ဘေဘီလေးကို အငိုတိတ်စေဖို့ ချော့မြူဖို့ ဆိုပြီး ချိုလိမ်လေးတွေကို မေမေဖေဖေတို့ တော်တော်များများ အသုံးပြုလေ့ ရှိကြပါတယ်။ ဒီ ချိုလိမ် အသုံးပြုတာက လူတိုင်း သုံးလို့သာ သုံးလိုက်တယ်။ ကောင်းလား ဆိုးလားလည်း မသိပါဘူး။ ကလေးကိုရော ထိခိုက်စေမလား ဆိုပြီး စိုးရိမ်နေတဲ့ မေမေတွေအတွက် ဒီဆောင်းပါးလေး ကနေ ပြောပြပေးပါရစေ။
ဘေဘီလေးအတွက် ချိုလိမ်ရဲ့ ကောင်းကျိုး
ဘေဘီလေးတွေအတွက် ချိုလိမ် ပေးသုံးတာက
ကလေးကို အငိုတိတ်စေတယ် – ဘေဘီလေးတွေဟာ ချိုလိမ် ဒါမှမဟုတ် မေမေ့နို့၊ နို့ဘူးတွေကို စို့ရချိန်က သူတို့ရဲ့ အပျော်ဆုံး အချိန်ပါ။
ကလေးကို အာရုံပြောင်း ပေးနိုင်တယ် – ကလေးကို ကာကွယ်ဆေး ထိုးတာ၊ သွေးဖောက် စစ်ဆေးတဲ့အခါ နာကျင်မှုကို အာရုံ မရောက်စေဖို့ ချိုလိမ်လေးကို အသုံးပြုပေးလို့ ရပါတယ်။
ကလေးကို အိပ်ပျော်စေတယ် – ကလေးကို နှစ်နှစ်ခြိုက်ခြိုက် အိပ်စေချင်တယ် ဆိုရင် ချိုလိမ်ကို အသုံးပြုပေးလို့ ရပါတယ်။
ကလေးကို မအီမသာ ဖြစ်တာ သက်သာစေတယ် – ကလေးက ကားစီးရင်း ကားမူးတာကို သက်သာစေဖို့လည်း ချိုလိမ်လေးကို အသုံးပြုပေးလို့ ရပါတယ်။
မွေးကင်းစကလေးငယ် ရုတ်တရက် သေဆုံးမှု မဖြစ်အောင် ကာကွယ်ပေးတယ် – အိပ်ချိန်မှာ ဘေဘီလေးကို ချိုလိမ် ပေးစို့ထားတာက ဘေဘီလေးမှာ ရုတ်တရက် သေဆုံးမှု ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
ချိုလိမ်ပေးမစို့ခင် သတိထားဖို့ လိုမှာလေးတွေ
ချိုလိမ်ကို ကလေး အသက် ၁ လကျော်မှ စတင် မိတ်ဆက်ပေးသင့်ပါတယ်။ ဒီလို မိတ်ဆက်ပေးတဲ့အခါမှာလည်း ဒီ အချက်လေးတွေကို သိထားဖို့ လိုပါမယ်။
ကလေးကို အစောကြီး ချိုလိမ်ပေးစို့တာက နို့တိုက်ရခက်စေတယ် – ကလေးကို ချိုလိမ် ပေးစို့တာ၊ နို့ဗူး တိုက်တာတွေက ကလေးကို မိခင်နို့စို့တာမှာ အနှောင့်အယှက် ဖြစ်စေပါတယ်။ ကလေးက မိခင်နို့ မစို့ဘဲ ချိုလိမ်ပဲ စို့ချင်တာ၊ နို့ဘူးပဲ သောက်ချင်တာတွေ ဖြစ်လာနိုင်ပါတယ်။
ကလေးက ချိုလိမ် မပါရင် မအိပ်တာမျိုး ဖြစ်နိုင်ပါတယ် – ကလေးကို ချိုလိမ်က အိပ်ပျော်စေပေမယ့် အမြဲ ချိုလိမ် ပေးသုံးတာက ကလးကို ချိုလိမ်ပေါ်မှာ မှီခိုလွန်းတဲ့ စိတ်ဖြစ်စေပြီး ချိုလိမ် မပါရင် အိပ်မပျော်တာမျိုး ဖြစ်နိုင်ပါတယ်။
အတွင်းနား ပိုးဝင်ကူးစက် ခံရနိုင်တယ် – ချိုလိမ် ပေးစို့တာက ဘေဘီလေးရဲ့ အတွင်းနားကို ပိုးဝင်ကူးစက်တာမျိုး ခံစားရနိုင်ပါတယ်။
သွားပြဿနာ ခံစားရနိုင်တယ် – ချိုလိမ်စို့တာက ဘေဘီလေးကို သွားမညီတာ၊ သွားပေါက် နောက်ကျတာမျိုး သွား နဲ့ ခံတွင်း ပြဿနာတွေ ခံစားရနိုင်ပါတယ်။
ဒါကြောင့် မေမေတို့ ဉာဏ်လေးနဲ့ ယှဉ်ပြီး ဘေဘီလေးကို ချိုလိမ်ပေးသင့် မပေးသင့် စဉ်းစားကြပါလို့။