brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဗီတာမင် C နဲ့ ဘေဘီလေး ကျန်းမာရေး

ဗီတာမင် C နဲ့ ဘေဘီလေး ကျန်းမာရေး

ဗီတာမင် C နဲ့ ဘေဘီလေး ကျန်းမာရေး

ဘေဘီလေးတွေ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့အတွက် ဗီတာမင် နဲ့ သတ္တုဓာတ်တွေ လိုအပ်တယ်ဆိုတာကို မေမေဖေဖေတိုင်း သိထားပြီး ဖြစ်မှာပါ။ ငယ်စဉ်ကတည်းက ဗီတာမင်နဲ့သတ္တုဓာတ်တွေ ပြည့်ဝအောင် ဖြည့်ပေးနိုင်မှ ဘေဘီလေးက အကောင်းဆုံး ကြီးထွားနိုင်မှာပါ။

ဒီလို ပြည့်စုံအောင် ဖြည့်ပေးရမယ့် ဗီတာမင်တွေထဲမှာမှ ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် ဗီတာမင် C ပြည့်ဝဖို့ လိုမယ်ဆိုတာကို မေမေတိုင်း သိထားပြီး ဖြစ်မှာပါ။ ဗီတာမင် C က ဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေးရဲ့ ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဗီတာမင် C က ဘေဘီလေးကို ကိုယ်ခံအားတင် ကောင်းစေတာမဟုတ်ဘဲ အခြား ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ပေးစွမ်းပါသေးတယ်။

ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဗီတာမင် C နဲ့ ဘေဘီလေး ကျန်းမာရေး

ဗီတာမင် C က ဘေဘီလေးကို ကိုယ်ခံအား ကောင်းစေတာအပြင် အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးစွမ်းပါသေးတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်း အဖြစ်လုပ်ဆောင်ပေးတယ်။

ဗီတာမင် C က ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ထဲက ဓာတ်တိုးပစ္စည်းတွေကို လျှော့ချပေးပါတယ်။ ဘေဘီလေးရဲ့ ခန္ဓာကိုယ်က ကျန်းမာတဲ့ ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်ပျက်စီးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါ။

အရိုးတွေ သန်မာစေတယ်။

ဗီတာမင် C ရဲ့နောက်ထပ် စွမ်းရည်တစ်ခုက ကြီးထွားဖွံ့ဖြိုးနေတဲ့ ဘေဘီလေးရဲ့ အရိုးနဲ့သွားတွေကို သန်မာစေတာပါ။ ဘေဘီလေးကို အရိုးနဲ့သွားတွေ ကြံ့ခိုင်စေချင်တယ်ဆိုရင် ငယ်စဉ်ကတည်းက ဗီတာမင် C ပြည့်ဝအောင် ဂရုစိုက်ပေးပါ။

ဗီတာမင် C က ကော်လာဂျင် ထွက်ရှိအောင် လှုံဆော်ပေးတာကြောင့် အသားအရေ ကျန်းမာစေပါတယ်။ တွယ်ဆက်တစ်ရှူးတွေကို အားဖြည့်ပေးတာကြောင့် အနာကျက်မြန်စေပြီး အရေပြား ပြဿနာလည်း ကင်းစေပါတယ်။

ဗီတာမင် C က ကလေးတွေကို သွေးအားနည်းရောဂါ ကင်းစေပြီး အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ သံဓာတ်စုပ်ယူမှု ကောင်းစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်။

ဗီတာမင် C က ကိုယ်ခံအား ကောင်းစေတယ်ဆိုတာကတော့ လူတိုင်း လိုလို သိထားပြီး ဖြစ်မှာပါ။ ဗီတာမင် C က အအေးမိ၊ နှာစေးတာတွေတင် မဟုတ်ဘဲ ကိုယ်ခံအားဆဲလ်တွေကို အကောင်းဆုံး အားဖြည့်ပေးပြီး ရောဂါမျိုးစုံ အန္တရာယ်ကနေ ကာကွယ်ပေးတာပါ။

အာရုံကြောစနစ်က ဘေဘီလေး ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဆက်သွယ်ရေး စနစ်ပါ။ အာရုံကြောစနစ် ကျန်းမာမှ ဘေဘီလေးက လမ်းလျှောက်တာ၊ စကားပြောတာ၊ သင်ယူတာ၊ မျိုချစတဲ့ လုပ်ငန်းစဉ်တွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှာပါ။

ဒါကြောင့် ဘေဘီလေးကို ကျန်းမာတဲ့ အာရုံကြောစနစ် ပိုင်ဆိုင်နိုင်စေဖို့ဆိုရင် ငယ်စဉ်ကတည်း ဗီတာမင် C ပြည့်ဝအောင် ကျွေးပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/07/2022 ဖြစ်ပါသည်။