backup og meta

ဘေဘီလေးတွေမှာဖြစ်တဲ့ နှာစေးနှာပိတ် သက်သာစေဖို့

ဘေဘီလေးတွေမှာဖြစ်တဲ့ နှာစေးနှာပိတ် သက်သာစေဖို့

ကလေးက ဂျီကျနေတယ်။ အသက်ရှူသံလည်း ပြင်းလို့၊ ဘာကျွေးကျွေးမစားဘူးပဲ လုပ်နေပြီလား။ ဒါဆိုရင်တော့ မိဘတွေအနေနဲ့ တွေးစရာတစ်ခုရှိတာက ဘေဘီလေးက နှာစေးနှာပိတ်များ ဖြစ်နေလားဆိုတာပါနော်။ အခုတစ်ခေါက်တော့ ဘေဘီလေးတွေမှာဖြစ်တဲ့ နှာစေးနှာပိတ် သက်သာအောင် လုပ်ပေးရမလဲဆိုတဲ့ အကြောင်းလေးတွေပါနော်။ နှာစေးတာ၊ နှာခေါင်းပိတ်တာက လူကြီးတွေမှာတောင် တော်တော်လေး နေရခက်ပါတယ်နော်။ ဘာမှတောင် မပြောနိုင်သေးတဲ့ ကလေးလေးတွေမှာဆို ဘယ်လောက်များ ခံရခက်လိုက်မလဲ။

ဘေဘီလေးတွေမှာဖြစ်တဲ့ နှာစေးနှာပိတ်ခြင်း

နှာစေးနှာပိတ်တယ်ဆိုတာ နှာခေါင်းနဲ့ လေပြွန်ထဲမှာ အရည်တွေ (ချွဲတွေ) များပြားစုပုံနေတဲ့ အခြေအနေတစ်ရပ်ပါ။ ပြင်ပအရာတစ်ခုခု နှာခေါင်းတွင်း ဝင်ရောက်တဲ့အခါမှာလည်း ဒီလိုမျိုး တုံ့ပြန်နိုင်ပါတယ်။ ဓာတ်မတည့်တဲ့အရာတွေ၊ ဗိုင်းရပ်စ်တွေကို တုံ့ပြန်ဖို့လည်း နှာခေါင်းက ဒီနည်းလမ်းကိုပဲ အသုံးပြုတာပါ။ နှာခေါင်းပိတ်တဲ့အခါ ဘေဘီလေးတွေမှာ

  • အသက်ရှူရခက်တာ
  • အသက်ရှူတဲ့အခါ တရွှီရွှီမြည်တာမျိုးတွေ ကြားရတာ
  • နို့မစို့ဘဲ ငိုနေတာ
  • ပုံမှန်ထက် အသက်ရှူနှုန်း မြန်နေတာ
  • နှာခေါင်းထဲမှာ ချွဲတွေ ပိတ်နေတာ
  • ချောင်းဆိုးတာ
  • အိပ်နေစဉ်မှာ အသက်ရှူသံ ပြင်းတာ၊ ဟောက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။

ဘေဘီလေးတွေမှာဖြစ်တဲ့ နှာစေးနှာပိတ် တာ သက်သာစေဖို့

မိခင်နို့ – သဘာဝဆေးတစ်လက်ပေါ့။ အလွယ်ကူဆုံးနဲ့ အရိုးစင်းဆုံးပါ။ စိတ်အချရဆုံးဆိုလည်း ဟုတ်ပါတယ်နော်။ နည်းလမ်းကတော့ ကလေးရဲ့ နှာခေါင်းထဲကို မိခင်နို့ရည် တစ်စက်၊ နှစ်စက်လောက် ချပေးလိုက်ပါ။ ပြီးရင် ကလေးကို ပခုံးပေါ်မှောက်ပြီး ချီထားလိုက်ပါ။ ခေါင်းလေးကို ခပ်မတ်မတ်လေး ထားပေးဖို့တော့ လိုပါမယ်နော်။ ပြီးရင် ကလေးကို ထိုင်ရက်အနေအထားမှာ ထားပေးပါ။ ချွဲတွေ ပျော်ကျလာပါလိမ့်မယ်။

