brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးတွေ မျက်စိနာရင်

ကလေးရဲ့ မျက်လုံးလေးတွေက ငိုတာလဲ မဟုတ်ဘဲ မျက်ရည်ထွက်နေတယ်၊ မျက်ခမ်းသားနဲ့ မျက်ဖြူသားလေးတွေနီနေတယ်၊ ဘာများဖြစ်တာလဲဆိုပြီး စိတ်ပူနေပြီလားမေမေတို့ရေ။ ဒါက ပတ်ဝန်းကျင်မှာရှိနေတဲ့ ဖုန့်မှုန့်တွေနဲ့ဘက်တီးရီးယားတွေကြောင့် ကလေးရဲ့ မျက်လုံးမှာ ပိုးဝင်ကူးစက်ပြီး မျက်စိနာတာဖြစ်နိုင်ပါတယ်။ ဒါဆိုရင် ကလေးက ငယ်သေးတော့ ဘယ်လိုလုပ်ပေးရပါ့မလဲ။ မျက်စဉ်းခတ်ပေးရမလားမသိဘူးဆိုပြီး စဉ်းစားရခက်နေလား။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ဝေခွဲမရတာတွေအတွက် အဖြေထွက်လာပါလိမ့်မယ်နော်။

ကလေးတွေ မျက်စိနာရင်

မျက်လုံးပိုးဝင်ကူးစက်ခြင်း

များသောအားဖြင့်ကတော့ ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတာပါ။ အဖျားဝင်နေတဲ့အခါမျိုးမှာ ပိုဖြစ်နိုင်ပါတယ်။ လက္ခဏာတွေအနေနဲ့ကတော့

  • မျက်ဖြူသားတွေနီနေမယ်
  • မျက်ခမ်းအတွင်းသားတွေနီနေမယ်
  • မျက်ခွံရောင်နေမယ်
  • မျက်ရည်တွေထွက်နေမယ်
  • အဝါရောင် မျက်ဝတ်တွေထွက်နေမယ်
  • မျက်ခွံတွေ မျက်ဝတ်တွေနဲ့ကပ်ပြီး ဖွင့်ရခက်နေမယ်။ ဒီအခြေအနေကို အလွယ်တကူကတော့ မျက်စိနာတယ်လို့ခေါ်လိုက်တာပါပဲ။

ဘယ်လိုသက်သာအောင်လုပ်ပေးမလဲ

ချာမိုမိုင်းအဆီ – ကျန်းမာရေးအတွက် အကျိုးကျေးဇူးများပါတယ်။ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး မျက်စိနာတာအတွက်တော်တော်လေးအဆင်ပြေစေတဲ့ သဘာဝပစ္စည်းတစ်မျိုးပါ။ ရေနွေးဆူဆူထဲကို ချာမိုမိုင်းအဆီ နှစ်စက် ၃ စက်လောက်ချပြီး ဂွမ်းစလေးနဲ့ရေစွတ်လို့ မျက်လုံးပေါ်မှာ ကပ်ပေးပါ။

ဆားရည် -ရောဂါပိုးတွေကိုသေစေနိုင်တဲ့အာနိသင်ရှိပါတယ်။ရေနွေးနွေးဖန်ခွက် နှစ်ခွက်စာထဲကို ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းစာထည့်ပြီး နှံ့အောင်မွှေပေးပါ။ပြီးရင် ဂွမ်းစလေးတို့နဲ့ပြီး မျက်လုံးတဝိုက်ကို သန့်စင်ပေးလိုက်ပါနော်။

မိခင်နို့ – မိခင်နို့က အာဟာရဖြစ်ရုံတင်မဟုတ်ဘဲ ကလေးတွေအတွက်ဆေးဖက်လည်းဝင်ပါတယ်။ ကလေးမျက်စိနာနေရင် မျက်လုံးထဲကို မိခင်နို့ရည် တစ်စက်၊နှစ်စက်လောက်ချပေးပါ။ မျက်စဉ်းခတ်ပေးတဲ့သဘောပေါ့။

ရေအေး (သို့မဟုတ်)ရေနွေး -ရေသန့်သန့်လေးကိုသုံးပြီး ကလေးရဲ့ မျက်လုံးကို သန့်စင်ပေးပါ။ရေနွေးကို ဂွမ်းစသန့်သန့်လေးနဲ့ ခပ်ဖွဖွလေးစွတ်ပြီး မျက်လုံးတစ်ဝိုက်သန့်စင်ပေးပါ။ မျက်လုံးရောင်ရမ်းနေတာကို သက်သာစေတဲ့အပြင် မျက်စိနာတာကိုပါ သက်သာစေမှာပါ။

လက်ဖက်ခြောက်အိတ် –ရေနွေးကြမ်းသောက်တဲ့အခါ သုံးတဲ့ လက်ဖက်ခြောက်အိတ်လေးတွေကရောဂါပိုးတွေကိုသေစေနိုင်သလို ဓာတ်တိုးဆန့်ကျင် အာနိသင်လည်းရှိပါတယ်။ လက်ဖက်ခြောက်အိတ်ကို ရေနွေးဆူဆူထဲ ထည့်စိမ်ပြီး ပြန်အအေးခံလိုက်ပါ။ ပြီးရင် ကလေးကို မျက်လုံးမှိတ်ထားစေပြီး မျက်ခွံပေါ်မှာ ခဏလောက်ကပ်ထားပေးပါ။ ရောင်ရမ်းတာကိုပါ သက်သာစေမှာပါ။

ဒီလိုအခြေအနေမျိုးဆိုရင် ဆရာဝန်နဲ့ပြသပါ

ကလေးမှာမျက်စိနာတဲ့အခါ အခုလိုအခြေအနေမျိုးဖြစ်လာမယ်ဆိုရင် ဆရာဝန်နဲ့ပြသဖို့ပြောပါရစေနော်။

  • ဆေးကုသမှုတွေလုပ်ပေးနေပေမယ့် ၃ ရက် ကနေ ၄ ရက်အထိမသက်သာဘဲဖြစ်နေမယ်
  • မျက်လုံးတစ်ဝိုက်အရေပြား နဲ့ မျက်ခွံတွေနီမြန်းနေမယ်။ရောင်ရမ်းနေမယ်၊ နာကျင်နေမယ်
  • ကလေးက အမြင်ဝေဝါးနေမယ်
  • ကလေးက အစားကောင်းကောင်းမစားဘူး။ အားမရှိသလိုဖြစ်နေမယ်
  • အဖျားရှိမယ်
  • မျက်လုံးထဲကနေ စေးကပ်ကပ်မျက်ဝတ်တွေထွက်နေမယ်ဆိုရင်တော့ ကလေးကို ဆရာဝန်နဲ့အမြန်ဆုံးသွားရောက်ပြသပေးပါ။

ကဲကလေးမျက်စိနာနေလို့ စိတ်ညစ်မနေပါနဲ့။ အခုပြောခဲ့တဲ့နည်းလမ်းလေးတွေအတိုင်း ကလေးကိုပြုစုပေးလိုက်ပါနော်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။