ကလေးမွေးပြီးချိန်မှာ သင်ဟာ လူမှုရေးအရတွေ့ဆုံပွဲတွေ၊ မိသားစု ဆုံတွေ့ပွဲတွေ၊ ကလေးအတွက် ဂုဏ်ပြုပွဲတွေ ကို တက်ရနိုင်ပါတယ်။ ဒီတွေ့ဆုံပွဲတွေမှာတော့ အရက်၊ အကင်တွေ ပါဝင်နိုင်ပါတယ်။ ယေဘုယျအားဖြင့် နို့တိုက်မိခင်တွေဟာ ဝိုင်၊ ဘီယာနဲ့ အရက်တွေကို မသောက်သင့်ပါဘူး။ ဒါပေမယ့် မငြင်းဆန်နိုင်ဘူးဆိုရင် (သို့) ပျော်ချင်တယ်ဆိုရင် ကြိုတင် စီစဉ်သွားသင့်ပါတယ်။
အရက် အနည်းငယ်သာ သောက်ရင်ရော ဘာဖြစ်မှာလဲ။
အထူးအခြေအနေမျိုးမှာ သင်ဟာ ဝိုင်တစ်ခွက်ကို ငြင်းဖို့ခက်ခဲတာမျိုး ကြုံနိုင်ပါတယ်။ နို့တိုက်မိခင်တွေအတွက် စိတ်အချရဆုံးကတော့ အရက်အမျိုးအစားအကုန်လုံးကို ရှောင်ကြဉ်ခြင်း ဖြစ်ပေမယ့် သွေးအတွင်းအရက်ပမာဏကို သိရှိပြီး ဒါဟာ နို့တိုက်ခြင်းမှတစ်ဆင့် ကလေးအပေါ်ဘယ်လိုသက်ရောက်မှု ရှိလဲဆိုတာ နားလည်ခြင်းဟာ သင့်ကလေးငယ်အတွက် လုံခြုံစိတ်ချရမှုကို ဖြစ်စေမှာပါ။ ယေဘုယျအားဖြင့် သွေးအတွင်းအရက်ဟာ မိခင်နို့အတွင်းမှာ ပါဝင်တဲ့ အရက်နဲ့ ပြင်းအားတူညီပါတယ်။ သင်စတင်သောက်အပြီးမှာ အရက်ဟာ မိခင်နို့အတွင်းမှာ ၃၀-၆၀ မိနစ်နေနိုင်ပြီး အချို့အခြေအနေတွေမှာတော့ ၂ နာရီကျော်နေနိုင်ပါတယ်။ ဒါကို သင်စားသောက်တဲ့ အစားအသောက်ပမာဏ၊ သင်သောက်တဲ့အရက်ရဲ့ ပြင်းအား၊ သင့်ကိုယ်အလေးချိန်၊ ကျန်းမာရေးအခြေအနေနဲ့ သင်ဘယ်လောက်မြန်မြန်သောက်နိုင်လဲဆိုတဲ့အချက်တွေက လွှမ်းမိုးမှု ရှိပါတယ်။
တကယ်လို့ အရက်သောက်ဖို့ အစီအစဉ် ရှိတယ်ဆိုရင် ကလေးနို့တိုက်ပြီးချိန်မှာ သောက်ရင် သင့်ကိုယ်ခန္ဓါက အရက်ကို သွေးနဲ့ မိခင်နို့ကနေ ဖယ်ထုတ်ဖို့ အချိန်ရမှာဖြစ်ပါတယ်။ သင်အရက်သွားမသောက်မီ ကလေးအတွက် မိခင်နို့ကို ညှစ်ထုတ်ပေးသွားနိုင်ပါတယ်။