ကိုလက်စရောပမာဏများခြင်းဟာ လူကြီးတွေမှာပဲတွေရတာ မဟုတ်ပါဘူး။ ကလေးတွေမှာလဲ တွေ့ရတတ်ပါတယ်။ ကိုလက်စရောပမာဏများတာကို ခံစားဖူးတဲ့ကလေးတွေက အသက်ကြီးလာတဲ့အခါမှာ ကျန်းမာရေးချို့ယွင်းချက်တွေ ဖြစ်စေနိုင်ပါတယ်။ ကိုလက်စရောပမာဏအရမ်းများတဲ့အခါ နှလုံးနဲ့ ကိုယ်တွင်းကလီစာတွေကို ထောက်ပံ့တဲ့ သွေးလွှတ်ကြောတွေမှာ အဆီအခဲတွေ ဖြစ်စေနိုင်ပါတယ်။

အဆီအခဲတွေဟာ သွေးလွှတ်ကြောနံရံတွေကို ကျဉ်းစေပြီး နှလုံးဆီသို့ သွေးစီးဆင်းတာကို ပိတ်ဆို့နိုင်ပြီး နှလုံးနှင့်ဆိုင်သော ပြသနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကိုလက်စရောများခြင်းက လေဖြတ်တာကဲ့သို့ ကျန်းမာရေးပြနာများကိုလည်း ဖြစ်စေနိုင်ပါတယ်။
သင့်ကလေးရဲ့ ကိုယ်ခန္ဓါမှာ အာရုံကြောတွေကို ကာကွယ်ဖို့၊ ဟော်မုန်းတွေကို ထုတ်ဖို့နဲ့ တစ်ရှူးတွေကို ထုတ်လုပ်ဖို့ ကိုလက်စရောကို လိုအပ်ပါတယ်။ ဒါပေမယ့် ကိုလက်စရောပမာဏများခြင်းဟာ သွေးကြောတွေမှာ အဆီအခဲတွေ ကပ်စေနိုင်တဲ့အတွက် သွေးကြောတွေကို ပျက်ဆီးစေပါတယ်။ ဆေးကုသမှုမခံယူဘဲ အချိန်အကြာကြီးထားလျှင် အဆီခဲတွေဟာ သွေးခဲတွေအဖြစ်ပြောင်းသွားပြီး သွေးစီးဆင်းမှုကို လုံးဝပိတ်ဆို့စေနိုင်ပါတယ်။
လေ့လာမှုတွေအရ ကလေးအရွယ်မှာ ကိုလက်စရောပမာဏများခြင်းဟာ သင့်ကို လေဖြတ်ရောဂါနှင့် နှလုံးသွေးကြောရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။
ကလေးအများစုမှာ ကိုလက်စရောပမာဏကို စစ်ဆေးဖို့မလိုအပ်ပါဘူး။ ဒါပေမယ့် မိဘမျိုးရိုးထဲမှာ ရောဂါရှိတဲ့လူတွေနဲ့ အဝလွန်တဲ့လူတွေမှာ ပုံမှန်စစ်ဆေးသင့်ပြီး ကိုလက်စရောပမာဏများနေပါက စောစီးစွာကုသမှု ခံယူသင့်ပါတယ်။
ကလေးတွေမှာ ကိုလက်စရောပမာဏများခြင်းကို ဖြစ်စေနိုင်တဲ့ အဓိကအချက် ၃ချက်ရှိပါတယ်။
– မိသားစုတွင်း ကိုလက်စရောများတဲ့ ရောဂါရာဇဝင်ရှိနေခြင်း (ကိုလက်စရောများတဲ့ ရာဇဝင်ရှိတဲ့ လူတွေရဲ့ ကလေးတွေဟာ တခြားကလေးတွေထက်စာရင် ကိုလက်စရောပိုများနိုင်ပါတယ်။)
– ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း
– အဝလွန်ခြင်း
ဒါတွေဟာ သင့်ကလေးရဲ့ ကိုလက်စရောပမာဏကို လျှော့ချပေးနိုင်တဲ့ အချက်တွေဖြစ်ပါတယ်။
– ကျန်းမာတဲ့စားသောက်နေထိုင်မှုရှိအောင် ကျွေးပါ။ တနေ့ကို အနည်းဆုံးအသီးအရွက် ၅မျိုးပါအောင်ကျွေးပါ။ ဥပမာ – ပန်းသီး၊ ငှက်ပျောသီး၊ မုန်လာဥနီ၊ တရုတ်နံနံတို့လို ကျန်းမာရေးအတွက် ကောင်းတဲ့ အစားအသောက်တွေစားပါ။
– ပြည့်ဝဆီနှင့် အသွင်ပြောင်းအဆီတို့ကိုရှောင်ပါ။ ပြည့်ဝဆီတွေကို များသောအားဖြင့် တိရစ္ဆာန်တွေဆီက ထုတ်ယူရရှိတယ်။ ( ဥပမာ – အသားနှင့် ဥများ)၊ နို့ထွက်ပစ္စည်းများ ( ဥပမာ – ထောပတ်နှင့် ချိစ်)။ အသင့်စားအစားအစာများ (ဥပမာ – ကွတ်ကီးနှင့် မုန့်ကြွပ်) တွေမှာ ပြည့်ဝဆီပါဝင်ပါတယ်။ အသွင်ပြောင်းဆီတွေကို အဆင့်ဆင့်ပြုလုပ်ရတဲ့ အစားအစာ ( ဥပမာ – ဒိုးနပ်နှင့် ခရပ်ကာမုန့်ကြွပ်)တွေနဲ့ ကြော်ထားသောအစားအစာ ( ဥပမာ- အာလူးကြော်နှင့် ကြက်သွန်ကွင်းကြော်တွေမှာ တွေ့ရများပါတယ်။
-အသင့်စား အစားအစာများနဲ့ စားသောက်ဆိုင်တွေမှ ကြော်ထားသောအစားအသောက်နှင့် သကြားနဲ့လုပ်ထားတဲ့ မုန့်တွေကို ရှောင်ပါ။
– သင့်ကလေးကို ပြင်ပလှုပ်ရှားမှုနဲ့ အားကစားလုပ်ဖို့ တိုက်တွန်းပါ။ ကိုယ်လက်လှုပ်ရှားမှုဟာ ကိုယ်ခန္ဓါကို ကြံ့ခိုင်စေရုံသာမက အဝလွန်ခြင်းနဲ့ ကိုလက်စရောပမာဏများခြင်းကို တားဆီးပေးနိုင်ပါတယ်။ ဒါ့ပြင် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုတွေကိုပါ လျှော့ချပေးနိုင်ပါတယ်။
-မိသားစုအလိုက် လေ့ကျင့်ခန်းလုပ်ပေးခြင်းက သင့်ကလေးကို ပိုပြီးဂရုစိုက်မှုနဲ့ ဆက်ဆံရေးကောင်းမွန်မှုကို ခံစားစေနိုင်ပါတယ်။ ကလေးဘဝကတည်းက ကိုယ်လက်လှုပ်ရှားမှုကို လုပ်စေခြင်းဖြင့် သင့်ကလေးဟာ အစုအဖွဲ့နဲ့နေရတာကို ပိုနှစ်သက်စေပြီး သူ့ပတ်ဝန်းကျင်ကလူတွေကိုပါ အတုယူစေနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာနှင့်ဆိုင်သော အကြံဉာဏ်ပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများကို မလုပ်ဆောင်ပေးပါ။