ဆားရည်ဆားကို ရေနွေးလေးနဲ့ ဖျော်ပြီး နှာခေါင်းထဲကို တစ်စက်၊ နှစ်စက်လောက် ချပေးလိုက်ပါ။ ရေတစ်ဘူးစာကို ဆား လက်ဖက်ရည်ဇွန်းနဲ့ ၄ ပုံတစ်ပုံပဲရောစပ်ရမှာပါနော်။

အစိုဓာတ်ထိန်းစက်လေး ဖွင့်ပေးပါ – ကလေးအိပ်နေတဲ့ နေရာနားလေးမှာ အစိုဓာတ်ထိန်းစက်လေး ဖွင့်ပေးတာ၊ ကလေးဆော့တတ်တဲ့နေရာမှာ အစိုဓာတ်ထိန်းစက်လေး ဖွင့်ပေးတာမျိုးကလည်း ကလေးကို နှာစေးနှာပိတ် သက်သာစေမှာပါ။

ရေနွေးငွေ့ခံပေးပါ – ကလေးကို ခပ်နွေးနွေး ရေဇလုံထဲ ထည့်ပြီး ရေနွေးငွေ့ ခံပေးတာမျိုး လုပ်ပေးပါ။ နို့တိုက်ရင်းဖြစ်ဖြစ်၊ မိခင်က ချီထားရင်းဖြစ်ဖြစ် မိနစ် ၂၀လောက်ရေနွေးငွေ့ခံပေးပါ။ ဒါကလည်း ကလေး နှာစေးနှာပိတ်တာကို သက်သာစေမယ့်နည်းလမ်းတစ်ခုပေါ့။ အပူမလောင်အောင်တော့ သတိထားရပါမယ်။

နှာခေါင်းတွင်းပိတ်နေတဲ့ ချွဲတွေကို ဖယ်ရှားပေးပါ – ကလေးရဲ့ နှာခေါင်းတွင်းထဲနဲ့ အပြင်ဘက်မှာ နှပ်ချေးတွေ ချွဲတွေ ကပ်နေနိုင်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဂွမ်းစမှာ ရေနွေးနွေးလေးစွတ်လို့ သေချာဂရုတစိုက်လေး ဖယ်ရှားပေးပါ။

ကျောလေးကို ခပ်ဖွဖွလေးပုတ်ပေးပါ -ကျောလေးကို ခပ်ဖွဖွလေးပုတ်ပေးတာကလည်း ကလေး နှာစေးတာကို သက်သာစေနိုင်ပါတယ်။ ကလေးကို ပေါင်ပေါ်မှာမှောက်ရက်အနေအထား တင်ထားပြီး ကျောလေးကို လက်ဖဝါးသုံးလို့ ခပ်ဖွဖွလေး ပုတ်ပေးပါ။ ပြီးရင် ကလေးကို ပေါင်ပေါ်မှာ ထိုင်ခိုင်းပြီး ခန္ဓာကိုယ်ကို အရှေ့ဘက်ကို ၃၀ ဒီဂရီလောက် ကိုင်းထားပေးပါ။ ဒီလိုလုပ်တာက ချွဲတွေကို ပျော်စေပြီး ပြင်ပကို ထွက်လာစေမှာပါ။ နှာခေါင်းပိတ်တာကို သက်သာစေဖို့ အသုံးဝင်တဲ့ နည်းလေးတစ်ခုပေါ့။

ဘေဘီလေးတွေမှာဖြစ်တဲ့ နှာစေးနှာပိတ် အတွက် ဆေးတိုက်ဖို့ကလည်း ငယ်လွန်းသေးတယ်ဆိုရင်တော့ ဒီနည်းလေးတွေက အသုံးတည့်မှာပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

5 Ways to Treat Your Baby’s Stuffy Nosehttps://www.webmd.com/parenting/baby/features/baby-stuffy-nose Accessed Date 18 February 2019

7 Doctor-Approved Home Remedies to Relieve Baby Congestionhttps://www.thebump.com/a/baby-congestion Accessed Date 18 February 2019

How to Treat Nasal and Chest Congestion in a Newbornhttps://www.healthline.com/health/newborn-congestion Accessed Date 18 February 2019

ယခုပုံစံ

19/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေဘီလေးတွေ အော့အန်ရင်

ဉာဏ်ကောင်းတဲ့ ဘေဘီလေး မွေးဖွားလာစေဖို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