brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သင့်ကလေးငိုနေခြင်းကို ရင်ဆိုင်နိုင်ဖြေရှင်းနိုင်မည့်နည်းလမ်းများ

ကလေးတစ်ယောက် ငိုတယ်ဆိုတာ အချက်ပြမှုတစ်ခုပါ။ ဒီနည်းဟာ သူတို့လေးတွေကို ဂရုစိုက်တာခံရအောင် လုပ်တဲ့ နည်းလမ်းတစ်ခုပါ။ ဒါဟာ သူတို့လေးတွေ ဗိုက်ဆာခြင်း၊နာကျင်ခြင်း၊ ကြောက်လန့်ခြင်း၊ အိပ်ချင်လိုခြင်း ကို ဖော်ပြတဲ့ နည်းတစ်ခုလည်းဖြစ်ပါတယ်။

သင့်ကလေးငိုနေခြင်းကို ရင်ဆိုင်နိုင်ဖြေရှင်းနိုင်မည့်နည်းလမ်းများ

ငိုနေတဲ့ကလေးကို ဘယ်လိုချော့မလဲ။

ကလေးတွေကို စို့စရာဖြစ်ဖြစ် တစ်ခုခု ပေးလိုက်ပါ။

ချိုလိမ်လေးတွေဟာ မိခင်နို့နဲ့ဆင်တူတဲ့အတွက် ကလေးတွေနှစ်သက်စရာဖြစ်နိုင်ပါတယ်။ လေ့လာသူတွေပြောချက်အရ ဒီလိုပါးစပ်ထဲ စို့စရာတစ်ခုခုရှိနေခြင်းဟာ ကလေးတွေရဲ့ နှလုံးခုန်မြန်ခြင်း၊ ဗိုက်ဆာခြင်း၊ ခြေလက်ဂဏှာ မငြိမ်လှုပ်ရှားခြင်း တွေကိုလျော့ချစေနိုင်တယ်။

ဂီတ

သီချင်းသံလေးတွေကို လူတိုင်းနှစ်သက်သလို ကလေးတွေလည်း နှစ်သက်ပါတယ်။ သူကြိုက်တဲ့သံစဉ်လေးတွေဖွင့်ပေးခြင်းက အငိုတိတ်စေနိုင်တယ်။ တစ်ပုဒ်နဲ့အဆင်မပြေရင် နောက်တစ်ပုဒ်ပေါ့။ အခြားအမျိုးအစားတွေ ပြောင်းပေးရင်းနဲ့ သူဘာကြိုက်တတ်လဲ သိလာနိုင်တယ်လေ။

နှိပ်နယ်ပေးပါ

သူတို့လေးတွေဟာ ထိတွေ့ခံရတာကို သဘောကျပါတယ်။ နည်းနည်းလေးပဲဖြစ်ဖြစ် ဆုပ်နယ်ပေးရုံနဲ့သူတို့စိတ်လှုပ်ရှားနေတာကို လျော့ချပေးနိုင်ပါတယ်။ ပြီးတော့အဲဒီလို နှိပ်နယ်ပေးတာလေးအတွက် သင် သိပ်ပြီးကျွမ်းကျင်နေစရာ မလိုအပ်ပါဘူး။ ညင်သာတဲ့ အထိတွေ့လေးကိုလည်း သူတို့ကဇိမ်ရှိတယ်လို့ ခံစားတတ်ပါတယ်။

White noise

ကြိမ်နှုန်းတသမတ်တည်း ရှိတဲ့အသံတွေကို white noise လို့ခေါ်ပါတယ်။ ဥပမာ လေမှုတ်စက်လို၊ ဆံပင်ခြောက်ခံစက်လိုပေါ့။ ထူးဆန်းသလို ဖြစ်နေပေမယ့် ဒီအသံလေးတွေဟာ ကလေးတွေကိုပျော်စေနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဗိုက်ထဲမှာရှိနေစဉ်အခါတုန်းက ကြားဖူးတဲ့ မိခင်နှလုံးခုန်သံတို့ အခြားအသံတို့နှင့်ခပ်ဆင်ဆင်တူနေလို့ဖြစ်နိုင်ပါ တယ်။

လေကောင်း လေသန့်

သန့်ရှင်းတဲ့လေရှူ ခြင်း ။ ။ သူမြင်နေကျမြင်ကွင်းကို ပြောင်းလဲပေးလိုက်တာက အငိုတိတ်စေတယ်။ ကံကောင်းရင် ချက်ချင်းတောင် အဆင်ပြေသွားနိုင်တယ်။ အဲဒီလိုတိတ်သွားရင် ဘေးပတ်ဝန်းကျင် ကောင်းကင်ပြင်ကိုပဲဖြစ်ဖြစ် ကြည့်လိုက် ၊ ကလေးကိုစကားတွေပြောပေးလိုက်နဲ့ သူ့ပတ်ဝန်းကျင်အကြောင်းကိုပြောပြနိုင်သေးတယ်

