brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

စိုးရိမ်ပူပန်တတ်တဲ့ သင့်ကလေးကို ဘယ်လို ဖေးမကူညီမလဲ

ငါတို့ကလေးတွေက သူတို့ ပတ်ဝန်းကျင်ကို ဂရုစိုက်ဖို့၊ ပူပန်ဖို့ ငယ်သေးတယ်၊ မရင့်ကျက်သေးဘူး လို့တွေးတာဟာ မိဘတွေကြားမှာ ဖြစ်လေ့ရှိတဲ့ အထင်မှားမှုတစ်ခုပါ။ ဒါပေမယ့် ကလေးတွေရဲ့ စိုးရိမ်ပူပန်မှုဟာ အမှန်တကယ်ဖြစ်ကြောင်း သိပ္ပံနည်းကျ သက်သေပြပြီးသားပါ။

စိုးရိမ်ပူပန်တတ်တဲ့ သင့်ကလေးကို ဘယ်လို ဖေးမကူညီမလဲ

ဒါကို သတိမထားမိတာ၊ မကုသမိတာမျိုးဆို အချိန်ကြာလာတာနဲ့အမျှ သိသိသာသာ ဆိုးရွားလာပြီး စိတ်မမှန်တော့တဲ့အထိ ပြင်းထန်နိုင်ပါတယ်။

ကလေးတွေမှာဖြစ်တဲ့ စိုးရိမ်ပူပန်မှုဆိုတာ ဘာလဲ။

ကျွန်တော်တို့ သက်တမ်းတစ်လျှောက်မှာ စိုးရိမ်ပူပန်မှုတွေကို ကြုံတွေ့ ဖြတ်သန်းဖူးကြပါတယ်။ ဒါပေမယ့် ဒီပုံမှန် စိုးရိမ်ပူပန်မှုတွေက ယာယီပါ။ အချိန်တစ်ခုကြာရင် ပျောက်ပြယ်သွားမှာပါ။ ကလေးတွေအတွက်ကျတော့ ဒါက ရိုးရှင်းတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါကိုခံစားနေရပြီဆိုရင် အလွန်အမင်း ကြောက်ရွံ့နေမယ်၊ ဖိအားတွေများနေမယ်၊ စိတ်ဓါတ်တွေကျနေမယ်၊ စိတ်ပင်ပန်းမယ်။ သူတို့ဘဝကို ပုံမှန်အတိုင်း ဖြတ်သန်းနိုင်ဖို့ကို ပိတ်ပင်တားဆီးနိုင်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။ စိုးရိမ်ပူပန်လွန်မှုဆိုတာ ကျွမ်းကျင်မှန်ကန်တဲ့ ကုသမှုကို လိုအပ်တဲ့ တကယ် စိတ်ရောဂါတစ်ခုပါ။ ကမ္ဘာလုံးဆိုင်ရာ အချက်အလက်တွေအရ တစ်နှစ်ကို လူ၁၃ယောက်မှာ ၁ယောက်နှုန်း ခံစားနေရပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ဖြစ်နိုင်ချေ ပိုများပါတယ်။

ငယ်ရွယ်စဉ် ဖြစ်တတ်တဲ့ စိုးရိမ်ပူပန်မှု အမျိုးအစားများ

တကယ်လို့ သင့်ကလေးက စိုးရိမ်ပူပန်လွန်တဲ့ ရောဂါခံစားနေရရင် ဒီ ၅ခုထဲ က ၁ခုကြောင့် ဖြစ်ပါလိမ့်မယ်။

– Generalized Anxiety Disorder (GAD): GAD ခံစားနေရတဲ့ ကလေးတွေဟာ သူတို့ဘဝရဲ့ အတန်းအဆင့်၊ အပေါင်းအသင်း၊ ပါဝင်ဆင်နွဲရတဲ့ အားကစားပွဲ စတဲ့ ကိစ္စရပ်တွေမှာ အသိအမှတ်ပြုတာ၊ ပြီးပြည့်စုံမှုတွေကို ရှာဖွေတတ်ကြပါတယ်။ သူတို့ လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ၊ အကြောင်းပြချက် မယ်မယ်ရရမရှိဘဲ စိတ်ပူပန်တာ၊ ကြောက်ရွံ့တာကို အလွန်အမင်း ခံစားရတတ်ကြပါတယ်။ အန္တရာယ်တစ်ခုခု ဖြစ်တော့မယ်လို့ အမြဲတမ်း မြင်ယောင်နေတတ်ကြပါတယ်။

