နို့တိုက် နေတဲ့မိခင်တစ်ယောက်အတွက် နို့ကြောင်းပိတ်တဲ့ ပြဿနာက တော်တော်ကို ဆိုးတဲ့ပြဿနာတစ်ခုပါ။ ကလေးကလည်းနို့ဆာ ကိုယ်ကလည်း နို့မထွက်၊ နို့ကြောင်းကလည်း ပိတ်နေတော့ နာကလည်းနာနဲ့ အတော်ကြီးကို ဒုက္ခရောက်ပါတယ်။ ခက်တာက နို့ကြောင်း ပိတ်တဲ့ ပြဿနာကလည်း အဖြစ်များတဲ့ ပြဿနာတစ်ခုဆိုတော့ ဖြစ်လာတဲ့အခါ သက်သာအောင်လုပ်ဖို့က အရေးကြီးလာတာပေါ့။ ဒီတော့ နို့တိုက်ရင်းနဲ့ နို့ကြောင်းပိတ်သွားတဲ့အခါ ဘာတွေလုပ်ကြမလဲ ။ ။
နို့ကြောင်းပိတ်ခြင်းကို ဘာတွေက အဖြစ်များစေတာလဲ။
နို့ကြောင်းပိတ်တာကို သက်သာအောင်ဘယ်လိုလုပ်ရမလဲ မပြောခင် ဘာကြောင့် နို့ကြောင်းပိတ်တာလဲ အရင်သိဖို့လိုပါတယ်။
နို့ကောင်းကောင်း မထွက်တာ – ကလေးကောင်းကောင်းမစို့နိုင်လို့ဖြစ်ဖြစ်၊ မိခင်နဲ့ကလေး ခွဲနေတာကြာတော့ နို့မတိုက်ရတဲ့ အခါမျိုးမှာ နို့အုံကြီးတင်းနေတတ်ပြီး နို့ကြောင်းပိတ်တဲ့ ပြဿနာဖြစ်တတ်ပါတယ်။ ကြပ်လွန်းတဲ့ အတွင်းခံ ဘရာစီယာ၊ ကားခါးပတ်တွေနဲ့ မှောက်အိပ်တာအချိန်ကြာသွားခြင်းကလည်းနို့ကြောင်းပိတ်ခြင်းကိုဖြစ်စေတဲ့ အကြောင်းအရာတွေပါ။ စိတ်ဖိစီးမှုများခြင်းနဲ့ မိခင်စိတ်မောပန်းနေခြင်းကလည်း နို့ကောင်းကောင်း မထွက်စေတဲ့ အကြောင်းအရာတွေပါ။ ဒါကြောင့် နို့ကြောင်း မပိတ်ဖို့ဆိုရင် နို့ကောင်းကောင်းထွက်ပြီး ကလေးက ကောင်းကောင်းစို့နိုင်ရမယ့်အပြင် ရင်သားကို တင်းကြပ်နေအောင် မထားဖို့လည်း လိုအပ်ပါတယ်။
ဒီတော့ပိတ်နေတဲ့နို့ကြောင်းတွေ ပြန်ပွင့်အောင် ဒါတွေ လုပ်ကြည့်ပါ။
- ရေနွေးအိတ်ကပ်ပါ။ – ရေနွေးအိတ်ဟာ တင်းနေတဲ့ကြွက်သားတွေကို ပြေလျော့နိုင်စွမ်းရှိတာကြောင့် နာကျင်တဲ့ အနာလည်းသက်သာစေမယ့်အပြင် တင်းနေတာလည်း လျော့သွားပြီး နို့လည်း ပြန်ထွက်စေမှာပါ။ သိပ်မပူဖို့တော့ လိုတယ်နော်။
- နှိပ်နယ်ပေးလို့ရပါတယ် ။ – နို့မတိုက်ခင် ရင်သားကို နှိပ်ပေးတာမျိုး ဖြစ်ဖြစ်၊ နို့တိုက်နေချိန်မှာ ရင်သားကို ညှစ်ပေးတာဖြစ်ဖြစ်က နို့ကြောင်းကို မပိတ်စေဘဲ နို့ထွက်များ အောင် လုပ်ပေးနိုင်မှာပါ။ နှိပ်ရမယ့် ပုံစံကတော့ တင်းပြီးခဲနေတဲ့ နေရာကနေ နို့သီးခေါင်းရှိတဲ့ ဘက်ကို ဦးတည် နှိပ်လာရမှာ ဖြစ်ပါတယ်။
- နို့ကို အကြိမ်ရေများများတိုက်ပေးပါ။-နို့ကြောင်းပိတ်လို့ နို့မထွက်ပေမယ့်လည်း နို့ကို နှစ်နာရီခြား တစ်ခါလောက်တိုက်ပေးပါ။ တိုက်တဲ့အခါမှာလည်း နို့ကြောင်း ပိတ်တဲ့ ဘက်က စတိုက်ပေးပါ။ ပိတ်နေတဲ့ဘက်က အရမ်းနာတယ်ဆိုရင်တော့ အခြားတစ်ဘက်ကို ခဏလောက်ပြောင်းတိုက်ပေးပြီး သက်သာသွားတာနဲ့ နို့ကြောင်းပိတ်တဲ့ဘက်ကို ပြန်ပြောင်းတိုက်ပါ။ နို့ကြောင်းပိတ်တာကို ဖြေရှင်းဖို့ အဓိက အကျဆုံးက နို့ထွက်ဖို့ပါပဲ။
- အနားယူပါ – မွေးကင်းစကလေးတစ်ယောက်နဲ့ အလုပ်ရှုပ်နေမှာကို သိနေပေမယ့်အနားကောင်းကောင်းယူပြီး အစားကောင်းကောင်းစားဖိုကလည်း အရေးကြီးပါသေးတယ်။
- တကယ်လို့ အပေါ်မှာ ပြောခဲ့တဲ့ နည်းတွေ လုပ်တာတောင် အဆင်မပြေဘူး၊ ရင်သားကလည်း အရမ်းတင်းပြီးနာနေတယ်၊ ကိုယ်တွေလည်း ပူမယ်ဆိုရင်တော့ ဆရာဝန်ဆီသွားပြဖို့လိုအပ်နေပါပြီ ။ ။