brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အဖျားကြီးနေတဲ့ကလေးကို အရေးပေါ် ဘယ်လိုပြုစုပေးမလဲ

သွေးသားနဲ့ဖွဲ့စည်းထားတဲ့ ခန္ဓါကိုယ်မှာ ဖျားနာတာကရှောင်လွှဲဖို့ မဖြစ်နိုင်တဲ့အရာပါ။ မဖျားမနာဖူးတဲ့သူရယ်လို့မရှိပါဘူး။ အခုလိုရာသီဥတုမျိုးဆိုရင်တော့ ပိုဆိုးတာပေါ့။ အအေးမိနဲ့တုပ်ကွေးတွေ အဖြစ်များနေပြီလေ။ ကိုယ်တိုင်ဖျားနာတဲ့အခါကပြဿနာမရှိဘူး။ လူကြီးဆိုတော့ ကိုယ့်ဘာသာ ဂရုစိုက်နိုင်မယ်။ လိုအပ်မယ်ထင်တာတွေပြင်ဆင်နိုင်တယ်။ဆေးရုံဆေးခန်းအလွယ်တကူသွားနိုင်တယ်။ ဒါပေမယ့် ကလေးတွေဖျားနာပြီဆိုရင်တော့ ကိုယ်တိုင်ဖျားနာတာထက်ပိုဆိုးတယ်။ အထူးသဖြင့် အဖျားကြီးပြီဆိုရင် အန္တရာယ်လည်းပိုနိုင်တယ်။ကလေး အဖျားတက်လာတာက နေ့ခင်းပိုင်းလိုမျိုးဆို နီးစပ်ရာဆေးခန်းမှ ပြသကုသပေးလို့ရပေမယ့် အချိန်မတော်ကြီးဖြစ်တဲ့ အခါမှာတော့ ကိုယ်တိုင် ပြုစုမှဖြစ်မှာပါ။ ဒီလိုပြုစုဖို့အတွက် နည်းလမ်းလေးတွေပြောပြပေးမယ်နော်။

အဖျားကြီးနေတဲ့ကလေးကို အရေးပေါ် ဘယ်လိုပြုစုပေးမလဲ

ကလေး ဖျားနေပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ

ကလေးတွေက လူကြီးတွေလောက်ခံစားရတဲ့ ဝေဒနာကို စီကာပတ်ကုံးမပြောနိုင်ကြပါဘူး။ ဒါကြောင့် ကလေးတွေဖျားနာတဲ့အခါ မိဘတွေအနေနဲ့ အစစအရာရာကိုသတိထားကြရပါတယ်။ ကလေးမှာ ဒီလိုလေးတွေဖြစ်နေပြီဆိုရင်တော့ ဖျားနေပြီလို့ ဆိုရပါမယ်။

ကလေးတွေက အလွယ်တကူ အအေးမိဖျားနာနိုင်ပါတယ်။ ရေချိုးမှားတာ၊ ချွေးနဲ့အအေးပတ်တာ၊ လေအေးတိုက်ခံတာများတာတွေလိုမျိုး အမျိုးမျိုးသောအကြောင်းတွေကြောင့် ဖျားနာနိုင်ပါတယ်။ အိမ်မှာ သာမိုမီတာလေးတစ်ခုဝယ်ထားပြီး ကလေးဖျားနေတယ်လို့ သံသယရှိတဲ့အခါ တိုင်းကြည့်တာကလည်း အဆင်ပြေစေမယ့် နည်းလမ်းကောင်းတစ်ခုပါ။

ကလေးက အဖျားကြီးနေတဲ့အခါ ပြုစုပေးနိုင်မယ့် နည်းလမ်းတွေက

ကလေးကအဖျားရှိနေပြီဆိုရင် –

  • ကလေးကိုရေခပ်နွေးနွေးလေးနဲ့ ၁၅ မိနစ်လောက်ချိုးပေးတာက အဖျားကျအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။
  • အဝတ်အစားတွေကို သက်တောင့်သက်သာဖြစ်အောင်ဝတ်ဆင်ပေးပါ။ အနွေးထည်အထူကြီးဝတ်ပေးတာ၊စောင်အထူကြီးခြုံပေးတာမျိုးမလုပ်ပါနဲ့။
  • ကလေးကို ရေဓါတ် ပြည့်ဝနေအောင် မိခင်နို့ရေသစ်သီးဖျော်ရည် အစရှိတာတွေတိုက်ကျွေးပေးပါ။ ကဖင်းပါတဲ့သောက်စရာတွေနဲ့ အချိုရည်တွေကိုတော့ရှောင်ပါ။
  • အာဟာရြဖစ်စေပြီးကြေလွယ်မယ့်အစားအစာတွေကျွေးမွေးပါ။
  • အရမ်းအပူကြီးလာတယ်ဆိုရင် ရေအေးဝတ်ကပ်ပေးပါ။ရေပတ်တိုက်ပေးပါ။
  • ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ အဖျားပျောက်ဆေးတိုက်ပါ။ ကလေးကဆေးမသောက်နိုင်ဘူးဆိုရင် ကလေးတေါအတွက် သီးသန့်ထုတ်ထားတဲ့အဖျားပျောက်ဆေးအရည်က သင့်တော်ပါတယ်။
  • ကလေးကိုပြည့်ပြည့်ဝဝ အနားယူနိုင်အောင်လုပ်ဆောင်ပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသမလဲ

ကလေးမှာ အခုပြောပြမယ့် အခြေအနေတွေဖြစ်နေပြီဆိုရင်တော့ နီးစပ်ရာဆေးခန်းကို အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။

  • ကလေးကအော့အန်နေမယ်ဆက်တိုက်ဖြစ်နေပြီး နုံးချိလာမယ်။
  • ဝမ်းသွားနေမယ်။
  • ခန္ဓါကိုယ်မှာ အနီစက်တွေဖြစ်လာမယ်။
  • တက်မယ်
  • အဖျားက ဆက်ပြီးကြီးနေမယ်။
  • အဖျားကျသွားပေမယ့်လည်း မှိန်းနေမယ် ဆိုရင်တော့ စိုးရိမ်ရတဲ့ အခြေအနေဖြစ်တာကြောင့် နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးသွားရောက်ပြသတာက အကောင်းဆုံးဖြစ်မှာပါ။ ဒီလိုပြောထားတဲ့လက္ခဏာတွေမဖြစ်လာသေးပေမယ့်လည်း မိဘတွေရဲ့အမြင်မှာစိုးရိမ်စရာကောင်းတဲ့အနေအထားရှိတယ်လို့ ထင်မြင်မိရင်ဆေးရုံဆေးခန်းကိုမြန်မြန်ဆန်ဆန်သွားရောက်ပြသသင့်ပါတယ်။
Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 09/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။