ကလေးငယ်လေးတွေကို ငယ်စဉ်ကတည်းကခေါင်းအစခြေအဆုံးဂရုစိုက်ပေးဖို့က မိဘတွေရဲ့တာဝန်ပါ။ မိဘတွေအနေနဲ့ ကလေးငယ်စဉ်ကတည်းက အသားအရေအမျိုးအစားပေါ်လိုက်ပြီး အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေလည်းရွေးချယ်ပေးရသလို ဆံသားအမျိုးအစားကိုကြည့်ပြီးတော့ ခေါင်းလျှော်ရည်၊ conditionerတွေကိုလည်းရွေးချယ်ပေးရပါသေးတယ်။ ကလေးတစ်ယောက်မှာ ကျန်းမာသန်စွမ်းတဲ့ ဆံသားပိုင်ဆိုင်ဖို့ဆိုရင် ငယ်စဉ်ကတည်းက ဂရုစိုက်ပေးဖို့လိုပါမယ်။ အခုတစ်ခေါက်မှာတော့ ကလေးငယ်ရဲ့ဆံသားတွေကို ဘယ်လိုထိန်းသိမ်းပေးရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။
ကလေးဆံသားအမျိုးအစားခွဲခြားမယ်
ကလေးငယ်လေးတွေမှာလည်း ဆံသားအမျိုးအစားက အမျိုးမျိုးရှိပါတယ်။ ဆံသားထိန်းသိမ်းမှုမလုပ်ခင် အရင်ဆုံးသိထားဖို့လိုမှာက ကိုယ့်ရင်သွေးရဲ့ ဆံသားအမျိုးအစားကိုပါ။ ကလေးငယ်က –
- ဖြောင့်စင်းတဲ့ ဆံသားပိုင်ရှင်
- လှိုင်းတွန့်ပါတဲ့ ဆံသားပိုင်ရှင်
- အဆီပြန်တဲ့ဆံသားပိုင်ရှင်
- ခြောက်သွေ့တဲ့ဆံသားပိုင်ရှင်လားဆိုတာကိုသေချာခွဲခြားရပါမယ်။
ကလေးတွေကို တစ်ပတ် ဘယ်နှကြိမ်လောက်ခေါင်းလျှော်ပေးသင့်လဲ
ကလေးငယ်လေးတွေက လူကြီးတွေလောက်လှုပ်ရှားရတာမျိုးမရှိတာကြောင့် ခဏခဏခေါင်းလျှော်ပေးတာမျိုး မလုပ်လည်းရပါတယ်။ ဒါပေမယ့် တစ်ကိုယ်ရည်သန့်ရှင်းမှုက ကျန်းမာရေးအတွက်အရေးပါတာကြောင့် ကလေးတွေကိုခေါင်းလျှော်တာကတော့ လုပ်ပေးဖို့လိုပါတယ်။
- လမ်းလျှောက်တတ်စကလေးတွေဆိုရင်တော့ တစ်ပတ်ကို ၃ ကြိမ်လောက်
- ဆံပင်ဖြောင့်ပြီးအဆီပြန်တတ်တယ်ဆိုရင်တော့ တစ်နေ့ကို တစ်ကြိမ်ခန့်
- ဆံပင်ဖြောင့်ပြီး အဆီမပြန်ဘူးဆိုရင်တော့ တစ်ပတ်ကို တစ်ကြိမ်ကနေ နှစ်ကြိမ်လောက်
- ဆံပင်ကကောက်ပြီး ဆံသားခြောက်တယ်ဆိုရင်တော့ ၇ ရက်တစ်ကြိမ် ဒါမှမဟုတ် တစ်ပတ်တစ်ကြိမ်ခေါင်းလျှော်ပေးရင်ရပါတယ်။
ခေါင်းလျှော်ပေးတဲ့အခါခေါင်းကိုရေနဲ့ သေချာဆေးချပေးသင့်ပါတယ်။ခေါင်းလျှော်ပြီးတိုင်း ကလေးဆံပင်တွေကိုသေချာရေစင်အောင်သုတ်ပေးဖို့လည်းမမေ့ပါနဲ့။ ကလေးကဆံပင်ထူတယ်ဆိုရင် Dryer သုံးပြီး အခြောက်ခံပေးပါ။ ရာသီဥတုအပေါ်လိုက်ပြီးခေါင်းလျှော်ပေးသင့်၊ မလျှော်ပေးသင့်ကို ချင့်ချိန်ဖို့လိုပါမယ်။ အရမ်းအေးရင်တော့ ကလေးငယ်ကို တစ်ပတ်တစ်ကြိမ်လောက်ပဲလျှော်ပေးသင့်ပါတယ်။
ကလေးဆံသားကို Hair Conditioner သုံးပေးဖို့လိုမလား
ကလေးကငယ်သေးတာကြောင့်ခေါင်းလျှော်ပေးရုံနဲ့လုံလောက်ပြီလို့ ယူဆကောင်းယူဆနိုင်ပါတယ်။ ဒါပေမယ့် ဒီယူဆချက်ကမမှန်ဘူးလို့ပြောချင်ပါတယ်။ ကလေးဆံသားကို ကျန်းမာသန်စွမ်းလှပစေချင်တယ်ဆိုရင်တော့ Hair Conditioner သုံးပေးဖို့လိုပါမယ်။ Hair Conditioner က ဆံပင်ကိုတောက်ပြောင်စေပြီး နူးညံ့ချောမွေ့အောင်လုပ်ဆောင်ပေးပါတယ်။ ဆံပင်ကချောမွေ့နေတာကြောင့် ဆံပင်ဖြီးတဲ့အခါ အလွယ်တကူဖြီးသင်ပေးနိုင်ပြီး ဆံပင်ကျွတ်တာ၊ဦးရေပြားနာတာတွေကနေကင်းဝေးစေမှာဖြစ်ပါတယ်။ ရာသီဥတုအခြေအနေကြောင့် ဆံသားပျက်စီးမှုတွေကနေ ကာကွယ်ချင်တယ်ဆိုရင်တော့ Hair Conditioner အသုံးပြုပေးဖို့လိုပါလိမ့်မယ်။ဆောင်းရာသီနဲ့နွေရာသီတို့မှာ Hair Conditoner ကို မဖြစ်မနေ အသုံးပြုပေးသင့်ပါတယ်။
