brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မိခင်နို့တိုက်နည်း ၄ နည်း

လွယ်ကူသည်ဟုထင်ရသော်လည်း မိခင်များအတွက် နို့တိုက်ခြင်းသည် တကယ်တော့ ခက်ခဲပါသည်။ အထူးသဖြင့် သားဦးမိခင်များတွင် ပို၍ခက်ခဲတတ်သည်။ သဘာဝအလျှောက်သူ့ဘာသာ သူတတ်ကျွမ်း သွားနိုင်သော်လည်း အလေ့အကျင့်တော့လိုပါသည်။ အကယ်၍သင်သည်ကလေးနို့တိုက်ရာတွင် အခက်အခဲဖြစ်နေသည်ဆိုပါက ဤနို့တိုက်နည်းလေးသွယ်က သင့်အားပိုမိုလွယ်ကူအောင် ကူညီပေးပါမည်။

မိခင်နို့တိုက်နည်း ၄ နည်း

၁။ ဘက်တူလက်နှင့်နို့တိုက်နည်း

အခြေခံကျဆုံးနည်းလမ်းဖြစ်သည်။ ညာဖက်နို့ကိုတိုက်မည်ဆိုလျှင် ကလေးကို ညာဖက်လက်နှင့်ချီပါ။ ဘယ်ဖက်နို့နှင့်တိုက်မည်ဆိုလျှင် ကလေးကို ဘယ်ဖက်လက်နှင့် ချီပါ။ ကလေး၏ခေါင်းကို သင်၏လက်မောင်းကွေးဆုံရာတွင် ထားလျက်ပွေ့ချီပါ။ လက်ရန်းပါသောခုံတွင်ထိုင်၍သော်လည်းကောင်း၊ အိပ်ယာပေါ်တွင် ထိုင်၍လက်မောင်းအောက်တွင် ခေါင်းအုံးများခုထား၍သော်လည်းကောင်း လက်မညောင်းစေရန် ပြုလုပ်ပါ။ မိခင်၏ခန္ဓါကိုယ်ကို ကလေးပေါ်တွင် ငိုက်မကျစေရန် မိခင်၏ခြေထောက်ကို ခုံမြင့်တစ်ခုပေါ်တွင်တင်ထားပါ။ ကလေးငယ်၏အောက်လက်မောင်းသည် ကို မိခင်လက်မောင်းအောက်တွင် ရှိနေစေ၍ ကလေးငယ်နှင့်သင်သည် မျက်နှာချင်းဆိုင်အနေအထားဖြစ်နေပါစေ။ ကလေးငယ်၏ခေါင်း ၊ကျောနှင့်ခန္ဓါကိုယ်အောက်ပိုင်းကို သင်၏လက်ဖျံ နှင့် လက်ဖဝါးတို့ဖြင့်ထိန်းထားပါ။ ဤနည်းသည် နေ့စေ့လစေ့မွေးဖွားသော ကလေးများအတွက် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

၂။ ဆန့်ကျင်ဘက်လက်နှင့်နို့တိုက်ခြင်း

အကယ်၍ ညာဖက်နို့ကိုတိုက်မည်ဆိုပါက ကလေးကိုဘယ်ဖက်လက်နှင့်ချီပါ။ ဘယ်ဖက်နို့နှင့် တိုက်မည်ဆိုပါက ကလေးကို ညာဖက်လက်နှင့် ချီပါ။ ကလေးငယ်၏ရင်ဘတ်နှင့်ဝမ်းဗိုက်သည် မိခင်၏ ခန္ဓါကိုယ်နှင့် မျက်နှာမူနေပါစေ။ သင်၏လက်မနှင့်လက်ချောင်းများကို ကလေးငယ်၏ ခေါင်းနောက်တွင် ထားလျက် ကလေး၏ပါးစပ်ကို သင်၏နို့သို့ ညင်သာစွာ ဦးတည်ပေးပါ။ ကလေးငယ်ကို အထက်တွင် ဖော်ပြထားသော ဘက်တူလက်နှင့် နို့တိုက်ရန်အဆင်မပြေပါက ဤနံပါတ်နှစ်အနေအထားကိုသုံးသင့်သည်။ ဤနံပါတ်နှစ်အနေအထားသည်သေးငယ်သောကလေးများကို နို့တိုက်ရာတွင် အဆင်ပြေသည်။