– Panic Disorder: ဒီရောဂါခံစားနေရတဲ့ ကလေးတွေဟာ ဘာရောဂါလက္ခဏာမှ မပြဘဲ ရုတ်တရက် ထိတ်လန့်လာမှာကို ကြောက်ရွံ့တဲ့စိတ်နဲ့ အမြဲ နေထိုင်နေရတတ်ပါတယ်။ အထိတ်တလန့် ဖြစ်တဲ့အခါ နှလုံးခုန် အရမ်းမြန်လာပြီး အသက်ရှုကြပ်လာတတ်ပါတယ်။ အဲ့အချိန်မှာ လူနာတွေက သူတို့ ရူးသွားမတတ်၊ သေမတတ် ခံစားရကြောင်း မကြာခဏ ပြောကြပါတယ်။

– Separation Anxiety Disorder: ကလေးတွေက သူတို့ ချစ်ခင်တဲ့သူတွေနဲ့ ခွဲပြီး မနေလိုကြပါဘူး။ သူတို့နဲ့ အဝေးမှာ နေရရင် သူတို့ ဂရုစိုက်တဲ့သူမှာ မတော်တဆ တစ်ခုခု ဖြစ်လိမ့်မယ်လို့ ယုံကြည်တတ်ကြပါတယ်။

– Social Anxiety Disorder (Social Phobia): ကလေးတွေဟာ ရှက်ရွံ့မှုကြောင့် လူတောတိုးဖို့ကို အလွန်အမင်း ကြောက်ရွံ့ကြပါတယ်။

– Specific Phobia: အမြင့်ကြောက်ခြင်း၊ အမှောင်ကြောက်ခြင်း၊ တချို့တိရစ္ဆာန်တွေကြောက်ခြင်း၊ ခွဲစိတ်ခံရမှာကြောက်ခြင်း စတဲ့ ဖြစ်လေ့ရှိတဲ့ ငယ်စဉ် ကြောက်ရွံ့မှုတွေပါ။

စိုးရိမ်ပူပန်လွန်ခြင်းအတွက် ကုသမှုများ

ဒါဟာ နာတာရှည်ရောဂါဖြစ်ပေမယ့် မိဘတွေက သူတို့ကလေးရဲ့ ရောဂါကို သင့်တော်တဲ့ ကုသမှုနဲ့ စောစောစီးစီး ဂရုစိုက်ပြီး ပြင်းထန်မှုကို လျှော့ချနိုင်ပါတယ်။ စိုးရိမ်ပူပန်လွန်မှု ပုံစံအားလုံးအတွက် ကုသမှုတွေကတော့-

-ဆေးဝါးများ

-Cognitive behavioural therapy

-Psychotherapy

-Relaxation therapy

-အစားအသောက်၊ အနေအထိုင်ပြောင်းလဲခြင်း

စိုးရိမ်ပူပန်လွန်နေတဲ့ သင့်ကလေးကို ဘယ်လိုကူညီမလဲ

– အော်ငေါက်တာက သူတို့အခြေအနေကို ပိုဆိုးစေနိုင်တာမို့ စိတ်ရှုပ်နေတဲ့အခါ သင့်ဒေါသကို ထိန်းပါ။

– သေးသေးမွှားမွှား အောင်မြင်မှုလေးတွေကအစ ချီးကျူးပါ။

– အစီအစဉ် ၂တွေ ၃တွေ ထားထားပါ။ ရုတ်တရက် ပြောင်းလဲဖို့ လိုအပ်တဲ့အခါ ပြောင်းလွယ်ပြင်လွယ်ဖြစ်ဖို့ အမြဲအသင့်ရှိပါ။

– သင့်ကလေးရဲ့ စိတ်ခံစားချက်ကို ပုံမှန်ထက် ပိုဂရုစိုက်ပါ။

– သူတို့ စိတ်ခံစားချက်ကို သူတို့ဖာသာ ထိန်းကျောင်းနိုင်အောင် ကူညီပါ။ ဖေးမတာ၊ အားပေးတာတွေကို ပုံမှန် ပြသပေးပါ။

– စိုးရိမ်ပူပန်လွန်တာနဲ့ ပုံမှန် ဆိုးသွမ်းတဲ့ အပြုအမူတွေကို ခွဲခြားနိုင်ပါစေ။

စိုးရိမ်ပူပန်လွန်တဲ့ ကလေးတွေအတွက် ပုံမှန်နဲ့မတူတဲ့ ပြုစုပျိုးထောင်မှုကို လိုအပ်ပါတယ်။

သို့ပေမယ့်လည်း တခြားပုံမှန်ကလေးတွေနည်းတူ သူတို့အတွက် တူညီတဲ့ မျှော်လင့်မှုတွေ ရှိတယ်ဆိုတာကို သူတို့ သိအောင် ပြသပေးပါ။

Dr. Kaung Thar
Dr. Kaung Thar
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Wathun Myat Chal · 08/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။