brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဘေဘီလေးက ရေခဲ စားလို့ရလား.......

ရေခဲ က နာကျင်မှု တော်တော်လေး သက်သာစေနိုင်တဲ့အရာပါ။ ကြွက်သားတွေ နာကျင်တာကို သက်သာစေနိုင်သလို သွားနာတာနဲ့ သွားဖုံးရောင်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးက သွားပေါက်ချိန်မှာ သွားဖုံးနာတာကို သက်သာစေဖို့ ရေခဲပေးကိုက်ထားတာက နည်းလမ်းကောင်း တစ်ရပ်လို့ ထင်စရာရှိပါတယ်။

ဘေဘီလေးက ရေခဲ စားလို့ရလား.......

ဒီယူဆချက်က တကယ်ပဲ မှန်လား။ ဘေဘီလေးက ရေခဲစားလို့ရလား ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဘေဘီလေးက ရေခဲ စားလို့ရလား…….

ရေခဲက နာကျင်မှုတွေကို သက်သာစေပေမယ့် ဘေဘီလေး သွားပေါက်ခါနီး သွားဖုံးနာတာကို သက်သာစေဖို့အတွက်တော့ ရေခဲပေးကိုက်တာက နည်းလမ်းကောင်း မဟုတ်သလို ပူပြင်းတဲ့နေ့တွေမှာ ဘေဘီလေးကို အပူသက်သာအောင်ဆိုပြီး ရေခဲကျွေးတာကလည်း နည်းလမ်းကောင်း မဟုတ်ပါဘူး။

ဘေဘီလေးကို ရေခဲမကျွေးပါနဲ့လို့ ဆိုရတာက

ဘေဘီလေးကို ရေခဲကျွေးတာက မတူညီတဲ့ ခံစားချက်ကို ရစေသလို အာရုံသိမှုတွေကို ပိုမို သိရှိစေနိုင်တယ်ဆိုပေမယ့် အခုလို ဆိုးကျိုးလေးတွေ ရှိနေတာကြောင့်ပါ။

  • ရေခဲက သွားဖုံးတွေကို ရှစေနိုင်တယ်
  • သွားဖုံးတွေကို ပျက်စီးစေနိုင်တယ်
  • သွားကြွေလွှာတွေ ပျက်စီးစေနိုင်တယ်
  • ရေခဲက ကိုင်တွယ်တဲ့အခါ ချော်ထွက်တတ်သလို ဘေဘီလေးရဲ့ လည်ချောင်းထဲမှာ တစ်ဆို့တာမျိုး ဖြစ်စေနိုင်တယ်
  • ရေခဲမှာ အစွန်းလေးတွေ ပါနေတာက ဘေဘီလေးရဲ့ နှုတ်ခမ်းနဲ့ ပါးစောင်တွေကို ရှတာမျိုးတွေ ဖြစ်စေနိုင်တယ်
  • ရေခဲတဲ့ ရေမသန့်ရင် ဝမ်းလျှောနိုင်တယ်
  • ရေခဲနင်ပြီး သေဆုံးတာမျိုး အထိ ဖြစ်နိုင်တယ်။

ဘေဘီလေးကို ဘယ်အရွယ်မှာ ရေခဲ စကျွေးလို့ ရမလဲ…….

ဘေဘီလေးကို အသက် ၄ နှစ် မပြည့်မချင်း ရေခဲမကျွေးသင့်ပါဘူး။ ဘေဘီလေးကို ရေခဲကို သေချာ ဝါးစားနိုင်ပြီဆိုတဲ့ အရွယ်ရောက်မှသာ ရေခဲကျွေးသင့်ပါတယ်။

ဒါမှ ဘေဘီလေး မတော်တဆ ရေခဲနင်ပြီး အသက်အန္တရာယ် ဖြစ်တာမျိုး မရှိမှာပါ။ ရေခဲစားနိုင်ပြီဆိုတဲ့ အချိန်မှာလည်း ဘေဘီလေးကို ရေခဲခဏခဏ မကျွေးသင့်ပါဘူး။ ရေခဲဝါးစားတာက သွားတွေကို ပျက်စီး စေနိုင်တာကြောင့်ပါ။ နုနယ်သေးတဲ့ ဘေဘီလေးရဲ့ သွားတွေကိုဆိုရင် ကြွေလွှာ ပျက်စီးတာအပြင် သွားကြံ့ခိုင်ရေးကိုပါ ကျဆင်းစေနိုင်ပါတယ်။

ဘေဘီလေးကို ရေခဲ ကျွေးတဲ့အခါ

ဘေဘီလေးက အသက် ၄ နှစ် ပြည့်ပြီးလို့ ရေခဲကျွေးမယ်ဆိုရင်လည်း ရေခဲကို အရွယ်အစား သေးသေးလေးတွေ ဖြစ်အောင် ထုခွဲပေးပြီး ပိုက်ပါတဲ့ ဗူးလေးထဲထည့်လို့ သစ်သီးဖျော်ရည်လေးတွေနဲ့ တွဲပြီး တိုက်တာက အကောင်းဆုံးပါ။ ရေခဲတုံးကို အတုံးလိုက် ပေးဝါးတာက ရေခဲနင်တာကို ဖြစ်စေနိုင်ပြီး ဘေဘီလေးရဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တာကြောင့်ပါ။

ကဲ……. ဘေဘီလေးကို ဘာကြောင့် ရေခဲမကျွေးသင့်တာလဲဆိုတာကို သိလောက်ပြီ ထင်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/04/2022 ဖြစ်ပါသည်။