brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးမှာ တုပ်ကွေးဖြစ်တဲ့အခါ ဘယ်လိုဂရုစိုက်ပေးမလဲ

နှာတွေချေ၊ နှာရည်တွေကျပြီး ကိုယ်တွေပူနေတဲ့ကလေးအတွက်ဖေဖေမေမေတို့ ပျာယာခတ် စိတ်ပူရတာ သဘာဝပါပဲ။ တုပ်ကွေးဒဏ်ကို ပိုခံစားရလေ့ရှိတဲ့သူတွေထဲ အသက် ၅ နှစ်အောက် ကလေးတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ပန်းနာရင်ကျပ်ရှိသူတွေနဲ့ ကိုယ်ခံအားနည်းသူတွေပါဝင်ပါတယ်။

ကလေးမှာ တုပ်ကွေးြဖစ်လာရင် ဆရာဝန်ရဲ့အကြံပြုချက်အတိုင်း သင့်တော်တဲ့ကုသမှုခံယူရမှာဖြစ်ပေမယ့် မိဘလုပ်သူတွေက အသေးစိတ်ဂရုစိုက်ပေးမှ ကလေးမှာဝေဒနာခံစားရသက်သာစေမှာပါ။ မဟုတ်ရင် နေမကောင်းလို့အားနည်းနေတဲ့ကလေးမှာ ခံစားရတဲ့ရောဂါလက္ခဏာတွေက ခံရမသက်သာပိုဖြစ်စေပြီး ပိုပင်ပန်းရပါလိမ့်မယ်။ ဒါ့ကြောင့် နေမကောင်းတဲ့ကလေးကိုပြုစုစောင့်ရှောက်ရမယ့်အချက်လေးတွေအကြောင်း ဖေဖေမေမေတို့ကို အကြံပြုပေးလိုက်တယ်နော်။

ဆေးဝါးအကူအညီ လိုအပ်လာနိုင်ပါတယ်

တုပ်ကွေးနဲ့ အအေးမိေရာဂါအတွက် သီးသန့်ကုသဆေးမရှိပေမယ့် အဖျားကျစေပြီး ကိုက်ခဲမှုသက်သာစေနိုင်တဲ့ဆေးဝါးတွေကို အသုံးပြုကြပါတယ်။ ကိုယ်ပူမယ်၊ခေါင်းကိုက်မယ်၊ ကြွက်သားနာကျင်ကိုက်ခဲမယ်၊ လည်ချောင်းနာမယ် ဆိုတဲ့ဝေဒနာတွေအတွက် ကလေးတွေကိုacetaminophen လိုမျိုးဆေးတွေ ဆရာဝန်ကညွှန်းပေးနိုင်ပါတယ်။ ဥပမာ ကလေးတွေအတွက် သောက်ရလွယ်စေဖို့ အထူးထုတ်လုပ်ထားတဲ့ acetaminophen ပါဝင်တဲ့ Tylenol (တိုင်လီနော) ဆေးရည်ကို တိုက်ကျွေးနိုင်ပါတယ်။ ဖျားတာရော ကိုယ်လက်တွေနာကျင်ကိုက်ခဲတာတွေရော သက်သာစေတဲ့အတွက် ကလေးတွေအတွက် သင့်တော်ပါတယ်။

ကလေးကို အရမ်းပူအိုက်မနေအောင်၊ သက်တောင့်သက်သာထားပါ

ကလေးကို ဖျားနေလို့ဆိုပြီး အနွေးထည်၊စောင်တွေ အထပ်ထပ်နဲ့ မထားသင့်ပါဘူး။လှောင်အိုက်နေရင် မကောင်းပါဘူး။လေဝင်လေထွက်ကောင်းတဲ့ ချည်သားအဝတ်အထည်တွေပဲ ဝတ်ပေးတာမျိုး၊ ကလေးကို သက်တောင့်သက်သာအနေအထားမှာပဲ ထားဖို့ သတိရပါ။

ရေဝတ်တင်ပေးပါ

ကလေးရဲ့နဖူးမှာရေစိုဝတ်လေး တင်ပေး၊ လဲပေးတာက ကိုယ်ပူကျစေပါတယ်။

ရေချိုးချပါ

ရေက ကြက်သီးနွေးရေဖြစ်ဖို့လိုပါတယ်။ သိပ်အေးနေတဲ့ရေမဖြစ်ပါစေနဲ့။ ရေချိုးတာ မကြာပါစေနဲ့။ ကိုယ်ပူကျအောင်ဆိုပြီး ကလေးကိုရေအေးအေးတွေနဲ့ မချိုးပေးလိုက်ပါနဲ့။ရေချိုးချပြီးရင်မြန်မြန်ခြောက်အောင်သုတ်ပေးပါ။ လေတိုက်မခံပါနဲ့။

