brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆောင်းရာသီ မှာကလေးငယ်လေးတွေရဲ့ အသားအရေကို မှန်ကန်စွာ ထိန်းသိမ်းစောင့်ရှောက်ကြမယ်

ဆောင်းရာသီ မှာ ရာသီဥတုအေးအေးလေးနဲ့ ပါးနီနီလေးဆိုတော့ လှတယ်နော်။ အနီရောင်လေးဖြန်းနေတဲ့ ပါးအို့နီနီလေးနဲ့ဘေဘီလေးကကိုယ်တွေအမြင်မှာလှပြီး ချစ်ဖို့ကောင်းနေပေမယ့် သူ့ခမျာတော်တော်လေးနေရခက်နေမှာပါ။ ဒါကတော့ဆောင်းရာသီအအေးဒဏ်ကြောင့် အရေပြားခြောက်သွေ့မှုလက္ခဏာတစ်ရပ်ပါ။ဆောင်းရာသီမှာ အရေပြားခြောက်သွေ့မှုက ခန္ဓါကိုယ်အစိတ်အပိုင်းတိုင်းမှာဖြစ်နိုင်ပါတယ်။ လူကြီးတွေမှာလည်းဖြစ်နိုင်သလို ကလေးတွေမှာလည်းဖြစ်နိုင်ပါတယ်။ ကလေးငယ်လေးတွေရဲ့ အရေပြားကပတ်ဝန်းကျင်အခြေအနေကို ခံနိုင်ရည်နည်းလွန်းတာကြောင့်ဆောင်းရာသီအအေးဒဏ်ကြောင့် အရေပြားခြောက်သွေ့မှုရဲ့နောက်ဆက်တွဲပြဿနာတွေ မဖြစ်အောင် မိဘတွေကသေချာဂရုစိုက်ပေးဖို့လိုပါမယ်။

ဆောင်းရာသီ မှာကလေးငယ်လေးတွေရဲ့ အသားအရေကို မှန်ကန်စွာ ထိန်းသိမ်းစောင့်ရှောက်ကြမယ်

ဆောင်းရာသီမှာ အရေပြားကခြောက်သွေ့တာကြောင့် နီမြန်းတာ၊ ယားယံတာ၊ အရေပြားအဖတ်လန်တာမျိုးတွေဖြစ်နိုင်သလို အရေပြားခြောက်သွေ့မှုကြောင့် နှင်းခူဖြစ်တာလိုမျိုး အရေပြားပြဿနာတွေလည်းဖြစ်နိုင်ပါသေးတယ်။ ဒီလိုမျိုး ဘေဘီတွေရော မေမေတွေကိုပါ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အရေပြားပြဿနာကနေ ဘယ်လိုကာကွယ်မလဲဆိုတဲ့မေးစရာရှိလာပါတယ်။

ဆောင်းရာသီမှာဘေဘီလေးတွေရဲ့ အသားအရေကို ဒီနည်းအတိုင်းကာကွယ်ပါ

ကလေးကို လုံခြုံနွေးထွေးအောင်ဝတ်ဆင်ပေးပါ – ရာသီဥတုကအေးတာကြောင့်ရော အသားအရေကိုထိခိုက်တာမျိုးမဖြစ်အောင်ကာကွယ်ဖို့အတွက်ပါဆောင်းရာသီ မှာ ကလေးကို လုံခြုံနွေးထွေးအောင်ဝတ်ဆင်ပေးဖို့လိုပါတယ်။ ဒီလိုဝတ်ဆင်ပေးရာမှာလည်း အရမ်းထူထဲတဲ့ အဝတ်အစားတွေမဝတ်ပေးမိဖို့ သတိပြုပါ။ အရမ်းထူလွန်းတဲ့ အဝတ်အစားတွေက ကလေးကိုချွေးထွက်စေပြီး နူးညံ့တဲ့ အသားအရေကို ထိခိုက်စေနိုင်တာကြောင့်ပါ။ ဒါကြောင့် ကလေးငယ်ကို ချည်သား၊ဖလန်ထည် အင်္ကျီလက်ရှည်ဘောင်းဘီရှည်လေးတွေ ဝတ်ဆင်ပေးပါ။

အစိုဓါတ်ထိန်းခရင်မ်တစ်ခုခုလိမ်းပေးပါ -ဆောင်းရာသီရဲ့ခြောက်သွေ့မှုကို အံတုဖို့အတွက် ကလေးကို အနံ့မပါတဲ့ အစိုဓါတ်ထိန်းခရမ်တစ်ခုခုလိမ်းပေးဖို့သတိရပါ။ တစ်နေ့မှာ အနည်းဆုံး ၃ ကြိမ်လောက်တော့ ကလေးကို အစိုဓါတ်ထိန်းခရင်မ်လူးပေးပါ။ သံလွင်ဆီအုန်းဆီလိုမျိုး သဘာဝအဆီတစ်ခုခုကိုလူးပေးလို့လည်းရပါတယ်။

ရေအကြာကြီးမချိုးပေးပါနဲ့ – ကလေးလေးတွေကရေချိုးရတာကိုကြိုက်တယ်ဆိုပေမယ့်ဆောင်းရာသီလိုအေးတဲ့ရာသီမှာရေအကြာကြီးမချိုးမိဖို့ သတိထားပါ။ ကလေးကိုဘေဘီလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာအပျော့စားလေးကိုသုံးပြီး ၅ မိနစ်လောက်ပဲချိုးပေးလိုက်ပါ။ ကလေးကိုရေချိုးတဲ့အခါ ဆပ်ပြာတုံးထက် ဆပ်ပြာရည်နဲ့ချိုးပေးတာက ပိုထိရောက်ပါတယ်။

