ဘေဘီလေးကနေ အရွယ်ရောက်လာအောင် မွေးမြူရတာက သိပ်တော့လွယ်လှတယ်မဟုတ်ပါဘူး။ ကိုယ့်ဘဝထဲကို ဘေဘီလေးတစ်ယောက်ရောက်ရှိလာချိန်မှာ မိဘဆိုတဲ့ စိတ်အတိုင်းအကောင်းဆုံးတွေကိုပဲ ပေးချင်တဲ့ စိတ်ကူးရှိနေမှာပါ။ ဒီလိုအကောင်းဆုံးတွေကိုပဲ ပေးတဲ့ထဲမှာ အစာအာဟာရတင်မဟုတ်ဘဲ အသုံးအဆောင်တွေပါ ပါနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ကိုယ်တိုင်ဂရုမစိုက်နိုင်သေးတဲ့ ဘေဘီလေးအတွက် Diaper(သေးခံ) ကိုရွေးချယ်တဲ့အခါ သတိထားသင့်တဲ့ အချက်အချို့အကြောင်းပြောပြပေးချင်ပါတယ်။
ဘေဘီလေးအတွက် Diaper ရွေးတဲ့အခါ
ဘေဘီလေးအတွက် Diaperရွေးတော့မယ်ဆိုရင် ဒီအချက်လေးတွေကို ထည့်သွင်းစဉ်းစားဖို့လိုပါမယ်။
ဘေဘီလေးက အရမ်းနုနယ်သေးတာကြောင့် အရည်အသွေးကောင်းတဲ့အရာမျိုးကို သာအဓိကထားသင့်ပါတယ်။ အကြောင်းကတော့ အရည်အသွေးမပြည့်ဝတဲ့ ပစ္စည်းတွေကြောင့်ဘေဘီလေးကို ထိခိုက်တာမျိုးမဖြစ်စေဖို့ပါ။
အရွယ်အစား
ဘေဘီလေးအတွက်Diaperမှာ Size အမျိုးမျိုးရှိနေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးအတွက် Diaper ရွေးချယ်တဲ့အခါ အသက်အရွယ်၊ ဘေဘီလေးရဲ့ ကိုယ်အလေးချိန်နဲ့သင့်တော်မယ့် Diaper မျိုးကိုရွေးစေချင်ပါတယ်။
ဝတ်ပေးရတာ အဆင်ပြေ၊ မပြေ
အလုပ်တာဝန်တွေများလွန်းတာကြောင့်ဘေဘီလေးလည်း အဆင်ပြေမေမေဖေဖေတို့လည်း အလုပ်ရှုပ်သက်သာစေဖို့ရွေးချယ်တဲ့ Baby Diaper က အလုပ်မပိုစေဖို့တော့လိုမှာပါ။ ဒါကြောင့် Diaper ရွေးချယ်တဲ့အခါ ဝတ်ဆင်ပေးရတာ အဆင်ပြေတဲ့ Diaper မျိုးကိုရွေးချယ်ပေးပါ။
ကလေးအသားကို မထိခိုက်စေတာမျိုး
အချို့သော Baby Diaperတွေမှာ ပါဝင်နေတဲ့ ဓာတုပစ္စည်းတွေကဘေဘီလေးရဲ့ အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို Diaper ဝတ်ပေးပြီး လဲပေးတဲ့အခါတိုင်း တင်ပါးလေးတွေမှာ အနီရောင်အဖုအပိမ့်လေးတွေထနေလား၊ ပုံမှန်မဟုတ်တဲ့ အသားအရေပြဿနာတစ်ခုခုရှိနေလားဆိုတာကို ဆန်းစစ်ပါ။
ကလေးရဲ့ အသက်အရွယ်
ဘေဘီလေးအတွက်Diaperဝယ်တဲ့အခါ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တစ်ခုပါ။ ကလေးကိုမွေးစအရွယ်မှာ ဝတ်ပေးတဲ့ Diaper ကို အသက်ကြီးတဲ့အထိ ဝတ်ပေးဖို့က မဖြစ်နိုင်ပါဘူး။ ဒါကြောင့်ဘေဘီလေးရဲ့ အသက်အရွယ်ကို လိုက်ပြီး သင့်တော်မယ့်သေးခံကိုရွေးချယ်ပေးဖို့ လိုအပ်ပါမယ်။
ဘေဘီလေးအတွက် သက်သောင့်သက်သာဖြစ်ရဲ့လား
အဆင်ပြေစေဖို့ ရွေးချယ်ပေးတဲ့ဘေဘီလေးရဲ့ သေးခံက သူတို့လေးတွေအတွက် သက်သောင့်သက်သာဖြစ်ဖို့လိုပါတယ်။ ဒါကြောင့် အရမ်းကျပ်နေတာမျိုးမဖြစ်သင့်သလို အရမ်းချောင်နေတာမျိုးလည်း မဖြစ်သင့်ပါဘူး။ဘေဘီလေးလှုပ်ရှားမှုတိုင်းအတွက် အဆင်ပြေနေတာမျိုးဖြစ်ဖို့ သတိထားပေးဖို့လိုပါမယ်။
လေဝင်လေထွက်ကောင်းရဲ့လား
ဒါကလည်း မဖြစ်မနေထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခုပေါ့။ ဘေဘီလေးသေးခံလောင်တာကြောင့် အရေပြားပွန်းတာ၊ လောင်တာမျိုးမဖြစ်စေဖို့အတွက်လေဝင်လေထွက်ကောင်းတာမျိုးကို သတိထားရွေးချယ်ပေးဖို့လိုပါမယ်။ ဒါမှ မလိုအပ်ဘဲ ပိုးတွေပေါက်ဖွားမှုကနေ ကာကွယ်နိုင်မှာပါ။
အနံ့မပါတာ
ဘေဘီလေးအတွက် Diaperရွေးချယ်တဲ့အခါ အမွှေးနံ့တွေမပါတာမျိုးကို သတိထားရွေးစေချင်ပါတယ်။ အမွှေးနံ့ပါတဲ့သေးခံတွေက ဓာတုပစ္စည်းပါဝင်နိုင်ခြေပိုများနေသလိုဘေဘီလေးကို ဓာတ်မတည့်ဖြစ်စေနိုင်ခြေလည်းတော်တော်လေးများနေတာပါ။ ဒါကြောင့် အနံ့မပါတာမျိုးကိုပဲ အဓိကထားရွေးစေချင်ပါတယ်။
အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ
ဘေဘီလေးအတွက် Diaperရွေးချယ်တဲ့အခါ အသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေနိုင်သလိုဟော်မုန်းပြဿနာတွေနဲ့ ဓါတုပစ္စည်းလောင်တာမျိုးကိုဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေဖြစ်ကြတဲ့Dioxin နဲ့ sodium polyacrylate တို့ပါဝင်နေလားဆိုတာကို သေချာလေးစစ်ဆေးကြည့်စေချင်ပါတယ်။ ဒီပစ္စည်းတွေ ပါဝင်နေမယ်ဆိုရင် ဘေဘီလေးကို ထိခိုက်စေနိုင်တာကြောင့်ပါ။