ဆရာဝန်တွေကတော့မေမေတွေကို ရင်သွေးကိုမိခင်နို့တိုက်ကျွေးတာက အကောင်းဆုံးလို့ပြောမှာပါပဲ။ မိခင်အနေနဲ့ကလည်း ကလေးကို တစ်ချိန်လုံးနို့ချိုတိုက်ကျွေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီလိုအချိန်မှာ မိခင်တွေအနေနဲ့ရွေးချယ်စရာတစ်ခုပဲရှိပါတော့တယ်။ ဒါကတော့ ကလေးအတွက်အကောင်းဆုံးနို့မှုန့်ရွေးချယ်တာပါ။ နို့မှုန့်ရွေးချယ်တဲ့အခါ မဖြစ်မနေသိထားဖို့လိုမယ့်အချက်တစ်ခုရှိနေပါတယ်။ ဒါကတော့နို့မှုန့်မှာ မိခင်နို့မှာပါဝင်တဲ့ ဗီတာမင်၊ သတ္တုဓါတ်တွေနဲ့ ကယ်လ်လိုရီေတွအားလုံးပါဝင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတဲ့အချက်ပါ။ ကလေးအတွက် အကောင်းဆုံးဖြစ်မယ့် နို့မှုန့်ရွေးချယ်ဖို့စဉ်းစားနေတဲ့မေမေတို့ကို ဒီဆောင်းပါးလေးကနေတဆင့် ကူညီပေးပါရစေ။
နို့မှုန့်အမျိုးအစားတွေက ဘာတွေလဲ
နို့မှုန့်တွေက အဓိကအားဖြင့်တော့ ၄ မျိုးရှိနေပါတယ်။ ဒါတွေကတော့
နွားနို့ကို အခြေခံပြီးထုတ်ထားတဲ့ နို့မှုန့် ဆိတ်နို့ကိုအခြေခံပြီးထုတ်ထားတဲ့နို့မှုန့် hydrolysed protein ကိုအခြေခံပြီးထုတ်ထားတဲ့ နို့မှုန့် ပဲနို့ကို အခြေခံပြီးထုတ်ထားတဲ့နို့မှုန့် တို့ပဲဖြစ်ပါတယ်။ နွားနို့ကိုအခြေခံပြီး ထုတ်ထားတဲ့နို့မှုန့် – ကလေးနို့မှုန့်တော်တော်များများက နွားနို့ကနေရတဲ့ ပရိုတင်းပေါ်မှာ အခြေခံပြီးထုတ်ထားတာပါ။ ကလေးတွေဖွံ့ဖြိုးကြီးထွားဖို့အတွက်လိုအပ်တဲ့ အာဟာရဓါတ်ေတွများစွာပါဝင်နေပါတယ်။ ဒါပေမယ့် အချို့ကလေးငယ်တွေက နွားနို့နဲ့ ဓါတ်မတည့်တာမျိုးရှိတတ်ပါတယ်။
ဆိတ်နို့ကိုအခြေခံပြီး ထုတ်ထားတဲ့နို့မှုန့် – ဆိတ်နို့ကနေထုတ်ထားတဲ့နို့မှုန့်မှာ ပါဝင်တဲ့ပရိုတင်းပမာဏက နွားနို့ကိုအခြေခံပြီးထုတ်ထားတဲ့နို့မှုန့်တွေမှာပါဝင်တဲ့ ပရိုတင်းပမာဏနဲ့တူတူလောက်ပါပဲ။ နွားနို့နဲ့ ဓါတ်မတည့်တဲ့ ကလေးငယ်တွေအတွက်တော့ ဆိတ်နို့ကိုအခြေခံပြီးထုတ်ထားတဲ့ နို့မှုန့်ကိုလည်း မတိုက်သင့်ပါဘူး။ ဓါတ်မတည့်မှုခံစားရနိုင်ပါတယ်။
Hydrolysed protein ကိုအခြေခံပြီးထုတ်ထားတဲ့ နို့မှုန့် – ဒီနို့မှုန့်မှာ အစာကြေလွယ်စေဖို့အတွက် ပရိုတင်းတွေကို ပုံမှန်ထက်ချေဖျက်ရလွယ်စေမယ့် ပုံစံနဲ့ပြုလုပ်ပေးထားပါတယ်။ အစာကြေခဲတဲ့ သားသားမီးမီးတွေအတွက် အထူးသင့်တော်တဲ့ နို့မှုန့်အမျိုးအစားပေါ့။ အရေပြားဓါတ်မတည့်မှုရောဂါရှိတဲ့ကလေးငယ်တွေ၊ အရေပြားပြဿနာခံစားနေရတဲ့ ကလးငယ်တွေနဲ့ အထူးသင့်တော်မယ့်အမျိုးအစားပေါ့။ ကလေးအတွက်လိုအပ်တဲ့ အာဟာရဓါတ်တွေကိုလည်းပြည့်ပြည့်ဝဝရရှိစေမှာပါ။
