brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးတွေမှာတွေ့ရတတ်တဲ့ နို့သကြားဓါတ် မစုပ်ယူနိုင်ခြင်း( Lactose Intolerance) ဆိုတာဘာလဲ ။ ။

မိခင်တော်တော်များများ ဖြစ်ဖူးပြီး စိုးရိမ်ကြတဲ့ ကိစ္စတစ်ခုရှိပါတယ်။ နို့တိုက်လိုက်တိုင်း ( ဒါမှမဟုတ်) နို့ထွက် ပစ္စည်းတွေ စားပြီးတိုင်း ကလေးက ဝမ်းတွေလျှောနေတဲ့ ကိစ္စပေါ့။ တစ်ခြား ယင်နားစာမျိုးတွေလည်း စားတာမဟုတ်၊ မိခင်ကိုယ်တိုင်ကလည်း တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်နေပါရက်နဲ့ ကလေးက ဘာကြောင့် ဝမ်းတွေလျှောရတာလဲ။ ဒါတွေရဲ့ အများဆုံး ဖြစ်နိုင်တဲ့ တရားခံကတော့ lactose intolerance ပါ။ ။

ကလေးတွေမှာတွေ့ရတတ်တဲ့ နို့သကြားဓါတ် မစုပ်ယူနိုင်ခြင်း( Lactose Intolerance) ဆိုတာဘာလဲ ။  ။

Lactose Intolerance ဆိုတာ ဘာလဲ။ ။

နို့ထဲမှာပါတဲ့ သကြားဓါတ်ကို ကိုယ်ခန္ဓါက စုပ်ယူဖို့အတွက် Lactose အင်ဇိုင်း လို့ ခေါ်တဲ့ ဓါတ်တစ်မျိုးရှိရပါမယ်။ lactose intolerance ဆိုတာ Lactose ဓါတ်လုံလောက်စွာ မရှိတာကြောင့် နို့်ထဲမှာ ပါတဲ့ သကြားဓါတ်ကို ကလေးရဲ့ အစာအိမ်ကကောင်းကောင် းမချေဖျက်နိုင်တာဖြစ်ပါတယ်။ နို့သကြားဓါတ်ကို မစုပ်ယူနိုင်တဲ့ ရောဂါလို့လည်းခေါ်ကြပါတယ်။

ဘယ်သူတွေက အဖြစ်များလဲ။ ။

  • မွေးကတည်း Lactose လုံးဝပါမလာတဲ့ ကလေးတွေ
  • နေ့မစေ့ လမစေ့ မွေးတဲ့ကလေးတွေ
  • Crohn’s Disease
  • Celiac Disease ခံစားနေရတဲ့ ကလေးတွေ နဲ့
  • အူရောင် ဝေဒနာခံစားရတဲ့ ကလေးတွေ အဖြစ်များပါတယ်။

Lactose Intolerance ရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ။

ကလေးကို နို့တိုက်လိုက်ပြီး မိနစ် ၃၀ အတွင်းမှာတင် အောက်မှာပြောထားတဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။

  • ဝမ်းလျှောမယ်
  • ပျို့ချင် အန်ချင်မယ်
  • လေထသလိုမျိုးဖြစ်ပြီး ဗိုက်အောင့်နေမယ် ( ကလေးကအငိုမတိတ်)
  • လေပွပြီး ကလေးဗိုက်လေးက ဖောင်းနေတာ မျိုးတွေ ဖြစ်တတ်ပါတယ်။

ကိုယ့်ကလေးက Lactose Intolerance ဖြစ်နေကြောင်း ဘယ်လိုသိနိုင်သလဲ။ ။

ကလေးကို ၂ပတ်လောက်မိခင်နို့မတိုက်ဘဲထားလိုက်ပြီး Lactose Intolerance ရဲ့ လက္ခဏာတွေ ပျောက်သွားမလားကြည့်ပါ။ ကလေးခံစားနေရတဲ့ ဝေဒနာတွေ ပျောက်သွားပြီးဆိုရင် ကလေးခံစားနေရတာ Lactose Intolerance ရောဂါ ဖြစ်နိုင်ပါတယ်။ ပြောထားတဲ့ လက္ခဏာတွေ ပျောက်သွားပြီဆိုရင် မိခင်နို့ဖြစ်ဖြစ်၊ lactose ပါတဲ့နို့မှုန့်ဖြစ်ဖြစ် ကလေးကို ပြန်တိုက်ကြည့်ပါ။ တိုက်ပြီးပြီးချင်း Lactose Intolerance ရဲ့ လက္ခဏာတွေ ပြန်ဖြစ်လာပြီဆိုရင်တော့ သေချာသွားပါပြီ။ သင့်ကလေးမှာ Lactose အင်ဇိုင်းချို့တဲ့နေပါပြီ။ ။

Lactose Intolerance ဖြစ်နေတဲ့ကလေးတွေကို အစားအသောက်တွေ ဘယ်လိုပြင်ဆင်ပေးမလဲ ။ ။

နို့စို့ကလေးတွေကို မိခင်နို့အစား lactose မပါတဲ့ နို့မှုန့်တွေ ပြောင်းတိုက်ပါ။ ဖြည့်စွက်စာစားတဲ့ အရွယ်ကလေးကိုဆို နို့နဲ့ နို့ထွက်ပစ္စည်းတွေ မပါတဲ့ အစားအသောက်တွေ ပြင်ဆင်ပေးပါ။ နို့သောက်ခြင်းဟာ အရိုးကို ပိုသန်မာစေတယ်ဆိုပေမယ့် နို့မသောက်ဘဲနဲ့လည်း အရိုးသန်မာအောင် ဗီတာမင် D နဲ့ ကယ်လ်ဆီယမ်ဓါတ်တွေကြွယ်ဝတဲ့ အရိုးပြုတ်ဟင်းရည်တွေ သောက်ပေးလို့ရပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်ဆီသွားဖို့လိုအပ်လဲ ။ ။

Lactose Intolerance ဝေဒနာခံစားနေပြီဆိုတာ သေချာစေဖို့အတွက် ဆရာဝန်ဆီမှာ သွားစမ်းသပ်ဖို့ အရေးကြီးသလို ရှောင်သင့် ဆောင်သင့်တဲ့အချက်တွေကိုလည်း ဆရာဝန်ကသာ အကောင်းဆုံးအကြံပေးနိုင်မှာပါ။ ဒါကြောင့် ဖြစ်ဖြစ်ချင်း ဆရာဝန်ဆီသွားကသာ အကောင်းဆုံးပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thin Yadanar @ Frances · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။