backup og meta

လက်ဘက်ရည်နဲ့ လာဗန်ဒါအဆီက ကလေးတွေအတွက်စိတ်ချရလား

သင့်အိမ်မှာရှိတဲ့ ကျန်းမာရေးဆိုင်ရာ ဆေးတွေ၊ပစ္စည်းတွေ အတော်များများမှာ လက်ဖက်အဆီနှစ်(Tea tree) နဲ့ လာဗင်ဒါဆီ(lavender)တို့ကို တွေ့နိုင်ပါတယ်။ ဒါပေမယ့်သင့်မှာ ရင်သွေးလေးရှိမယ်ဆိုရင် ဒီ “သဘာဝ”ပစ္စည်းတွေဟာ သူတို့လေးတွေအတွက် သင့်တော်ပါ့မလားလို့ သင်တွေးကောင်းတွေးပါလိမ့်မယ်။ ဒီလို အတွေးတွေဖြစ်နေပြီဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။

လက်ဘက်ရည်နဲ့ လာဗန်ဒါအဆီက ကလေးတွေအတွက်စိတ်ချရလား

လက်ဖက်အဆီနှစ်(Tea tree)၊ လာဗင်ဒါဆီ(lavender) နဲ့ သင့်ရင်သွေး

လက်ဖက်အဆီနှစ်ကို များသောအားဖြင့် (လက်သည်း၊မိန်းမကိုယ်၊ခြေထောက်စတဲ့ နေရာတွေမှာ) fungus မှိုစွဲတာ၊ဝက်ခြံပေါက်တာ၊အရေပြား ဓါတ်မတည့်တာတွေနဲ့ သွားနဲ့ခံတွင်း ပြဿနာတွေမှာ သုံးလေ့ရှိကြသလို လာဗင်ဒါအဆီဟာလည်း ဆံပင်ကျွတ်တာ၊စိုးရိမ်ပူပန်မှုများတာ၊စိတ်ဖိစီးမှုများတာ စတဲ့ အခြေအနေတွေကို ကုသရာမှာ အသုံးဝင်ပါတယ်။ ဒါတင်မကသေးပါဖူး။ လာဗင်ဒါဆီကို တရုတ်ရိုးရာ အပ်စိုက်ကုသတာ၊ခန္ဓါကိုယ်နှိပ်နယ်တာနဲ့ ကျောရိုးဆစ်လွဲတာကို ကုသတဲ့ နေရာတွေမှာလည်း သုံးနိုင်ပါသေးတယ်။ လာဗင်ဒါအဆီနဲ့ ရေချိုးမယ်ဆိုရင် အဆစ်အမြစ်နာတာ နဲ့ ကြွက်သားနာတာတွေကို ပျောက်ကင်းသက်သာစေပါတယ်။ ဒါ့အပြင် အရေပြားကူးစက်ပိုးဝင်တာ၊အနာဖြစ်တာ၊နှင်းခူပေါက်တာ နဲ့ ဝက်ခြံအစရှိတဲ့ အရေပြားပြဿနာတွေကို လာဗင်ဒါအဆီက ဖြေရှင်းပေးနိုင်သလို ခြောက်သွေ့ပြီး အကြေးခွံတွေလို အဖတ်တွေဖြစ်နေတဲ့ အသားအရေပိုင်ရှင်တွေကိုလည်း အဆိုပါအခြေအနေတွေကနေ သက်သာစေပါတယ်။ ခွဲစိတ်ပြီးတဲ့နောက် အနာသက်သာအောင်လည်း လာဗင်ဒါအဆီကို အသုံးပြုနိုင်ပါတယ်။ ဒီလို အသုံးဝင်တဲ့ နေရာတွေ အများကြီးရှိပေမယ့် လေ့လာချက်တွေအရ လက်ဖက်အဆီနှစ်နဲ့ လာဗင်ဒါအဆီတို့ဟာ ကလေးတွေမှာ အချို့သော ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေတယ်လို့ ဆိုပါတယ်။

လက်ဖက်အဆီနှစ်ဟာ စားမိရင် ဓါတ်မတည့်တဲ့ လက္ခဏာတွေကို ခံစားရစေနိုင်ပါတယ်။ ဒီလက္ခဏာတွေမှာ အရေပြားအနည်းငယ် ရောင်ရမ်းတာကနေ အရည်ကြည်ဖုတွေ အများကြီးထွက်လာတာအထိ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဒါ့အပြင် လက်ဖက်အဆီနှစ်ဟာ ဖော်ပြပါ အချက်တွေကိုလည်း ဖြစ်စေပါတယ် —-> ပါးစပ်ကြီးခါးနေတာ၊ ခံတွင်းနံ့မကောင်းတာ၊စိတ်ကျဝေဒနာ ဖြစ်စေတာ၊ငိုက်မျဉ်းတာ၊ဝမ်းလျှောတာ၊ပါးစပ်တဝိုက် ရောင်ရမ်းတာ၊ပျို့အန်မအီမသာဖြစ်တာ၊ဗိုက်နာ/အောင့်တာ၊အလွန်အမင်း ပင်ပန်းနွမ်းနယ်တာ နဲ့ အားနည်းတာ စတာတွေပဲဖြစ်ပါတယ်။ လက်ဖက်အဆီနှစ်နဲ့ လာဗင်ဒါအဆီကို ရောပြီးသုံးမိရင် တကိုယ်လုံးမှာ အနီစက်တွေ ထွက်လာစေနိုင်ပါတယ်။

