ကလေးတွေ အစားစုံတဲ့အခါ၊ အစားမှားတဲ့အခါမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်ပါတယ်။ ဒါဆိုရင် ဘယ်လို ရောဂါအနေအထားက အရေးကြီးလဲ ၊ အိမ်မှာ ဘယ်လိုသက်သာအောင် လုပ်ရမလဲဆိုတာကို ဆွေးနွေးပေးမှာပါ ။
အရင်ဆုံး ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် ရေဓါတ်ဆုံးရှုံးမှုပေါ်လိုက်ပြီး ရောဂါကုသမှု ကွဲပြားပါတယ် ။ ရေဓါတ်မဆုံးရှုံးရင် အိမ်မှာပဲ ကုသလို့ရပြီး ၊ ရေဓါတ်ဆုံးရှုံးမှုများရင် ဆေးရုံတက်ကုသရမှာပါ ။ ရေဓါတ်ဆုံးရှုံးမှုမရှိရင် ကလေးတွေ လန်းလန်းဆန်းဆန်းရှိနေမှာဖြစ်ပါတယ် ။ ရေငတ်ခြင်း မရှိသလို ဆီးလည်းသွားနေရင် စိုးရိမ်စရာမရှိပါဘူး ။
ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းအတွက် အဓိကကုထုံးက ဝမ်းချက်ချင်းရပ်ဖို့မဟုတ်ဘဲ ရေဓါတ်ဆုံးရှုံးမှုတွေကို ပြန်လည်ဖြည့်တင်းပေးဖို့ပါ ။ ရေဓါတ်တွေ ပြန်လည်ဖြည့်တင်းပြီး ထွက်သွားတဲ့ အာဟာရဓါတ်တွေကို ဖြည့်တင်းပေးမှသာ ဝမ်းလျှောတာ တဖြည်းဖြည်း နည်းလာမှာ ဖြစ်ပါတယ် ။
ဝမ်းလျှောတဲ့ ကလေးကို ရနိုင်သမျှ အရည် (အချိုရည်များမပါ) တိုက်ပါ ။ ဖြစ်နိုင်ရင်တော့ ဆားဓါတ်ပါတဲ့အရည်များ ၊စွပ်ပြုတ်ရည်များ တိုက်နိုင်ပါတယ် ။
ဒါ့အပြင် ဝမ်းလျှောပြီးတိုင်းမှာ ကလေးတွေ ကို ဓါတ်ဆားတိုက်ဖို့လိုအပ်ပါတယ် ။ အသက် ၂နှစ်အောက် ကလေးတွေအတွက် ဝမ်းသွားပြီးတိုင်း ဓါတ်ဆားရည် ငါးကြင်းဖန်ခွက် တစ်ဝက် ၊ အသက် ၂နှစ်ကနေ ၁၀နှစ်ကြား ကလေးတွေအတွက် ဓါတ်ဆားရည် ငါးကြင်းဖန်ခွက် ၁ခွက် နဲ့ အသက်ကြီးတဲ့ကလေးတွေအတွက် ကလေး သောက်နိုင်သလို ဓါတ်ဆားရည် ပြန်လည်တိုက်ရပါမယ် ။
ဒါ့အပြင် ကလေးတွေကို ပုံမှန်အာဟာရတွေ ကျွေးဖို့ လိုပါတယ် ။ ဝမ်းလျှော့လို့ အစာမကျွေးတာဟာ ကလေးအတွက် ရောဂါပိုဆိုးစေနိုင်ပါတယ် ။ အာဟာရကျွေးတဲ့အခါမှာလည်း အစာကို တစ်ခါတည်းကျွေးခြင်းထက် ပမာဏနည်းနည်းနဲ့ အကြိမ်ရေများများ ခွဲကျွေးသင့်ပါတယ် ။ ၂နာရီကြားတစ်ခါလောက် ကျွေးရင် အဆင်ပြေနိုင်ပါတယ် ။
ဘယ်အချိန်မှာ ဆေးရုံပြသင့်လဲ
ကလေးအတွက် အန္တရာယ်ရှိတဲ့ လက္ခဏာတွေ ဖြစ်တဲ့
- ဝမ်းသွားတာ နည်းမလာဘဲ ပိုဆိုးလာခြင်း
- အန်ခြင်း
- ရေငတ်ခြင်း
- ရေ သို့မဟုတ် နို့သောက်ရင် အငမ်းမရသောက်ခြင်း
- အစာ မစားနိုင်ခြင်း
- ဖျားခြင်း
- သွေးဝမ်းသွားခြင်း
- ဝမ်းပျက်တာ ၃ရက်ထက်ပိုကြာလာခြင်းတွေဆိုရင်တော့ နီးစပ်ရာ ဆေးရုံကို အမြန်သွားသင့်ပါတယ်။
ရေးသားသူ – Dr. Aung Kyaw Myint
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
[embed-health-tool-vaccination-tool]

















