brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးကို ပေါင်ဒါလိမ်းပေးတာ စိတ်ချရရဲ့လား

ဘေဘီလေးကို ချီလိုက်သူတိုင်းကမွှေးနေတာပဲလို့ ချီးမွှမ်းခံရတာကို သဘောကျလို့ ကလေးကိုရေချိုးပြီးတိုင်း ပေါင်ဒါလူးပေးတယ်။ ရှူးရှူးပေါက်လို့ သန့်ရှင်းရေးလုပ်ပြီးတိုင်း အင်းအင်းပါလို့ သန့်ရှင်းရေးလုပ်ပေးပြီးတိုင်း ပေါင်ဒါရိုက်ပေးနေမိပြီလား။ မွှေးနေတာကောင်းပေမယ့် ပေါင်ဒါအရမ်းအများကြီး သုံးတာက ဘေဘီပိစိလေးအတွက် စိတ်ချရရဲ့လား။

ကလေးကို ပေါင်ဒါလိမ်းပေးတာ စိတ်ချရရဲ့လား

ပေါင်ဒါဆိုတာ

ပေါင်ဒါဆိုတာက သဘာဝကရတဲ့ အမွှေးနံ့သာပစ္စည်းတွေကို အသုံးပြုပြီးလုပ်ထားတဲ့ အမှုန်သေးသေးလေးတွေပါ။ ကလေးပေါင်ဒါမှုန့်လေးတွေက ဓာတုပစ္စည်းပါဝင်မှုမရှိတာကြောင့် ကလေးအသားအရေကို ထိခိုက်တာမျိုးဖြစ်မှာကိုတော့ စိုးရိမ်စရာမရှိပေမယ့်သေးငယ်တဲ့ အမှုန်လေးတွေက ကလေး အသက်ရှူစနစ်အတွက်တော့ အန္တရာယ်ရှိနိုင်ပါတယ်နော်။

ပေါင်ဒါမှုန့်ကြောင့်ဘေဘီလေးမှာ ဘာတွေများထိခိုက်သွားနိုင်လဲ

လေထဲမှာ အလွယ်တကူ ပြန့်လွင့်လွယ်တဲ့ပေါင်ဒါမှုန့်လေးတွေက ကလေးကိုမွှေးစေတာမှန်ပေမယ့် အခုလိုမျိုး ထိခိုက်တာတွေတော့ဖြစ်စေနိုင်ပါတယ်။

အဆုတ်ထိခိုက်စေနိုင်တယ်

ပေါင်ဒါလူးပေးချိန်မှာ ပေါင်ဒါမှုန့်လေးတွေက ကလေးရဲ့ နှာခေါင်းကနေတဆင့် အသက်ရှူလမ်းကြောင်းထဲကိုရောက်သွားပြီး ဖွံ့ဖြိုးဆဲ ကလေးအဆုတ်ထဲက နုနယ်လှတဲ့လေအိတ်လေးတွေကို ထိခိုက်စေနိုင်ပါတယ်။ အဆိုးဆုံးအခြေအနေနဲ့တော့ ကလေးကို အသက်ရှူရခက်စေပြီး အရမ်းပြင်းထန်ရင်သေဆု့းတဲ့ အထိဖြစ်စေနိုင်တာပါ။

အသက်ရှူလမ်းကြောင်းပြဿနာတွေ ခံစားရစေနိုင်တယ်

ကလေးကို ပေါင်ဒါလူးပေးတာက ကလေးကိုပေါင်ဒါတွေကို ရှူရှိုက်မိနိုင်ခြေပိုများစေနိုင်ပါတယ်။ ဒီလိုရှူရှိုက်မိတာက အဆုတ်ကို ထိခိုက်စေတယ်ဆိုတာတော့ အပေါ်မှာလည်းပြောပြီးသားပါနော်။ ဒါပေမယ့် ထပ်ပြောပြချင်တာက ကလေးကပေါင်ဒါမှုန့်တွေကို ရှူရှိုက်လိုက်တဲ့အခါ ချောင်းဆိုးမယ်။ အသက်ရှူကြပ်မယ်၊ ကြက်ညှာချောင်းဆိုးဖြစ်မယ်စတဲ့ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ကလေးကထိခိုက်လွယ်မယ်ဆိုရင် ပန်းနာရင်ကြပ်ရောဂါဖြစ်တာမျိုးအထိဖြစ်စေနိုင်ပါတယ်။