နေလောင်ကာခရင်မ်လူးပေးပါ –ဆောင်းရာသီကအေးမြပြီးနေရောင်သိပ်မမြင်ရဘူးဆိုပေမယ့် ကလေးအရေပြားကိုနေရောင်ခြည်နဲ့ထိတွေ့နိုင်ပါတယ်။ ဒါကြောင့်ဆောင်းရာသီ မှာဘေဘီလေးတွေရဲ့အသားအရေထိန်းသိမ်းမှုကိုလုပ်တဲ့အခါနေလောင်ကာခရင်မ်လူးပေးဖို့ မမေ့ပါနဲ့။

ဘေဘီ Lotion၊ဘေဘီ Cream လူးပေးပါ – အခုနောက်ပိုင်းဈေးကွက်ထဲမှာဘေဘီလေးတွေအတွက်မွေးကင်းစကစပြီး လူးနိုင်တဲ့ Baby Lotion နဲ့ Baby Creamတွေတော်တော်များများရှိနေပါပြီ။ ဒါကြောင့်ဘေဘီလေးတွေရဲ့ အသားအရေနဲ့ကိုက်ညီမယ့် Lotion နဲ့ Creamတွေနဲ့သေချာဂရုစိုက်ရွေးချယ်ပြီး ကလေးငယ်ရဲ့ အသားအရေကိုလူးပေးလိုက်ပါ။ Baby Lotion နဲ့ Baby Cream တို့ကို ကလေးငယ်ကိုရေချိုးပေးပြီးတိုင်းလူးပေးမယ်ဆိုရင်ဆောင်းအအေးဒဏ်ကြောင့် အသားအရေခြောက်သွေ့တာကို ကာကွယ်နိုင်မှာဖြစ်သလို အရေပြားခြောက်သွေ့မှုကြောင့်ဖြစ်တဲ့နောက်ဆက်တွဲပြဿနာတွေကိုပါ ကင်းဝေးစေနိုင်မှာပါ။

အသားအရေကို အာဟာရဖြည့်ပေးနိုင်မယ့် Baby Oil –ကလေးငယ်လေးတွေကိုမွေးကင်းစအရွယ်ကနေစပြီး အသားအရေမှာ လိုအပ်တဲ့ အာဟာရဓါတ်တွေပြည့်ဝပြီး ကျန်းမာနေစေဖို့အတွက် Baby Oilလေးကို အသုံးပြုပေးသင့်ပါတယ်။ Baby Oil အသုံးပြုတဲ့အခါ အဆီကို အရေပြားထဲစိမ့်ဝင်သွားအောင်လူးပေးပြီး လက်ချောင်းထိပ်လေးနဲ့ အသာအယာနှိပ်နယ်ပေးလိုက်ပါ။ ဒါမှ အရေပြားက အဆီတွေကို စုပ်ယူနိုင်ပြီး အရေပြားကျန်းမာနေအောင်လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

ရေနွေးနဲ့ရေမချိုးပေးပါနဲ့ –ကလေးလေးတွေရဲ့ အရေပြားက ထိခိုက်တုံ့ပြန်လွယ်တာကြောင့်ဆောင်းရာသီမှာ ပိုမိုခြောက်သွေ့လွယ်ပါတယ်။ မိဘတွေအနေနဲ့ ကဆောင်းရာသီအအေးဒဏ်ကြောင့် ကလေးငယ်ဖျားမှာကို စိုးရိမ်ပြီးရေနွေးနဲ့ရေချိုးပေးတာမျိုးဖြစ်နိုင်ပါတယ်။ဆောင်းရာသီကအေးပေမယ့်ရေနွေးနဲ့ရေမချိုးပေးပါနဲ့။ရေနွေးကပူလေလေ ကလေးအသားအရေကခြောက်သွေ့နိုင်ခြေများလေလေပါ။ ဒါကြောင့် ကလေးကို အရေပြားခြောက်သွေ့အဖတ်လန်တာမျိုးမဖြစ်စေဖို့အတွက်ဆောင်းရာသီလိုမျိုးအေးမြခြောက်သွေ့တဲ့ရာသီမျိုးမှာဘေဘီလေးတွေကိုရေနွေးနဲ့ရေမချိုးပေးပါနဲ့။

ကလေးအခန်းရဲ့လေထုမှာ အစိုဓါတ်ရှိအောင်လုပ်ပေးပါ -အေးမြတဲ့လေထုက အသားအရေကိုခြောက်သွေ့စေတဲ့ အကြောင်းရင်းခံထဲကတစ်ခုပါ။ ဒါကြောင့်နေအိမ်အတွင်းထဲမှာ Humidifierလေးဖွင့်ထားပေးလိုက်ပါ။ အခန်းထဲမှာ အစိုဓါတ်ရှိနေမှုက ကလေးအသားအရေကို စိုပြည်ကျန်းမာစေဖို့ အထောက်အကူပြုပေးနိုင်မှာပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/08/2022 ဖြစ်ပါသည်။