ပွေ့ပိုက်ခြင်း ၊အနှီးနဲ့ထုပ်ခြင်း

သူတို့ဗိုက်ထဲမှာ နေခဲ့သလိုမျိုး ခပ်ဆင်ဆင်တူတဲ့ခံစားချက်တွေက ကလေးတွေစိတ်ကို ပြေလျော့စေပါတယ်။ တကယ်လို့သင့်ကလေးက နွေးနွေးထွေးထွေးနဲ့ လုံခြုံတာကိုကြိုက်တယ်ဆိုရင် သူတို့ကိုစောင်နဲ့ရစ်ပတ်လိုက်တာပဲဖြစ်ဖြစ် ပွေ့ပိုက်ထားတာပဲဖြစ်ဖြစ်လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် အချို့ကလေးတွေက ဒါမျိုးကိုတင်းကျပ်တယ်ခံစားရပြီး ပိုငိုတတ်ကြပါတယ်။

လှုပ်သိပ်ပေးခြင်း

ကလေးကိုသိပ်သလိုမျိုး ရှေ့နောက်လွှဲပေးတာကလည်း ငိုတာကိုတိတ်အောင် လုပ်ပေးနိုင်ပါတယ်။ လှုပ်ကုလားထိုင်၊ ပုခက် ၊ ထိုင်ခုံအိလေးတွေဖြစ်ဖြစ် ကလေးကစားစရာကားပေါ်ဖြစ်ဖြစ် တင်ပေးနိုင်ပါတယ်။(သတိထားပါ အရမ်းလှုပ်ရှားမှုတုန်ခါမှုတွေက ပြုတ်ကျတာတွေဖြစ်လာနိင်တယ်)

ကလေးငိုနေချိန်မှာ သင်ဘယ်လို စိတ်အေးအေးထားမလဲ

နားလိုက်ဖို့နည်းလမ်းတစ်ခုခုရှာပါ။ ကလေးအငိုတိတ်အောင်လုပ်တာဟာ အရမ်းပင်ပန်းပါတယ်။ တကယ်လို့အငိုမတိတ်ပဲ ဆက်ငိုနေမယ်ဆိုရင် သင်အချိန်ခဏယူပြီးနားလိုက်ပါ။ ကလေးကိုချထားပြီး နောက်ဆုတ်ပြီး ၁ ကနေ ၁၀ ထိဖြစ်ဖြစ်ရေလိုက်ပါ။ ဒါမှမဟုတ် အပြင်ထွက်ပြီးအသက်ဝဝရှူ လိုက်ပါ။ ဒါဟာ သင့်ကိုစိတ်ပြန်ကြည်လင်လာအောင် လုပ်ပေးနိုင်ပါတယ်။

စာပိုဒ်တစ်ခုခုရွတ်နေပါ

ဂါထာရွတ်ခြင်း ဆိုတာအသံစာလုံး စာပိုဒ်တစ်ခုခုကို ထပ်တလဲလဲရွတ်နေတာကိုခေါ်ပါတယ်။ ဒီလိုနည်းနဲ့ စိတ်စွမ်းအားတက်လာစေနိုင်တယ်။ ကလေးငိုနေတဲ့အခါ ဒီလိုဂါထာရွတ်နေတာက အကောင်းမြင်စိတ် ညင်သာမှုနဲ့ အားအင်ထွက်လာစေနိုင်တယ်။ ဥပမာ အသက်ရှူ ခြင်း ၊ ငါလုပ်နိုင်တယ် ကောင်းသွားမှာ လို့ပြောခြင်း စသဖြင့်ပေါ့။

သတိထားပါ။ သင့်ကလေးတွေမှာလည်းခံစားချက်တွေရှိပါတယ်

သင့်လိုပဲ တကယ်တော့ကလေးတွေဟာလည်း ပျော်တတ် ဝမ်းနည်းတတ် ဒေါသထွက်တတ်ပါတယ်။ သင်မသက်မသာဖြစ်နေတာကိုလည်း သိနိုင်ပြီး ခံစားတတ်ပါတယ်။ သင်ဆိုရင်ရော သင့်မိဘတွေ ဂရုမစိုက်တာခံရတဲ့အခါ ဘယ်လိုခံစားရမလဲ။ အဲ့ဒီတော့ ကလေးတွေကို ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိသူတွေလို့ တွေးလိုက်ပါ။ အဲ့ဒါက သူတို့တွေ ငိုတဲ့အခါ ကိုယ်ကပိုနားလည်လာနိုင်ပြီး ပိုကောင်းအောင်တုံ့ပြန်နိုင်စေပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Phyo Wai Yan မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/08/2022 ဖြစ်ပါသည်။