ချိုချိုမွှေးမွှေး သရက်သီးလေးကို မြန်မာလူမျိုး အတော်များများ နှစ်ခြိုက်ကြပါတယ်။ သရက်သီးတွေကလည်း အမျိုးအစား အစုံပါပဲ။ ဒီသရက်သီး ချိုချိုမွှေးမွှေးလေး စားနေတုန်း တီတီ သားသားလည်း စားမယ်ဆိုလို့ ဘေဘီလေးရဲ့ မေမေ့ကို သားသားကို သရက်သီးမှည့် ကျွေးလို့ရလားလို့ လှမ်းမေးရတဲ့ အခိုက်အတန့်လေးများ ရှိဖူးလား…….
ဘေဘီလေးက စားချင်လို့ ခွံ့လို့ ပြောတာကိုလည်း မငြင်းရက်ဘူး။ တည့်ပါ့မလားဆိုပြီးလည်း စိုးရိမ်နေတဲ့ တူ၊တူမလေးတွေကို ချစ်ရတဲ့ ဦးဦးတီတီတို့ရေ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။
သရက်သီးမှည့်က ဘေဘီလေးတွေနဲ့ တည့်ရဲ့လား…….
ဘေဘီလေးက သရက်သီး စားလို့ရလား………. ဆိုတော့ အဖြေက ရပါတယ်။ ဒီလိုပြောရတာက ဒီအချက်လေးတွေကြောင့်ပါ။
သရက်သီးမှည့်က
ဘေဘီလေးတွေနဲ့ တည့်တဲ့ အစားအစာတစ်ခုပါ။ အရသာကလည်း အကြိုက်တွေ့စရာ ဖြစ်သလို
အာဟာရကလည်း တော်တော်လေး ပြည့်ဝပါတယ်။
သရက်သီးမှည့်မှာ ဘေဘီလေးရဲ့ ကြီးထွားမှုကို အားဖြည့်ပေးနိုင်တဲ့
ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဘေဘီလေးကို အားဖြည့်ပေးနိုင်မယ့် သဘာဝ သကြားဓာတ်နဲ့
ကာဗိုဟိုက်ဒရိတ်တွေလည်း ပြည့်ဝစွာ ပါဝင်နေပါတယ်။
ဘေဘီလေးက အသက် ၈ လ ကနေ ၁၀ လ အတွင်းမှာ စကျွေးလို့ ရပါတယ်။ ဘေဘီလေးက အသက် ၈ လပြည့်ပြီးပြီဆိုရင် နည်းနည်းချင်း စမိတ်ဆက်ပေးလို့ ရပါပြီ။ စမကျွေးခင် ဆရာဝန်နဲ့ သေချာတိုင်ပင်ကြည့်တာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။

သရက်သီးမှာ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေဖို့ လိုအပ်တဲ့ အာဟာရဓာတ် များစွာ ပါဝင်နေပါတယ်။ ဒါတွေကတော့
- ကယ်လ်လိုရီ
- ကာဗိုဟိုက်ဒရိတ်
- အမျှင်ဓာတ်
- ပရိုတင်း
- ဗီတာမင် A
- ဖောလိတ်
- ဗီတာမင် B6
- ဗီတာမင် C
- ဗီတာမင် E
- Copper
- ပိုတက်ဆီယမ် တို့ ပါဝင်ပါတယ်။
ဘေဘီလေးက သရက်သီး စားလို့ရလား……….
ဘေဘီလေး အနေနဲ့ သရက်သီးမှည့်စားတဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရရှိနိုင်ပါတယ်။
သရက်သီးက အမျှင်ဓာတ် ကြွယ်ဝသလို အစာခြေအင်ဇိုင်းတွေလည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာကြေလွယ်စေဖို့ ထောက်ကူပေးသလို အူတွေရဲ့ လှုပ်ရှားမှုကိုလည်း ကောင်းမွန်စေပါတယ်။ ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးပါတယ်။ အက်ဆစ်ပါဝင်မှု နည်းတာကြောင့် ပရိုတင်း ဖြိုခွဲဖို့လည်း ထောက်ကူပေးပါတယ်။
အမြင်အာရုံအတွက် အရေးပါတဲ့ အာဟာရ တစ်မျိုးဖြစ်တဲ့ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေတာကြောင့် မျက်လုံးခြောက်တာ၊ မျက်လုံးယားယံတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပြီး ကြက်မျက်သင့်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အမြင်အာရုံ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးပါတယ်။
သရက်သီးမှည့်မှာ glutamine acid လို့ခေါ်တဲ့ အမိုင်နိုင်အက်ဆစ် တစ်မျိုးပါဝင်နေသလို ဗီတာမင် B6 လည်း ပါဝင်နေတာကြောင့် ဦးနှောက် ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ မှတ်ဉာဏ်ကောင်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကိုလည်း ကောင်းမွန်စေမှာပါ။
ဗီတာမင် A ပါဝင်နေမှုက ဘေဘီလေးတို့ရဲ့ အသားအရေကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ အသားအရေကို နူးညံ့ပြီး ကြည်လင်ဝင်းပနေစေမှာပါ။ အသားအရေကိုလည်း အစိုဓာတ် ထိန်းပေးပါတယ်။
သရက်သီးမှည့်မှာ သံဓာတ် ပါဝင်နေတာကြောင့် သွေးနီဥဆဲလ်တွေကို ဖြစ်ပေါ်စေပြီး ဘေဘီလေးကို သွေးအားနည်းရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
ဗီတာမင် C ကြွယ်ဝမှုက ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ beta-carotene ပါဝင်နေတာကလည်း ကိုယ်ခံအားကို အထိရောက်ဆုံး ပံ့ပိုးပေးနိုင်ပါတယ်။
သရက်သီးမှည့်မှာ အကျိုးပြု ကယ်လ်လိုရီတွေ ပါဝင်မှု များပေမယ့် အဆီ ပါဝင်မှုနည်းတာကြောင့် ဘေဘီလေးကို ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေနိုင်မှာပါ။
သရက်သီးမှည့်က ရေဓာတ်ပြည့်ဝစေပြီး ဘေဘီလေးကို ပူပြင်းလှတဲ့ နေရောင်ကြောင့် အပူလျှပ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သရက်သီးမှည့် ဖျော်ရည်က ရေဓာတ်ပြည့်ဝစေသလို ကိုယ်တွင်းက electrolytes ပမာဏကိုလည်း ထန်းညှိပေးနိုင်ပါတယ်။
ကဲ…… ဘေဘီလေးက သရက်သီးမှည့် ကျွေးဖို့ အာ…လို့ ပြောလာတဲ့အခါ ၁၀ လ ကျော်ဆိုရင် နည်းနည်းလောက်တော့ ခွံ့လိုက်နော်………….