backup og meta

ကလေးမှာ သေးခံလောင်တာ သက်သာစေမယ့် အချက်(၅)ချက်

ကလေးလေးတစ်ယောက် လူ့လောကထဲရောက်လာပြီဆိုရင် သူ့အတွက် ဂရုစိုက်စောင့်ရှောက်ရမယ့် တာဝန်တွေက အများသားရယ်။ သားဦး၊ သမီးဦးဖြစ်နေရင် ပိုဆိုးပါလေရော။ အမေရော၊ အဖေရောက အသစ်စက်စက်မိဘတွေ ဖြစ်နေတော့ ကလေးလေးအတွက် သတိပြုမိရမယ့်အချက်တွေကို လစ်ဟင်းတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ကလေးယူမယ်လို့ ဆုံးဖြတ်ကတည်းက ကိုယ့်မိဘတွေဆီကမေးတာပဲဖြစ်ဖြစ် စာအုပ်တွေဖတ်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တိုးတက်နေတဲ့ခေတ်မှာ လူမှုကွန်ရက်ကနေပဲဖြစ်ဖစ် ကလေးပြုစုစောင့်ရှောက်ရေးအတွက် လေ့လာသင့်တာလေ့လာထားသင့်ပါတယ်။

ကလေးမှာ သေးခံလောင်တာ သက်သာစေမယ့် အချက်(၅)ချက်

ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ပြဿနာတွေထဲသေးခံလောင်တာကလည်း အဖြစ်များဆုံးပါဝင်နေပါတယ်။ ဖေဖေရော မေမေရော အလုပ်အရမ်းရှုပ်ကြတော့ အခုခေတ်မှာ ကလေးသေးခံ (Diaper) ကို မသုံးမဖြစ် သုံးကြရပါတယ်။ ဒီလိုသုံးတဲ့အခါ ကလေးမှာ သေးခံလောင်တာက ကြုံတွေ့ရပါတော့တယ်။ ငယ်ရွယ်လွန်းတဲ့ သားသားမီးမီးလေးတွေရဲ့ အရေပြားနုနုလေးမှာ ဒီဝေဒနာဖြစ်လာရင်သနားစရာကောင်းပါတယ်။

ကိုယ့်ရင်နှစ်သည်းချာလေးရဲ့ ဖြူဖွေးနုဖတ်နေတဲ့အသားအရေလေးမှာ နီနီရဲရဲလောင်ထားတဲ့အရာတွေကို ကြည့်ရတာလောက် စိတ်မချမ်းမသာဖြစ်စေမှာ မရှိလောက်ပါဘူး။ ကလေးကိုရေဆေးပေးတဲ့အချိန်ပဲဖြစ်ဖြစ် သုတ်သင်ပေးတဲ့အချိန်ဖြစ်ဖြစ် ဒီသေးခံလောင်ထားတဲ့အရာတွေကနေ စပ်လို့ ကလေးငယ်ငိုယိုတဲ့အခါ ရင်နဲ့အမျှ မိဘတွေခံစားကြရပါတယ်။

ဒီတော့ မေမေတွေအနေနဲ့ တတ်နိုင်တာက ဒိုင်ပါကိုစနစ်တကျသုံးပါ။ သေးခံလောင်ရင် သက်သာအောင်ဘယ်လိုပြုစုစောင့်ရှောက်ရမလဲဆိုတာ များများလေ့လာပြီး ကြိုတင်ကာကွယ်တာ၊ပြင်ဆင်တာတွေလုပ်ထားဖို့ သင့်ပါတယ်။

ကလေးရဲ့တင်ပါးမှာ အနီကွက်တွေ၊ ပေါင်ခြံတဝိုက်မှာ အနီဖတ်တွေလန်တာလိုမျိုး ဒိုင်ပါဝတ်တဲ့နေရာတဝိုက်တွေ့ရရင်သေးခံလောင်တာပဲဖြစ်ပါတယ်။

သေးခံလောင်ရခြင်းရဲ့အကြောင်းရင်း

ကလေးမှာ သေးခံလောင်ရတဲ့အကြောင်းရင်းက အမျိုးမျိုးရှိနိုင်ပါတယ် –

  • သေးခံအစိုကြီးကို ဒါမှမဟုတ် ပေကျံနေတဲ့သေးခံကို မလဲပေးမိတာအချိန်ကြာသွားတာ
  • ဒိုင်ပါနဲ့ ပွတ်တိုက်မိလို့ ပွန်းတာ
  • မှိုပိုးဝင်တာ
  • ဘက်တီးရီးယားပိုးဝင်တာ
  • ဒိုင်ပါနဲ့ ဓာတ်မတည့်တာ
  • တုံ့ပြန်လွယ်တဲ့ အသားအရေပိုင်ရှင်ဖြစ်နေတာ
  • ဒိုင်ပါ ကျပ်လွန်းတာ စတဲ့အကြောင်းရင်းတွေကြောင့်ဖြစ်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ

ဒိုင်ပါလောင်ခြင်းက နာကျင်ပြီး စပ်ဖျဉ်းဖျဉ်းဖြစ်စေတယ်ဆိုပေမယ့် ကလေးဆိုတော့ အရမ်းတော့ အာရုံမရှိလောက်တဲ့ ဝေဒနာပါ။ တစ်ခုရှိတာက အဲ့ဒီကနေ ပိုးဝင်လာမှာကိုပဲစိုးရိမ်ရပါတယ်။ သေးခံလောင်တဲ့နေရာမှာ ရောဂါပိုးဝင်ပြီဆိုရင်ပြတတ်တဲ့ဒီလက္ခဏာလေးတွေကို သတိထားပါ။ ဒါဆိုရင် ကလေးအထူးကုဆရာဝန်ကိုပြသင့်ပါတယ် –