၃။ လက်ပွေ့အိတ်ကိုင်သကဲ့သို့နို့တိုက်နည်း

ကလေးကို လက်ပွေ့အိတ်ကိုင်သကဲ့သို့ သင်၏လက်မောင်းအောက်တွင် ထားရမည်။ သင်၏ကလေးကို သင်၏ခန္ဓါကိုယ်ဘေးတွင်ကပ်လျက် ကလေး၏နှာခေါင်းနှင့်နို့သီးခေါင်းကို တန်းတူအနေအထားတွင် ထားပါ။ သင်၏လက်မောင်းကို သက်တောင့်သက်သာရှိမည့်အရာတစ်ခုခုပေါ်တွင် (ဥပမာ ခေါင်းအုံး)ပေါ်တွင် ထားလျက် သင်၏လက်ဖြင့်ကလေးကိုထိန်းထားပါ။ ကလေးပါးစပ်ကို နို့သီးခေါင်းဆီသို့ ဂရုတစိုက်လမ်းညွှန်ပါ။ ကလေးကို နို့စို့စေရန်အတင်းမတွန်းထားပါနဲ့။ ထိုသို့ပြုလုပ်လျှင် ကလေးမှတောင့်ခံပြီးနို့တိုက်ခြင်းကိုပိုမိုခက်ခဲစေပါသည်။ ဤအနေ အထားသည် သေးငယ်သောကလေးများနှင့် အမွှာမွေးထားသောမိခင်များအတွက် အလွန်သင့် လျော်ပါသည်။ ရင်သား အလွန် ကြီးသော အမျိုးသမီးများအတွက်လည်း အလွန်သက်တောင့်သက်သာ ရှိစေပါသည်။

၄။ နောက်မှီ အနေအထားဖြင့်နို့တိုက်ခြင်း

အိပ်ယာပေါ်မှာ လှဲပါ။ သင်၏ကျောနှင့်တင်ပါးတို့သည်တဖြောင့်တည်းဖြစ်ပါစေ။ သင်၏နောက်ကျောသို့မဟုတ် ခါးသို့မဟုတ် သင်လိုအပ်သောနေရာတွင် ခေါင်းအုံးအချို့ခုထားပါ။ ကလေးကိုသင်နှင့်မျက်နှာချင်းဆိုင်အနေအထားတွင် ထားပါ။ ထို့နောက်သင်နှင့်နီးရာသို့ကလေးကိုဆွဲယူပါ။ သင်၏အိပ်ယာနှင့်ကပ်နေသောလက်မောင်းဖြင့်ကလေးကိုထိန်းထားပါ။ အခြားတစ်နည်းကတော့ သင်၏အောက်လက်မောင်းကို သင်ခေါင်းအုံးအိပ်ပြီး ကျန်တစ်ဖက်လက်မောင်းဖြင့် ကလေးခေါင်းကိုထိန်းထားပါ။ ဤအနေအထားသည် ခက်ခဲစွာကလေးမွေးထားသော မိခင်များအတွင်သင့်တော်ပါသည်။

မိခင်တိုင်းမှာ သူမ အကြိုက်ဆုံး နို့တိုက်သည့်ပုံစံရှိပါသည်။ အကယ်၍သင်ဟာဤနည်းလမ်းလေးခုကို မလုပ်ကြည့်ဖူးပါက နည်းလမ်းတစ်ခုစီနှင့် စမ်း၍ နို့တိုက်ကြည့်ပါ။ သင့်အတွက် အဆင်ပြေသော နို့တိုက်နည်း ပုံစံတွေ့လာပါမည်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Kaung Thar မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/06/2022 ဖြစ်ပါသည်။