကို ၈ ဆမြင့်တက်စေပြီး ကိုကင်းသုံးစွဲနိုင်ချေကို ၂၂ဆမြင့်တက်စေနိုင်ကြောင်း သိရပါသည်။ ဆေးလိပ်သောက်သော ဆယ်ကျော်သက်များသည် အရက်သောက်နိုင်ချေ ၂ ဆပိုများပြီး အကြမ်းဖက်မှုများနှင့် အကာအကွယ်မဲ့လိင်ဆက်ဆံမှုများ ဖြစ်နိုင်ချေလည်းရှိကြောင်းလေ့လာသိရှိရပါသည်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. K Zin Thwe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/08/2022 ဖြစ်ပါသည်။