  • သေးခံဝတ်တဲ့နေရာမှာ ရေကြည်ဖုလေးတွေဖြစ်လာတာ
  • အဖျားရှိလာတာ
  • နီရဲလာတာ
  • ရောင်ရမ်းလာတာ
  • သေးခံဝတ်တဲ့နေရာမှာပြည်တည်လာတာ၊အရည်ထွက်လာတာ

သေးခံလောင်ခြင်းကို သက်သာစေမယ့် အချက် ၅ ချက်

(၁) သေးခံဒိုင်ပါကို မကြာခဏလဲပေးပါ

ကလေးကိုရေသုတ်တဲ့အခါ မပွတ်ဘဲ တို့ပြီးသုတ်ပေးပါ။ ဒိုင်ပါအသစ်လဲတိုင်း ကလေးရဲ့ပေါင်ခြံနဲ့ တင်ပါးတဝိုက်ကို သန့်စင်ခြောက်သွေ့နေပါစေ။ ကလေးက တုံပြန်လွယ်တဲ့အသားအရေရှိနေရင် အဲဒီနေရာတွေကို သန့်ရှင်းပေးတဲ့အခါ ရေလေးဖျန်းပြီး ဂွမ်းလုံးလေးနဲ့တို့သုတ်ပေးပါ။

(၂) အသားအရေချောမွေ့စေမယ့် အဆီတစ်ခုခုလိမ်းပေးပါ

သင့်ကလေးရဲ့ အသားအရေခြောက်သွေ့နေပြီဆိုရင် ဆီးနဲ့ဝမ်းကြောင့် ဒိုင်ပါလောင်တာ မဖြစ်စေဖို့ baby oil တစ်မျိုးမျိုးလိမ်းပေးနိုင်ပါတယ်။ ဒါမှ ကလေးရဲ့အသားအရေမှာ ချောမွေ့စေပြီး သေးခံလောင်ခြင်းကြောင့် ဖြစ်လာတဲ့ဝေဒနာကိုသက်သာစေဖို့ အကာအကွယ်အလွှာတစ်ခုဖြစ်စေမှာပါ။

(၃) ဒိုင်ပါကို အရမ်းမတင်းကျပ်ပါစေနဲ့

ကလေးကို ဒိုင်ပါ ခပ်လျော့လျော့ဝတ်ပေးပါ သို့မဟုတ်လေဝင်လေထွက်ကောင်းစေဖို့ ကလေးနဲ့နည်းနည်းကြီးတဲ့ ဒိုင်ပါအရွယ်အစားကိုရွေးနိုင်ပါတယ်။ ဒိုင်ပါမဝတ်ခင် ဒိုင်ပါဝတ်မယ့်နေရာတဝိုက်မှာ သန့်ရှင်းပြီးခြောက်သွေ့နေဖို့ အရေးကြီးပါတယ်။

(၄) ဒိုင်ပါ မဝတ်ပေးတဲ့အချိန်လည်း ရှိရပါမယ်

လေဝင်လေထွက်ကောင်းခြင်းက သေးခံလောင်တာသက်သာစေဖို့ ခြောက်သွေ့စေတဲ့ အကောင်းဆုံးသဘာဝနည်းလမ်းပါ။ ကလေးမှာ သေးခံလောင်တဲ့နေရာ ဖြစ်လာရင် တခါတလေ ကလေးကို ဒိုင်ပါမဝတ်ဘဲ ဒီအတိုင်းထားပေးပါ။ အိမ်ထဲမှာ သန့်ရှင်းထားတဲ့ကြမ်းပေါ်ခဏထားပေးပါ။

(၅) ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးဆေးပါပဲ

ဒီလိုလောင်တာမျိုးမဖြစ်ရအောင် ကြိုတင်သတိထားကာကွယ်တာ အကောင်းဆုံးပါပဲ။ သားသားမီးမီးလေးတွေဝေဒနာမခံစားရတော့ဘူးပေါ့။ သေးခံဒိုင်ပါဝတ်ပေးမယ်ဆိုရင် ဒိုင်ပါအောက်ကအသားအရေမှာ လေဝင်လေထွက်ရှိဖို့သတိထားရမှာဖြစ်သလို အရည်အသွေးကောင်းပြီး စိတ်ချရတဲ့ ဒိုင်ပါအမှတ်တံဆိပ်ကို ဝယ်သုံးဖို့လည်းအရေးကြီးတယ်ဆိုတာ မမေ့ပါနဲ့။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.webmd.com/a-to-z-guides/diaper-rash-treatment#2

https://www.healthline.com/health/home-remedies-diaper-rash#3

https://www.healthyessentials.com/baby-child-solutions/5-tips-to-treat-and-prevent-diaper-rash

ယခုပုံစံ

28/10/2021

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ကလေးကို ဘာ့ကြောင့် moisturizer လူးပေးသင့်တာလဲ

ကလေးအရေပြားကို ထိန်းသိမ်းဖို့ဘာကြောင့်အရေးကြီးတာလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 28/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