နှိပ်နယ်ပေးပါ

ကလေးရဲ့ခန္ဓါကိုယ်မှာ ခံစားနေရတဲ့ နာကျင်ကိုက်ခဲမှုတွေကို ဦးခေါင်းနဲ့ကျောဘက်မှာ အသာအယာပွတ်ပေးရုံနဲ့ သက်သာစေနိုင်ပါတယ်တဲ့။ ညင်သာစွာ ပွတ်သပ် နှိပ်နယ်ပေးတာကဝေဒနာသက်သာစေနိုင်ပြီး နွေးထွေးစွာနှစ်သိမ့်ရာလည်းရောက်ပါတယ်။

အစိုဓါတ်ထိန်းပါ

လေထုတွင်းအစိုဓါတ်ထိန်းhumidifiersတွေသုံးတာ၊ နှာခေါင်းဖျန်းဆေး nasal sprayတွေသုံးတာလည်းကောင်းပါတယ်။ ကလေးက နှာခေါင်းပိတ်နေတဲ့အခါ ဒီနည်းတွေက ကလေးရဲ့နှာခေါင်းလမ်းကြောင်းအတွင်း အစိုဓါတ်ထိန်းပေးထားမှာဖြစ်လို့ အတော်အထောက်အကူဖြစ်စေပါလိမ့်မယ်။

ပူပူနွေးနွေးသောက်စရာတွေ ဖန်တီးပေးပါ

အရမ်းငယ်သေးတဲ့အရွယ်ကလွဲလို့ ကလေးတွေကိုရေနွေးကြမ်း၊ စွပ်ပြုတ်ရည်၊ အိုဗာတင်း၊မိုင်လို စတဲ့အာဟာရဖြစ်မယ့်သောက်စရာတွေ တိုက်ပေးရင် လည်ချောင်းနာနဲ့ ချွဲကြပ် သက်သာစေနိုင်ပါတယ်။

အရည်များများဝင်အောင် တိုက်ပါ

တုပ်ကွေးဖြစ်ပြီဆိုရင် အဖြစ်များတာကရေဓါတ်ဆုံးရှုံးခြင်းဖြစ်ပါတယ်။ရေ သို့မဟုတ် အရည်များများဝင်အောင် ချော့ပြီးတိုက်ပါ။ နို့တိုက်အရွယ်ဆိုရင် နို့ရည် ၊ ကျန်တဲ့အရွယ်ကလေးတွေကိုရေနဲ့ အသီးဖော်ျရည် (အချိုရည်ဘူးမဟုတ်) တိုက်လို့ရပါတယ်။

ကလေးကို နားနားနေနေနေခိုင်းပါ

ကလေးကို သိပ်မဆော့စေဘဲ သက်တောင့်သက်သာနားနေအောင်ချော့မော့ထားပါ။ ပုံဆွဲစာအုပ်၊ဆေးရောင်ခြယ်စာအုပ် သို့မဟုတ် အရုပ်၊ ကစားစရာ၊ ပဟေဠိဆက် ကစားစရာမျိုးတွေ နဲ့ငြိမ်အောင် ထိန်းထားတာကောင်းပါတယ်။ပြေးလွှားကစားနေရင် ပိုအားကုန်၊ ပိုနေမကောင်းရင် ခံစားရတဲ့ဝေဒနာပိုဆိုးစေနိုင်လို့ပါ။

ဖေဖေမေမေတို့ မမေ့သင့်တဲ့တစ်ချက်က တုပ်ကွေးလက္ခဏာတွေကို ချက်ချင်းလုံးဝပျောက်ကင်းအောင် လုပ်ဖို့မဟုတ်ဘူးဆိုတာပါပဲ။ တုပ်ကွေးဖြစ်နေတဲ့ကာလမှာနေရသက်သာစေဖို့ပြုစုဂရုစိုက်ပေးတာပဲ အကောင်းဆုံးဖြစ်ပါတယ်။ လိုအပ်တဲ့ဆေးဝါးကုသမှုအပြင် မိဘရဲ့ပြုစုဂရုစိုက်မှုကလည်း ကလေးတွေအတွက် အဓိကကျလို့ပါပဲ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 25/08/2022 ဖြစ်ပါသည်။