ကလေးတစ်ယောက်ကို ကျွေးမွေးပြုစုရတာ ထင်သလောက်မလွယ်ပါဘူး။ ကိုယ်ဝန်ရှိတုန်းကလဲ အစားအသောက်တွေကို ဆင်ခြင်ရသလို မွေးလာပြန်တော့လည်း ဒီကလေးကို ဘယ်လို ဂရုစိုက်ရမှာလဲ။ နည်းနည်းလေး အရွယ်ရောက်လာတော့လဲ သူတို့ကို ဘာကျွေးရမှာလဲ စသဖြင့် မေမေတို့မှာ အခက်အခဲတွေ ရင်ဆိုင်ရပါတယ်။ ဘေးစကားတွေကို ယုံပြီး ကျွေးလို့လဲ မဖြစ်ဘူးလေ။ မတော်တဆ ကိုယ့်ကလေး နေမကောင်းဖြစ်ရင် ကိုယ်ပဲ ဝမ်းနည်းရမှာလေ။ ကိုယ့်ကလေးရဲ့ အစာအိမ်ကလည်း နုနုနယ်နယ်လေးရယ်။ ဒီတော့ ကိုယ့်ကလေးရဲ့ အစာအိမ်လေး ကျန်းမာနေအောင်၊ ကိုယ့်ကလေးလည်း ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာအောင် ဘာတွေ လုပ်ရမလဲဆိုတာ ကြည့်ကြည့်ရအောင်။

အစာခြေတာထက် ပိုပါတယ်။
ဟုတ်ပါတယ်။ တကယ်တော့ အစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ အလုပ်က အစာခြေတာ တစ်ခုတည်း မဟုတ်ပါဘူး။ ကိုယ်ခံအားကို မြှင့်တင်ပေးတာ၊ ပြင်ပက ရောဂါကို ကာကွယ်ပေးတာ စတဲ့ အလုပ်တွေလည်း လုပ်ပါတယ်။ အစာခြေလိုက်လို့ ထွက်လာတဲ့ အာဟာရဓာတ်တွေက ကလေးကို ကြီးထွားစေသလို ခုခံအားကိုလည်း တက်စေပါတယ်။ ဒါ့ပြင် အစာခြေစနစ် တစ်လျှောက်မှာရှိတဲ့ အစာအိမ် အက်စစ်၊ အကျိအချွဲတွေ၊ အကျိုးပြု ဘက်တီးရီးယားတွေက ပြင်ပ ရောဂါတွေ မဝင်လာအောင် ကာကွယ်ပေးပါတယ်။ ဒီနေရာမှာ ခုခေတ်စားနေတဲ့ အကျိုးပြုဘက်တီးရီးယားအကြာင်း ပြောပြချင်ပါတယ်။
အစာခြေစနစ်ရဲ့ အကျိုးပြုဘက်တီးရီးယားများ
ဘက်တီးရီးယားဆိုတိုင်း မကောင်းတာ မဟုတ်ပါဘူး။ တချို့ဘက်တီးရီးယားတွေက လူကို အကျိုးပြုပါတယ်။ ဥပမာ အစာခြေစနစ်မှာရှိတဲ့ proboiticsလို့ ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေပေါ့။ သူတို့က
• ကလေးတွေမှာ လေနာကင်းစေတယ်။
• ဝမ်းပျက်ဝမ်းလျှောခြင်း ကာကွယ်ပေးတယ်။ ကုသနိုင်တယ်။
• ဝမ်းချုပ်ခြင်း နဲ့ ဗိုက်ပွခြင်းကို သက်သာစေတယ်။
• ကလေးတွေမှာ ဖြစ်တတ်တဲ့ နှင်းခူကို သက်သာစေတယ်။
• အူတွင်းလုပ်ဆောင်ချက်တွေကို ထိန်းညှိပေးတယ်။
• ကလေးရဲ့ ရောဂါခုခံနိုင်စွမ်းကို မြှင့်တင်ပေးတယ်။
• ဗီတာမင်နဲ့သတ္တုဓာတ်တွေ စုပ်ယူနိုင်စွမ်း ပိုကောင်းစေတယ်
• အစာစားချင်စိတ်ဖြစ်စေတယ်။
• အစာချေဖျက်မှု ကောင်းမွန်စေတယ်။
• အူနဲ့ပတ်သက်တဲ့ရောဂါပိုးတွေကို သဘာဝအလျောက် ခုခံကာကွယ်နိုင်စေတယ်။
• ဓာတ်မတည့်မှုတွေကို ကာကွယ်ပေးတယ် စတဲ့ မေမေတို့ လိုချင်တဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ဒီခေတ်မှာ proboiticsတွေ နာမည်ကြီးလာတာပေါ့။
အစာခြေစနစ်ရဲ့ အကျိုးပြုဘက်တီးရီးယား အစာများ