အသားအရေ ဓာတ်မတည့်တာမျိုးဖြစ်နိုင်ပါတယ်

ဓာတုပစ္စည်းမပါဘူးဆိုပေမယ့် ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင် ဘေဘီလေးတွေကတော့ ဓာတ်မတည့်တာမျိုးတွေခံစားရနိုင်ပါတယ်နော်။ အသားအရေမှာ နီမြန်းရောင်ရမ်းတာမျိုးဖြစ်မယ်ဆိုရင်တော့ ကလေးကိုပေါင်ဒါဆက်မလူးပေးပါနဲ့တော့။

ကင်ဆာဖြစ်စေနိုင်တယ်

ဒီအချက်က ဘေဘီမီးမီးလေးတွေအတွက်ပါနော်။ ရှူးရှူးပေါက်၊ အင်းအင်းပါပြီးတဲ့အခါ သန့်ရှင်းရေးလုပ်ပေးပြီး ပေါင်ဒါရိုက်ပေးတာက ကလေးဆီးလမ်းကြောင်းထဲကိုပေါင်ဒါမှုန့်တွေရောက်ရှိသွားပြီး အချိန်ကြာမြင့်လာတဲ့အခါ သားဥအိမ်ကိုထိခိုက်တာမျိုး မျိုးပွားလမ်းကြောင်းကို ထိခိုက်တာမျိုးဖြစ်စေပြီး အရွယ်ရလာတဲ့ အခါ သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေကိုမြင့်တက်စေနိုင်ပါတယ်။ လေ့လာမှုတွေလုပ်ဖို့ လိုသေးတယ်ဆိုပေမယ့် သတိထားတာကတော့ အကောင်းဆုံးဖြစ်မှာပါနော်။

ဘေဘီလေးကို အန္တရာယ်ကင်းကင်းနဲ့ ဘယ်လိုပေါင်ဒါလူးပေးမလဲ

အကောင်းဆုံးကတော့ မလိုအပ်ဘူးဆိုရင် ကလေးကိုပေါင်ဒါမလူးပေးဖို့ပါ။ ကလေးကိုမွှေးစေချင်တယ်ဆိုရင် baby lotionလေး လူးပေးပါနော်။ သမီးမိန်းကလေးမွေးထားတာဆိုရင်တော့ ပိုသတိထားဖို့လိုပါမယ်။ ပေါင်ဒါသုံးမယ်ဆိုလည်း ဆေးဝါးထောက်ခံချက်ရှိပြီး ကလေးအတွက် သီးသန့်ထုတ်ထားတဲ့ ပေါင်ဒါကိုပဲ သုံးပါ။

ကလေးကို ပေါင်ဒါလူးပေးတော့မယ်ဆိုရင် လက်ဖဝါးထဲကို အရင်ထည့်ပြီးမှာ ကလေးကို နောက်လက်တစ်ဖက်နဲ့နည်းနည်းချင်စီယူလူးပေးပါ။ နှာခေါင်းနားမှာ ပေါင်ဒါမှုန့်ကိုထည့်တာမျိုး မလုပ်မိဖို့ သတိထားပေးပါ။ မျက်လုံးနားမှာလည်း မလုပ်မိပါစေနဲ့။ နောက်ဆုံးတစ်ချက်က ဘေဘီမီးမီးလေးတွေရဲ့ မိန်းမကိုယ်ကိုပေါင်ဒါမှုန့်ထည့်ပေးတာမျိုး မလုပ်ပါနဲ့။ ကလေးကိုပေါင်ဒါထည့်ပေးတဲ့အခါ လည်ပင်း၊ခြေထောက်၊ချိုင်းကြားနဲ့ ခန္ဓာကိုယ်တို့မှာသာလူးပေးပါနော်။ မျက်နှာကို ပေါင်ဒါလူးပေးတာမျိုး မလုပ်ပါနဲ့။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/08/2022 ဖြစ်ပါသည်။