brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးမှာ ကျီးကန်းပါးစပ် ဖြစ်ခဲ့ရင်

ကလေးတွေဟာဆောင်းရာသီမှာ နှုတ်ခမ်းခြောက်တာ၊ ကွဲတာ၊မျိုးတွေခံစားရနိုင်ပါတယ်။ ဒါပေမယ့် နှုတ်ခမ်းထောင့်နားလေးတွေမှာ နီရဲနေတာ၊ရောင်ရမ်းနေတာ၊ ကွဲအက်သလိုလေးတွေဖြစ်နေမယ်ဆိုရင်တော့ ကလေးကဆောင်းရာသီ အအေးဒဏ်ကြောင့်နှုတ်ခမ်းခြောက်တာမဟုတ်ပါဘူး။ ကျီးကန်းပါးစပ် ဖြစ်တာပါ။

ကလေးမှာ ကျီးကန်းပါးစပ် ဖြစ်ခဲ့ရင်

ဒီလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ်

ကလေးမှာ အခုလိုမျိုးလက္ခဏာလေးတွေ ခံစားနေရမယ်ဆိုရင် ကလေးက ကျီးကန်းပါးစပ်ခံစားနေရတာပါ။ အများဆုံးတွေ့ရနိုင်တာကတော့ နှုတ်ခမ်းထောင့်လေးတွေမှာ နီရဲရောင်ရမ်းတာမျိုးဖြစ်နိုင်ပါတယ်။ နှုတ်ခမ်းထောင့်တစ်ဖက်တည်းမှာ ဒါမှမဟုတ် နှစ်ဖက်စလုံးမှာ –

  • သွေးလေးတွေစို့နေမယ်
  • နှုတ်ခမ်းသားလေးတွေ ခပ်ဖောင်းဖောင်းဖြစ်နေမယ်
  • ကွဲအက်နေမယ်
  • အရေပြားတင်းနေမယ်
  • ယားယံနေမယ်
  • နာနေမယ်
  • နီရဲနေမယ်
  • အပေါ်ယံအရေပြားလန်နေမယ်
  • ရောင်ရမ်းနေမယ် ဆိုရင်တော့ ကျီးကန်းပါးစပ်ခံစားနေရတာအသေအချာပါပဲ။

ဒီအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်

ကလေးမှာ ဒီလိုအချက်တွေရှိနေမယ်ဆိုရင် ကျီးကန်းပါးစပ် ဖြစ်နိုင်ခြေပိုများနေပါတယ်။

  • ကလေးက မွေးရာပါဆီးချိုရောဂါခံစားနေရမယ်ဆိုရင်
  • တံထွေးအထွက်များမယ်ဆိုရင်။ တစ်ချိန်လုံးတံထွေးနဲ့ထိတွေ့နေမယ်ဆိုရင်
  • ကိုယ်ခံအားနည်းမယ်ဆိုရင်
  • အာဟာရချို့တဲ့မယ်ဆိုရင်
  • သွေးအားနည်းရောဂါရှိမယ်ဆိုရင်
  • သွားဖုံးရောဂါရှိနေမယ်ဆိုရင်
  • ကလေးက နှုတ်ခမ်းကို လျှာနဲ့ ခဏခဏသပ်မယ်ဆိုရင်
  • နှုတ်ခမ်းအရမ်းခြောက်နေမယ်၊ ကွဲနေမယ်ဆိုရင်
  • နို့တွေခဏခဏအန်မယ်
  • နို့စို့တိုင်းနို့တွေစီးကျနေမယ်
  • ကလေးက လက်ခဏခဏစုပ်မယ်
  • နို့သီးခေါင်းစို့မယ်
  • နှုတ်ခမ်းကို ဓာတ်မတည့်တာတစ်ခုခုနဲ့ ထိတွေ့မိမယ်ဆိုရင်

ဒါတွေအပြင် မှိုနဲ့ ဘက်တီးရီးယားတွေကူးစက်ခံရမယ်ဆိုရင်လည်း ကလေးမှာ ကျီးကန်းပါးစပ်ခံစားရနိုင်ပါတယ်။ ကလေးငယ်မှာ သံဓာတ်နဲ့ ဗီတာမင် Bလျော့နည်းနေမယ်ဆိုရင်လည်း ကလေးက ကျီးကန်းပါးစပ်ခံစားရနိုင်ပါတယ်။

ကျီးကန်းပါးစပ် မဖြစ်အောင်ဘယ်လိုဂရုစိုက်မလဲ

ကျီးကန်းပါးစပ်ဖြစ်စေတာက မှိုနဲ့ ဘက်တီးရီးယားတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကြောင့်

  • ကလေးကို ဘက်တီးရီးယားနဲ့ မှိုပိုးတွေကနေ အတတ်နိုင်ဆုံးကာကွယ်ပါ။
  • တစ်ကိုယ်ရေသန့်ရှင်းရေးကိုဂရုစိုက်ပါ။
  • သွေးအားနည်းရောဂါမဖြစ်စေဖို့အတွက် ကလေးကို သံဓာတ်အားဖြည့်ပေးပါ။
  • ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ အစားအစာတွေသင့်တင့်မျှတအောင်ကျွေးမွေးပေးပါ။
  • ကလေးကို ခံတွင်း၊သွားဖုံး၊ သွားနဲ့ နှုတ်ခမ်းတို့ကိုနေ့စဉ်သန့်စင်ပေးပါ။
  • တွေ့ကရာပါးစပ်ထဲကောက်မထည့်အောင်ဂရုစိုက်ပါ။
  • ချိုလိမ်နဲ့ နို့ဘူးတွေကိုသေချာဆေးကြောပါ။
  • ကလေးခံတွင်းသန့်ရှင်းရေးသုံးပစ္စည်းတွေကို သေချာသန့်စင်အောင်ထားပါ။
  • ကလေးကို နှုတ်ခမ်းခြောက်သွေ့ကွဲအက်တာမျိုးမဖြစ်အောင် ရေဓာတ်ပြည့်ဝနေဖို့ ဂရုစိုက်ပါ။

ဒီအချက်လေးတွေကို ဂရုစိုက်လုပ်ပေးမယ်ဆိုရင်တော့ ကလေးက ကျီးကန်းပါးစပ်လို့ခေါ်တဲ့ နှုတ်ခမ်းထောင့်လေးတွေ ကွဲအက်နာကျင်တဲ့ဝေဒနာကနေကင်းဝေးသွားမှာပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။