ပဲနို့ကို အခြေခံပြီးထုတ်ထားတဲ့နို့မှုန့် – ဒီအမျိုးအစားကတော့ အပင်ကရတဲ့ ပရိုတင်းပေါ်မှာ အခြေခံပြီးထုတ်ထားတာပါ။ နွားနို့ကို အခြေခံပြီးထုတ်ထားတဲ့ နို့မှုန့်တွေမှာပါတဲ့ CMP လို့ခေါ်တဲ့ပရိုတင်းမပါဝင်သလို နွားနို့မှာ အဓိကပါဝင်နေတဲ့ သကြားဓါတ်တစ်မျိုးဖြစ်တဲ့ lactose လည်းမပါဝင်ပါဘူး။ ဒါကြောင့် ပဲနို့ကို အခြေခံပြီးထုတ်ထားတဲ့ နို့မှုန့်က နွားနို့နဲ့ ဓါတ်မတည့်တဲ့ကလေးတွေအတွက် အသင့်တော်ဆုံးဖြစ်မှာပါ။
နို့မှုန့်ရွေးတဲ့အခါ ဒီအချက်တွေကို သတိထားပါ
နို့မှုန့်က မိခင်နို့လောက်တော့ ဗီတာမင်၊ သတ္တုဓါတ်နဲ့ ပဋိပစ္စည်းတွေ မပါဝင်တာမှန်ပေမယ့်မေမေတို့ကတော့ ရင်သွေးလေးကို အကောင်းဆုံးဆိုတာကိုပဲပေးချင်မှာပါ။ ဒီတော့ နို့မှုန့်ဝယ်တဲ့အခါ ဒီဓါတ်တွေပါဝင်နေရဲ့လားဆိုတာ စစ်ဆေးပါနော်။
သံဓါတ် – ကလေးအတွက် နို့မှုန့်ရွေးတဲ့အခါ သံဓါတ်ပါဝင်မှုရှိတာကိုရွေးချယ်ဖို့လိုပါတယ်။ မိခင်နို့ကနေ သံဓါတ်ကိုရနိုင်ပေမယ့် နို့မှုန့်တိုင်းမှာ သံဓါတ်ပါဝင်ဖို့ကတော့ နည်းနည်းခက်ပါတယ်။ သံဓါတ်က ကလေးကိုသွေးအားနည်းရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်တာကြောင့် နို့မှုန့်ရွေးချယ်တဲ့အခါ သံဓါတ်ပါဝင်တာကိုရွေးချယ်ပေးပါ။
Omega 3 – ခန္ဓါကိုယ်ကျန်းမာဖို့အတွက် လိုအပ်တဲ့ဓါတ်တစ်မျိုးပေါ့။ နှလုံးကျန်းမာစေနိုင်သလို အရိုးတွေကိုသန်မာစေပြီး ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ပေးနိုင်ပါတယ်။ မျက်လုံးနဲ့ အာရုံကြောစနစ်ဖွံ့ဖြိုးဖို့အတွက်လည်းခန္ဓါကိုယ်က Omega 3 ကိုမထုတ်နိုင်တာကြောင့် အစားအစာကနေတဆင့်ပဲ Omega 3 ကိုရယူနိုင်တာပါ။နောက်တစ်ခုက ကလေးကို ငယ်စဉ်ကတည်းက Omega 3 ပုံမှန်စားသုံးစေမယ်ဆိုရင် အသက်ကြီးလာတဲ့အခါ ပန်းနာရင်ကျပ်မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
Docosahexaenoic acid (DHA) – ဦးနှောက်ရဲ့ လုပ်ငန်းစဉ်တွေကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်စေဖို့အတွက်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ Fatty Acid တစ်မျိုးပါ။ ဒါကြောင့် သားသားမီးမီးလေးတွေကို ဦးနှောက်ဖွံ့ဖြိုးစေဖို့အတွက် DHA ပါတဲ့ နို့မှုန့်ရွေးဖို့ မေမေ့ပါနဲ့။
Omega 6 – ဒီဓါတ်က ကလေးငယ်တွေကျန်းမာစေဖို့ အထောက်အပံ့ပေးပါတယ်။ ကြီးထွားဖွံ့ဖြိုးမှု၊ ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ Fatty acid တစ်မျိုးပါ။ ဒါကြောင့် ကလေးအတွက်နို့မှုန့်ရွေးချယ်တဲ့အခါ ဒီဓါတ်ကိုလည်းမေ့မထားပါနဲ့။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။