လေ့လာသုတေသန ပြုချက်တွေအရ လက်ဖက်အဆီနှစ်နဲ့ လာဗင်ဒါအဆီနှစ်မျိုးလုံးဟာ ယောက်ျားလေးတွေမှာ ရင်သားကို ကြီးလာစေတယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ အဆိုပါ အဆီတွေဟာ မ ဟော်မုန်းတမျိုးဖြစ်တဲ့ estrogen ရဲ့ အာနိသင်ကို ပိုများစေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ ယောက်ျားလေးတွေမှာ ရင်သားတွေ ကြီးလာရပါတယ်။

လက်ဖက်အဆီနှစ်နဲ့ လာဗင်ဒါအဆီပါဝင်တဲ့ အလှကုန်ပစ္စည်းတွေ (ဥပမာ ခေါင်းလျှော်ရည်၊ခေါင်းလိမ်းဂျဲလ်၊လိုးရှင်း စသဖြင့်ပေါ့)ကို အသုံးပြုမိတာကြောင့် တချို့ယောက်ျားလေးတွေမှာ gynecomastia လို့ခေါ်တဲ့ မူမမှန် ရင်သားကြီးထွားတဲ့ အခြေအနေတရပ်နဲ့ ရင်ဆိုင်ရပါတော့တယ်။

ဒါဆိုရင် သူတို့ကို ဘယ်လိုသုံးစွဲရမလဲ။

  • လာဗင်ဒါအဆီနဲ့ လက်ဖက်အဆီနှစ်တွေကို ပါးစပ်က မစားရပါဖူး။ အရေပြားပေါ်ပဲ လိမ်းရတာပါ။
  • ကလေးတွေ အတွက် သက်သက်ထုတ်ထားတဲ့ ထုတ်ကုန်တွေရှိပါတယ်။ ဒီလို ကလေးသီးသန့် ထုတ်ကုန်တွေကိုပဲ သုံးစွဲနိုင်ဖို့အတွက် သိလိုတာတွေကို ဆရာဝန်နဲ့ မေးမြန်းဆွေးနွေး တိုင်ပင်နိုင်ပါတယ်။
  • ဟောင်းလောင်းဖြစ်နေတဲ့ အနာတွေ(open wound)တွေမှာ ဒီအဆီတွေကို မသုံးရပါဖူး။
  • လာဗင်ဒါအဆီနဲ့ လက်ဖက်အဆီနှစ်တွေဟာ ယောက်ျားလေးတွေမှာ ရင်သားကြီးထွားစေတဲ့အတွက် ကလေးတွေမှာ အသုံးမပြုခင် ဆရာဝန်ကို သေသေချာချာ မေးပါ။

နိဂုံးချုပ်အနေနဲ့ ပြောရရင် လက်ဖက်အဆီနှစ်တွေနဲ့ လာဗင်ဒါဆီတွေဟာ အရေပြားပြဿနာတွေကို ကုသပေးနိုင်သလို စိတ်ဖိစီးမှုတွေ၊ပူပန်ကြောင့်ကြမှုတွေကို သက်သာစေတယ်ဆိုပေမယ့် ကလေးတွေမှာ တချို့ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်ကလေးရဲ့ ခန္ဓါကိုယ်မှာ ဒီအဆီတွေကို အသုံးပြုတော့မယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် နားလည်တတ်ကျွမ်းသူတွေနဲ့ အရင်မေးမြန်းတိုင်ပင်ဖို့ကို ဘယ်တော့မှ မမေ့ပါနဲ့လို့ သတိပေးလိုက်ပါရစေ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Are Tea Tree and Lavender Oils Safe for Kids?.
http://www.webmd.com/children/news/20160906/tea-tree-lavender-oils-safe-kids#1.
Accessed February 18, 2017.

Tea tree oil (Melaleuca alternifolia). http://www.mayoclinic.org/drugs-supplements/tea-tree-oil/background/hrb-20060086. Accessed February 18, 2017.

Lavender. http://umm.edu/health/medical/altmed/herb/lavender. Accessed February 18,2017.

Lavender and Tea Tree Oils May Cause Breast Growth in Boys. https://www.nih.gov/news-events/news-releases/lavender-tea-tree-oils-may-cause-breast-growth-boys. Accessed February 18, 2017.
Aromatherapy and Essential Oils (PDQ®)–Patient Version. https://www.cancer.gov/about-cancer/treatment/cam/patient/aromatherapy-pdq.

ယခုပုံစံ

10/08/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အာဟာရ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေး တစ်ယောက် ဖွံ့ဖြိုးမှု



Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