ကလေးအတွက် Hair Conditonerရွေးချယ်မယ်
Hair Conditoner ကို အဓိကအားဖြင့်ကတော့ ကလေးရဲ့ဆံသားအမျိုးအစားပေါ်မှာ မူတည်ပြီးရွေးချယ်ရတာဖြစ်ပါတယ်။ Hair Conditoner တွေမှာ –
- Leave-in conditioner
- deep conditioner နဲ့
- instant conditioners ဆိုပြီး ၃ မျိုးရှိပါတယ်။
ဆံသားအရမ်းခြောက်တဲ့ကလေးငယ်တွေအတွက်ကတော့deep conditioner ကအကောင်းဆုံးပါ။ Hair Conditioner သုံးတဲ့အခါ မဖြစ်မနေလိုက်နာသင့်တဲ့အချက်က ဗူးပေါ်မှာရေးထားတဲ့ အသုံးပြုနည်းကိုလိုက်နာဖို့ပါ။
ဆံပင်ကောက်ပြီး ဆံပင်ထူတဲ့ကလေးငယ်တွေအတွက်တော့Leave-in conditioners ကအဆင်ပြေပါတယ်။Leave-in conditioners သုံးပေးမယ်ဆိုရင် ကလေးဆံပင်ကိုဖြီးသင်ပေးရတာ လွယ်ကူမှာလည်းဖြစ်ပါတယ်။ ဆံပင်ကိုလိုအပ်တဲ့ အာဟာရဓါတ်တွေလည်းပြည့်ဝစေမှာဖြစ်ပါတယ်။ ဒီ hair conditoner အမျိုးအစားက ဆံသားကို အစိုဓါတ်လည်းထိန်းပေးမှာဖြစ်ပါတယ်။
ကလေးကိုဆံသားပျော့ပျောင်ပြီးတောက်ပြောင်စေချင်တယ်ဆိုရင်တော့ Instant Conditioners ကိုအသုံးပြုဖို့လိုပါမယ်။ ဒီ hair conditioner က ဆံပင်ကိုလိုအပ်တဲ့ အာဟာရဓါတ်တွေပြည့်ဝအောင်လုပ်ဆောင်ပေးပါတယ်။
တစ်ခုသတိထားရမှာကခေါင်းကိုစင်အောင်လျှော်ပေးပြီးမှာ ကလေးကို Hair Conditioner သုံးပေးဖို့ပါ။
ကလေးဆံသားကိုကျန်းမာသန်စွမ်းအောင် အုန်းဆီလိုမျိုး အဆီတစ်မျိုးမျိုးကိုလူပေးပြီး ဦးရေပြားကိုနှိပ်နယ်ပေးလို့လည်းရပါတယ်။ခေါင်းကိုဆီလိမ်းနှိပ်နယ်ပေးပြီးတဲ့အခါ ကလေးကို မိနစ် ၂၀လောက် တဘက်လေးနဲ့ခေါင်းပေါင်းထားပေးပါ။ပြီးရင်ရေနဲ့စင်အောင်ဆေးချပေးလိုက်ပါ။
ကလေးကို Hair Conditioner ဘယ်လိုသုံးပေးမလဲ
- ကလေးကိုခေါင်းအရင်လျှော်ပေးရပါမယ်။
- Hair Conditioner မသုံးခင်မှာ ဆံပင်ကရေတွေကို အရင်ညှစ်ချရပါမယ်။
- ဆံပင်ကို နည်းနည်းချင်းစီခွဲပြီး ဆံပင်တစ်လွှာချင်းစီကို Hair Conditioner ကိုနှံ့အောင် လိမ်းပေးပါ။
- ဆံပင်ကို Hair Conditioner သုံးပေးပြီးတဲ့အခါ ကလေးရဲ့ ဆံသားကို ဘီးကျဲ ဒါမှမဟုတ် လက်ချောင်းလေးတွေကို သုံးပြီး ဆံပင်ကိုလှန်ဖြီးပေးပါ။
- ဦးရေပြားကိုတော့ Hair Conditioner လူးပေးဖို့မလိုပါဘူး။
- ပြီးရင်ရေစင်အောင်ဆေးချပေးရပါမယ်။
- ခေါင်းထပ်လျှော်ဖို့ မလိုပါဘူး။
ဆံသားထူတဲ့ ကလေးတွေအတွက်ကတော့ Hair Conditioner မဖြစ်မနေသုံးပေးဖို့လိုပါမယ်။ ဆံပင်အမျိုးအစားပေါ်ကိုလိုက်ပြီးတော့ Hair Conditioner ကိုရွေးချယ်ဖို့တော့သတိရပါ။ ကျန်းမာသန်စွမ်းတဲ့ ဆံသားပိုင်ရှင် သားသားမီးမီးလေးတွေ ဖြစ်ကြပါစေကြောင်း
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။