Proboiticsတွေနဲ့အတူ တွဲပြီး နာမည်ကြီးလာတာက Prebioticsဆိုတဲ့ အကျိုးပြုဘက်တီးရီးယား အစာတွေပါပဲ။ ဥပမာပြောရရင် lcFOS ဆိုတဲ့ long chain fructo-oligosaccharides ပါ။ သူတို့ကလည်း proboiticsလိုမျိုး ကောင်းကျိုးတွေ ပေးနိုင်ပါတယ်။ ပိုကောင်းတဲ့ အချက်က အူလမ်းကြောင်းမှာရှိတဲ့ proboiticsတွေကို ပိုပွားစေပြီး လုပ်ဆောင်ချက်တွေကို ပိုကောင်းစေပါတယ်။
ဒါ့ပြင် ခန္ဓာကိုယ်ရဲ့ အင်ဇိုင်းတွေနဲ့ အစာခြေအက်စစ်တွေက သူ့ကို မဖျက်စီးနိုင်တဲ့ အတွက် သူ့နေရာဖြစ်တဲ့ အူမကြီးကို မပျက်မစီးဘဲ ရောက်သွားပါတယ်။ အစားအသောက်တွေ၊ ကလေးကို ကျွေးမယ့် ဖြည့်စွက်အာဟာရတွေမှာလည်း သူ့ရဲ့ အာဟာရကို မပျက်စီးစေဘဲ ထည့်သွင်းနိုင်ပါတယ်။ Prebioticsကို ရနိုင်တဲ့ နေရာတွေကတော့
• သဘာဝ အစားအစာတွေ ဖြစ်တဲ့ ငှက်ပျောသီး၊ အစိမ်းရောင်အရွက်တွေ၊ ပဲတွေ၊ ခရမ်းချဉ်သီးတွေ၊ ဂျုံတွေမှာ ပါပါတယ်။
• lcFOS ပါဝင်တဲ့ ကလေးသောက် ဖော်မြူလာနို့မှုန့်၊ Prebioticsဖြည့်ထားတဲ့ ပေါင်မုန့်၊ ကွတ်ကီး၊ cerealနဲ့ ဒိန်ချဉ်တွေကလည်း ရနိုင်ပါတယ်။
• လေ့လာချက်တွေအရ မိခင်နို့မှာလည်း probiotics ရော probiotics ရော ပါတယ်လို့ ဆိုပါတယ်။
ကလေးကို prebioticsတွေ ဘယ်လို ပြည့်ဝအောင် ကျွေးမလဲ။
• မွေးစကနေ ၆လအထိ မိခင်နို့ပဲ တိုက်ရတာ ဖြစ်တဲ့အတွက် အဲ့ကနေ prebioticsရနိုင်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် မိခင်နို့ တိုက်ဖို့ မဖြစ်နိုင်တဲ့သူတွေ၊ မတိုက်နိုင်တဲ့ သူတွေက ကလေး ဖြည့်စွက်အာဟာရ နို့မှုန့်တွေ တိုက်ရမှာပါ။ ဒီအခါမှာ Prebiotics ဖြည့်စွက်ထားတဲ့ အာဟာရနို့မှုန့်တွေ ရွေးချယ်စေလိုပါတယ်။
• ၆လကျော်လို့ ဖြည့်စွက်စာ စကျွေးပြီဆိုရင် prebioticsပါတဲ့ သဘာဝ အစားအစာတွေ ပါဝင်အောင် ကျွေးပါ။ ဖြည့်စွက်စာနဲ့ မိခင်နို့ နှစ်မျိုးလုံးကျွေးတာက prebioticsပြည့်ဝစေသလို မိခင်နို့ မတိုက်တော့ဘူးဆိုရင်လည်း prebiotics ပါဝင်တဲ့ အာဟာရနို့မှုန့်တွေနဲ့ ရောကျွေးစေလိုပါတယ်။ ဒါမှ ကလေးမှာ လိုအပ်တဲ့ probioticsတွေ prebioticsတွေ လုံလုံလောက်လောက် ရမှာပါ။
ကလေးတွေရဲ့ မွေးခါစ အူမှာ ဘာဘက်တီးရီးယားမှ မပါပါဘူး။ ဒီလို အချိန်မှာ အကျိုးပြု ဘက်တီးရီးယားတွေ ဖြည့်ပေးထားမှသာ နောင်အခါ ပတ်ဝန်းကျင်ကနေ ဝင်လာမယ့် မကောင်းတဲ့ ဘက်တီးရီးယားတွေကို ကာကွယ်နိုင်မှာပါ။ ကလေးက ခုခံအားကောင်းကောင်းနဲ့ နေကောင်း ကျန်းမာမှ ကောင်းကောင်း ကြီးထွားဖွံ့ဖြိုးလာပြီး မေမေတို့ စိတ်ချမ်းသာရမှာပါ။ ဒါကြောင့် ကလေး အာဟာရနဲ့ ပတ်သက်ရင် prebioticsတွေကို ထည့်သွင်းစဉ်းစားဖို့ အကြံပေးလိုပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။